Home
ဆောင်းပါး
စစ်ပွဲမရှိတဲ့အရပ်
DVB
·
October 30, 2023

“စစ်ပွဲမရှိတဲ့ အရပ်မှာ သာမန်ကလေးတယောက်လိုပဲ ကျမ နေသွားချင်တယ်”တဲ့။ ကုလသမဂ္ဂ အကူအညီပေးရေးကျောင်းမှာ ခိုလှုံနေထိုင်နေတဲ့ ဂါဇာက ပါလက်စတိုင်း မိသားစုဝင်တွေထဲက ဆယ်ကျော်သက်မလေးက ပြောခဲ့တာပါ။

စစ်ပွဲ သုံးရက်မြောက်နေ့မှာ အပစ်အခတ်ရပ်စဲရေး အခွင့်အလမ်း နည်းပါးနေဆဲဖြစ်တဲ့ ဂါဇာကမ်းမြောင်ဒေသက ဒေသခံ ဒါဇင်ပေါင်းများစွာဟာ ကုလသမဂ္ဂ ကယ်ဆယ်ရေးနဲ့ အလုပ်အကိုင်အေဂျင်စီ-အန်ရဝါကျောင်းမှာ ခိုလှုံနိုင်ဖို့ နေအိမ်တွေကို စွန့်ခွာ ထွက်ပြေးခဲ့ကြပါတယ်။

ကုလသမဂ္ဂကျောင်းမှာ ခိုလှုံနေသူတဦးဖြစ်တဲ့ အစ္စရာအယ်လ်ကွစ်စ်ဟာဝီက “စစ်ပွဲက အံ့ဩစရာကြီး မြန်မြန်ရောက်လာတယ်။ ကျောင်းတက်တော့ ပင်လယ်ထဲ ဒုံးပျံကျတဲ့အချိန်၊ ဒါ လေ့ကျင့်ရေးပဲလို့ ထင်ခဲ့တာ။ ဒါပေမဲ့ အဲဒါက တကယ့်ဒုံးပျံပဲ။ စစ်ပွဲတွေ ဆက်ဖြစ်နေတာက ထင်ရှားတယ်။ စစ်ပွဲတွေ ချက်ချင်းကြီးဖြစ်လာတော့ ကျမတို့ ကြောက်တယ်” လို့ ပြောပါတယ်။

အသက် ၁၃ နှစ်အရွယ် ဆယ်ကျော်သက်ကလေးမတယောက်ဖြစ်တဲ့ အစ္စရာအယ်လ်ကွစ်စ်ဟာဝီက လူများပြားလာတဲ့ စာသင်ခန်းတွေမှာ အိပ်စက်ရတာနဲ့ ရေမရှိတဲ့ အိမ်သာသုံးနေရမှုတွေကို ထုတ်ဖော် ပြောပြပါတယ်။

“ရေချိုးခန်းမှာလည်း ရေမရှိဘူး။ ရွံစရာကောင်းတယ်။ မသန့်ရှင်းတဲ့အတွက် အဖုပေါက်ပြီး စက်ဆုပ်ရွံရှာတယ်၊ ပြပါရစေ၊ ဒီမှာ ရေမရှိဘူး။”

အောက်တိုဘာ ၉ ရက်နေ့မှာ အစ္စရေးစစ်တပ်က ဂါဇာကမ်း‌မြောင်ရှိ ရာနဲ့ချီတဲ့ ဟားမတ်စ်နဲ့ အစ္စလာမ္မစ် ဂျီဟတ်ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့သလို အစ္စလာမ္မစ် စစ်သွေးကြွတွေကို ဆက်လက်တိုက်ခိုက်ဖို့အတွက် တောင်ဘက်ကိုလည်း တိုက်ခိုက်ရေးတပ်ခွဲလေးခုကို စေလွှတ်ခဲ့ပါတယ်။

