ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲတွေပြင်းထန်နေချိန် တရုတ်ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီး အောက်တိုဘာ ၃၀ ရက်က မြန်မာနိုင်ငံကို ရောက်ရှိလာပြီး နှစ်နိုင်ငံ နယ်စပ်ဒေသလုံခြုံရေးနဲ့ အွန်လိုင်း လိမ်လည် လောင်းကစားမှုတွေ ပူးပေါင်းတိုက်ဖျက်ရေး ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
တရုတ်နိုင်ငံတော်ကောင်စီဝင်၊ ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီး မစ္စတာဝမ်ရှောက်ဟုန်ဟာ မြန်မာ စစ်ခေါင်းဆောင်နဲ့လည်း တွေ့ဆုံပြီး လတ်တလော ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲအကြောင်း ဆွေးနွေးဖွယ်ရှိတယ်လို့ ခန့်မှန်းရပါတယ်။
တရုတ်နိုင်ငံတော်ကောင်စီဝင်၊ ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီးဌာန ဝန်ကြီး မစ္စတာ ဝမ်ရှောက်ဟုန် နဲ့ ဒုတိယဝန်ကြီးအဆင့် ပုဂ္ဂိုလ်တွေ၊ ညွှန်ကြားရေးမှူးချုပ်တွေနဲ့ အဆင့်မြင့်အရာရှိတွေပါတဲ့ တရုတ်အစိုးရ ကိုယ်စားလှယ်အဖွဲ့ဟာ စစ်ခေါင်းဆောင်နဲ့ မတွေ့မီ ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်တဲ့အဖွဲ့နဲ့ မနေ့ ညနေက နေပြည်တော် Horizon Lake View ဟိုတယ်မှာ အလွတ်သဘော တွေ့ဆုံဆွေးနွေးကြတယ်လို့ သိရပါတယ်။
စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းလည်း တရုတ်နိုင်ငံကို (၇) ကြိမ်မြောက် တရားဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာဝန်ကြီးအဆင့် အစည်းအဝေး တက်ရောက်ဖို့ အောက်တိုဘာ ၂၈ ရက်ကတည်းက ရောက်နေတာဖြစ်ပါတယ်။
အဲဒီအစည်းအဝေးမှာ နှစ်နိုင်ငံ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ လူမှောင်ခိုမှု၊ ဆက်သွယ်ရေးစနစ် အသုံးပြုလိမ်လည်မှု၊ ဆိုက်ဘာရာဇဝတ်မှု၊ ငွေကြေးခဝါချမှု၊ နယ်စပ်ဖြတ်ကျော် လောင်းကစားမှု၊ မူးယစ်ဆေးဝါးမှုနဲ့ လူကုန်ကူးမှုလို နိုင်ငံဖြတ်ကျော်မှုခင်းတွေ ပူးပေါင်းတိုက်ဖျက်ရေး၊ လန်ချန်း-မဲခေါင်လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်တွေ ပူးပေါင်းဆောင်ရွက်ရေး၊ စီမံကိန်းကြီးများလုံခြုံရေး၊ တရုတ်နိုင်ငံသားတရား ခံပြေးတွေ ဖမ်းဆီးရေးဆိုင်ရာကိစ္စတွေ ပူးပေါင်းကူညီ ဆောင်ရွက်ပေးရေးကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီ ပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။
ဒါ့အပြင် ဗိုလ်ချုပ်ကြီး တင်အောင်စန်းအနေနဲ့လည်း တရုတ်နိုင်ငံမှာ တရုတ်ဗဟိုစစ်ကော်မရှင် ဒုဥက္ကဋ္ဌနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့လည်း သိရပါတယ်။
PHOTO-MOI