ဆက်လက်ပြီး အစ္စရာအယ်လ်ကွစ်စ်ဟာဝီက “သာမန်ကလေးတယောက်လို စစ်ပွဲတွေ မရှိ၊ ဒုံးပျံတွေမရှိတဲ့အရပ်မှာ နေချင်တယ်။ ဒါမှလည်း ကျမတို့အားလုံး ငြိမ်းငြိမ်းချမ်းချမ်း အိမ်ပြန်ရမှာ” လို့ ပြောပါတယ်။
စစ်မက်စတင်ဖြစ်ပွားတဲ့နေ့က စပြီး မြက်ခင်းပြင် နေရာအနှံ့အပြားမှာ ထိခိုက်ပျက်စီးမှုတွေ မြင်ကြရပြီး ဒေသခံတချို့က သူတို့အိမ်နဲ့ စတိုးဆိုင်တွေရဲ့ အပျက်အစီးတွေကြားမှာ သူတို့ရဲ့ပစ္စည်းတွေကို ရှာနေကြပါတယ်။

“ဒီစာသင်ခန်းထဲမှာ လူ ၃၀ လောက်ရှိတဲ့ မိသားစု ၄ စုရှိပြီး အဲဒီအထဲမှာ ကလေး ၁၅ ယောက်လောက် ပါတယ်။ သူတို့က သနားစရာတွေပါ။ အစားအသောက်နဲ့ ရေအိမ်သုံးပစ္စည်းတွေ လိုနေတယ်” လို့ ကုလသမဂ္ဂကျောင်းမှာ ခိုလှုံနေသူ နောက်တဦးဖြစ်တဲ့ မိုဟာမက်ကွစ်စ်ဟာဝီက ပြောပါတယ်။
ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးတို့ရဲ့ တိုက်ပွဲတွေကြောင့် သေဆုံးသူဦးရေဟာ အောက်တိုဘာလ ၉ ရက်နေ့ထိ ၁,၁၀၀ ရှိနေပါပြီ။
အစ္စရေးတပ်ဖွဲ့တွေနဲ့ ဟားမတ်စ်အဖွဲ့တွေကြား တိုက်ပွဲတွေ စတင်ဖြစ်ပွားပြီး နှစ်ရက်အကြာမှာပဲ ဂါဇာကမ်းမြောင်ဒေသအနီးက နေရာခုနှစ်ခု၊ ရှစ်ခုလောက်မှာ တိုက်ပွဲတွေ ဆက်ဖြစ်ခဲ့ပါတယ်။
မိုဟာမက်ကွစ်စ်ဟာဝီက “ကျနော်တို့ဟာ အကြောက်တရားနဲ့ ဆက်တိုက် ရှင်သန်နေရတယ်။ ဘာဖြစ်လာမယ်ဆိုတာ မသိဘူး၊ မယုံနိုင်ဘူး။ အသက် ၃၇ နှစ်ရှိပြီ။ အဲဒီလိုစစ်ပွဲမျိုး တခါမှ မတွေ့ဖူးဘူး။ ဘယ်သူ့ဆီက အကူအညီတောင်းရမှာလဲ၊ နိုင်ငံခြား ဒါမှမဟုတ် အာရပ်နိုင်ငံတွေဆီကလား၊ ကျနော်တို့နဲ့အတူ ဘယ်သူတွေ ရပ်တည်ပေးမှာလဲ” လို့ ပြောပါတယ်။

ဟားမတ်စ် တိုက်ခိုက်ရေးသမားတွေဟာ လွန်ခဲ့တဲ့နှစ် ၅၀ တိတိက အီဂျစ်နဲ့ ဆီးရီးယားတို့ အစ္စရေးကို စတင်တိုက်ခိုက်ခဲ့တဲ့ ယွမ်ကစ်ပူးစစ်ပွဲနောက်ပိုင်း အသေအပျောက် အများဆုံး စီးနင်းတိုက်ခိုက်မှုကို စတင်ခဲ့တာပါ။ အစ္စရေးပိုင်နက်အတွင်းမှာ အစ္စရေးလူ ၇၀၀ သေဆုံးခဲ့ပြီး ဒါဇင်နဲ့ချီ ပြန်ပေးဆွဲခံခဲ့ရပါတယ်။

ဟားမတ်စ် တိုက်ခိုက်ရေးသမားတွေဟာ ဂါဇာကနေ အစ္စရေးကို ဆက်လက် ဖြတ်ကျော် ဝင်ရောက်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။

အဲဒီနောက် အစ္စရေး တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေဟာ ဂါဇာက ဟားမတ်စ်နဲ့ အစ္စလာမ္မစ် ဂျီဟတ်ပစ်မှတ် ၅၀၀ ကျော်ကို ညတွင်းချင်း ပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။

ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက စနေနေ့ကစလို့ တိုက်ခိုက်မှုတွေမှာ ကလေးတွေ အပါအဝင် လူပေါင်း ၄၀၀ ကျော် သေဆုံးခဲ့ပြီး လူနေအိမ်ယာဝင်းတခုနဲ့ ဗလီတလုံးကိုလည်း ထိမှန်တယ်လို့ ပြောပါတယ်။

အစ္စရေးတပ်ဖွဲ့ဝင် တသိန်းလောက်ကို ခေါ်ယူထားကြောင်း စစ်ဘက်ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး ဂျိုနသန်ကွန်ရီကပ်က ပြောကြားခဲ့ပါတယ်။

နောက်ဆုံးသတင်းတွေအရ အစ္စရေးအရန်တပ်ဖွဲ့ဝင် သုံးသိန်းကျော် ခေါ်ယူထားပြီး ဂါဇာထဲကို မြေပြင်ထိုးစစ်ဝင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ အစ္စရေးစစ်ဘက်က ပြောပါတယ်။

“ဘယ်နေရာမှာမှပုန်းလို့မလွတ်ဘူး”လို့ ကျောင်းမှာ ခိုလှုံနေတဲ့ ဂါဇာမြို့ခံက ပြောပါတယ်။ 

လူနေထူထပ်လှတဲ့ ဂါဇာကမ်းမြောင် မြောက်ပိုင်းက ပါလက်စတိုင်းဒေသခံတွေကို အီဂျစ်နဲ့ နယ်မြေချင်း ထိစပ်နေတဲ့ ဂါဇာတောင်ပိုင်းကို အမြန်ရွှေ့ပြောင်းကြဖို့ အစ္စရေးဘက်က ပြောဆိုနေတာကြောင့် ဂါဇာမြို့ခံတွေဟာ ပစ္စည်းတွေထုပ်ပိုးပြီး ကုလသမဂ္ဂက စောင့်ရှောက်ပေးနေတဲ့ ကျောင်းမှာ ခိုလှုံနေထိုင်ဖို့ အောက်တိုဘာ ၁၄ ရက်က ရောက်ရှိလာကြပါတယ်။ အစ္စရေးတပ်ဖွဲ့တွေဟာ ဟားမတ်စ်က ထိန်းချုပ်ထားတဲ့ ဂါဇာကမ်းမြောင်ကို မြေပြင်ထိုးစစ်ဆင်နွှဲဖို့ အကြီးအကျယ် ပြင်ဆင်နေပါတယ်။

ဂါဇာမြို့ခံ ဖာဒီဒယ်လူးက “ညဘက် အထိတ်တလန့်နဲ့ နေနေရတုန်းမှာ အစ္စရေးတွေက လက်ကမ်းစာစောင်တွေ ကြဲချတယ်။ အပြင်မထွက်ရဲဘူး။ တောင်ဘက်ကို ထွက်သွားကြလို့ သူတို့က ပြောပေမယ့် သွားစရာ ဘာမှမရှိဘူး။ ဆလာအယ်ဒင်လမ်းမကြီးက လမ်းပိတ်ထားတယ်။ ယာဉ်ကြောပိတ်ဆို့မှု ဖြစ်နေတယ်။ တချို့ကားတွေ ဗုံးထိတယ်။ ညဘက်မှာ ကလေးတွေက ဖက်ထားပြီး “ကယ်ပါ ကယ်ပါ” လို့ အော်ငိုကြတယ်။ သူတို့ကို ဘယ်လိုလုပ်ပြီး ကယ်နိုင်မှာလဲ။ အိမ်ကထွက်လာတော့ လမ်းမှာတွေ့တဲ့ နံရံတွေကို နမ်းလိုက်တယ်။ ဒါက ဘယ်လောက်ကြာမယ် မသိနိုင်တဲ့ ရွှေ့ပြောင်းမှု ဖြစ်ပါတယ်။ ကျနော်တို့ ဘယ်လို အသက်ရှင်နေတယ်ဆိုတာ ကမ္ဘာကြီးက မြင်နိုင်ပါစေ။ ကျနော်တို့မှာ ကိုယ်ပိုင်အိမ်၊ နံရံတွေ ရေတွေ ရှိပေမယ့် အခုက တဲတလုံးထဲမှာ နေနေရတယ်”လို့ပြောပါတယ်။

ကလေးခြောက်ယောက် ဖခင် ဖာဒီဒယ်လူးဟာ အစ္စရေးမြေပြင်တပ်တွေ ဝင်ရောက် တိုက်ခိုက်ဖို့ ရှိနေတဲ့ ဂါဇာမြောက်ခြမ်းကနေ စနေနေ့က ထွက်ပြေးလာတဲ့ ထောင်ပေါင်းများစွာသော ပါလက်စတိုင်းတွေထဲက တဦးဖြစ်ပါတယ်။

ဂါဇာမြောက်ခြမ်းတခုလုံးကို အဆက်မပြတ် ဗုံးကြဲနေတဲ့ အစ္စရေးက လူတွေ ထွက်ပြေးဖို့အတွက် လမ်းကြောင်းနှစ်ခု ဖွင့်ပေးထားတယ်လို့ ဖာဒီဒယ်လူးက ဆက်လက်ပြောပါတယ်။

“နေရထိုင်ရတာ တအားကို စိတ်ဖိစီးတယ်။ အရင်က ဒါမျိုးတခါမှ မကြုံဖူးဘူး။ ခြိမ်းခြောက်မှု အကြီးကြီးနဲ့ ကြုံနေရတယ်။ ကလေးတွေကို ကြည့်ပါဦး။ သူတို့ကို ဘယ်ခေါ်သွားရမှာလဲ။ ဒီနေ့အိမ်က ထွက်လာတော့ လမ်းမပေါ်မှာ ကားတွေ မီးလောင်နေတာတွေ့တယ်။ အန္တရာယ်ကင်းတဲ့ တောင်ဘက်ကို ရောက်လာတဲ့အတွက် အလ္လာအရှင်ကို ကျေးဇူးတင်ပါတယ်။”

ဟားမတ်စ်အဖွဲ့ဝင်တွေရဲ့ အစ္စရေးနိုင်ငံသားတွေအပေါ် တရားလက်လွတ် တိုက်ခိုက်တာကို လက်တုံ့ပြန်တဲ့အနေနဲ ဂါဇာကို ထိန်းချုပ်ထားတဲ့ ဟားမတ်စ်အဖွဲ့ကို အပြီးတိုင် ချေမှုန်းသွားဖို့ အစ္စရေးက သန္နိဋ္ဌာန်ချထားပါတယ်။

ဒယ်လူးရဲ့ သမီးဖြစ်သူ ဆဟာဒယ်လူးက “အနားမှာ လူတွေမရှိရင် ကြောက်တယ်။ ညဘက်ဆို အဖေ့ကို ဖက်ပြီးအိပ်တယ်။ ဘယ်ကို သွားနေရမလဲ။ လေယာဉ်နဲ့ ဗုံးကြဲနေတာက လွတ်တဲ့နေရာ မရှိဘူး။ ကျမတို့ ဘဝတခုလုံး ဆင်းရဲဒုက္ခရောက်နေတယ်။ ဘယ်လိုနေရမှန်း မသိတော့ဘူး။ ကျမတို့ကို ကယ်တင်မယ့်သူ၊ စောင့်ရှောက်မယ့်သူ တယောက်မှမရှိဘူး။ ဘယ်လို ဆက်ပြီး အသက်ရှင်မလဲ။ ကျမတို့ အမြဲကြောက်နေရတယ်။ ဘယ်ကို သွားရမလဲမသိဘူး”လို့ ပြောပါတယ်။

ဂါဇာမြို့ခံ ဖာဒီဒယ်လူးကလည်း “တအား စိတ်ဓာတ်ကျနေပြီ။ တနေ့လုံး တညလုံး ငိုနေရတယ်။ ကလေးတွေလည်း ဘယ်သွားရမှန်း မသိတော့ဘူး။ ကာကွယ်ပေးသင့်တယ်။ ကျနော်တို့အားလုံး နိုင်ငံတခု ရသင့်တယ်။ တခြားနိုင်ငံတွေကြားမှာ လုံခြုံပြီး ငြိမ်းချမ်းတဲ့ နိုင်ငံတခုအနေနဲ့ နေချင်တယ်။ ငြိမ်းချမ်းရေးကိုပဲ လိုချင်တယ်၊ စစ်ကို မလိုချင်ဘူး”လို့ ပြောပါတယ်။

အောက်တိုဘာ ၁၇ ရက်က ဟားမတ်စ်တိုက်ခိုက်ရေးသမားတွေဟာ အစ္စရေးမြို့တွေကို အလစ်အငိုက် ဝင်စီးပြီး အရပ်သားတွေကို သတ်ဖြတ်တာ၊ ဖမ်းဆီးခေါ်ဆောင်သွားတာတွေ လုပ်ခဲ့ကြတာဟာ အစ္စရေးနိုင်ငံ သမိုင်းမှာ အဆိုးရွားဆုံးဖြစ်ခဲ့တဲ့ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်ခံရမှုကြီး ဖြစ်ပါတယ်။

လူ ၁၃၀၀ သေဆုံးရတဲ့ တိုက်ခိုက်မှုက အစ္စရေးတွေကို အကြီးအကျယ် ထိတ်လန့်တုန်လှုပ်စေခဲ့ပြီး သတ်ဖြတ်မှုအတိုင်းအတာရဲ့ ကြောက်စရာကောင်းပုံတွေကို ဖော်ပြတဲ့ မိုဘိုင်းဖုန်းမှတ်တမ်းတွေ၊ မြို့ပြတွေက ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ အရေးပေါ်ကုသရေး ဝန်ဆောင်မှုဌာန အစီရင်ခံစာတွေ ပေါ်ထွက်လာခဲ့ပါတယ်။

ဒါကိုလက်တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးစစ်ဘက်ဟာ ပါလက်စတိုင်းသား ၂ ဒသမ ၃ သန်း နေထိုင်ရာ ဂါဇာကမ်းမြောင်ကို အလုံးစုံပိတ်ဆို့ပြီး တိုက်လေယာဉ်တွေပေါ်က ဗုံးကြဲမှုတွေနဲ့ အမြောက်ကြီး ပစ်ခတ်မှုတွေကို အကြီးကျယ်ဆုံး လုပ်ဆောင်ခဲ့ကြပါတယ်။ အစ္စရေးရဲ့ ခုလိုတိုက်ခိုက်မှုဟာ ဂါဇာကမ်းမြောင်ကို တိုက်ခိုက်ခဲ့ဖူးသမျှတွေထဲမှာ မကြုံဖူးလောက်အောင် အပြင်းထန်ဆုံး ဗုံးကြဲမှု ဖြစ်ပါတယ်။

အစ္စရေးရဲ့ပစ်ခတ်မှုကြောင့် အောက်တိုဘာ ၃၀ ရက်အထိ ဂါဇာမှာ သေဆုံးခဲ့တဲ့ ပါလက်စတိုင်းပြည်သူ ၈၀၀၀ ကျော်အထိရှိလာပြီး လူပေါင်း အဲဒီအထဲမှာအများစုက အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေ ဖြစ်ကြကာ လူ ၁၀,၀၀၀  ဒဏ်ရာရခဲ့တယ်လို့ ဂါဇာအာဏာပိုင်တွေက ပြောပါတယ်။

ညအချိန် လေကြောင်းတိုက်ခိုက်မှုကြောင့် အသက်ရှင်ကျန်ရစ်သူတွေကို ကယ်ဆယ်ရေးသမားတွေက ရှာဖွေကယ်ဆယ်နေကြပြီး ဂါဇာကမ်းမြောင် မြောက်ပိုင်းနေ လူတသန်းလောက်က သူတို့နေအိမ်တွေကို စွန့်ခွာသွားကြပြီ ဖြစ်ပါတယ်။

Source: Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024