ရှမ်းပြည်မြောက်ပိုင်း သိန္နီမြို့တွင်းနဲ့ အနီးနားတဝိုက်ကျေးရွာတွေမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်ကစ ဒီမနက်ထိ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်တွေ တိုက်ပွဲဖြစ်ပြီး ရွာထဲလက်နက်ကြီးကျလို့ နေအိမ်တွေပျက်စီးခဲ့ရသလို ပြည်သူ ၇ ဦးထက်မနည်း လက်နက်ကျည်ထိမှန် ဒဏ်ရာရကာ ထောင်နဲ့ချီ အိုးပစ်အိမ်ပစ် ထွက်ပြေး နေရပါတယ်။
သိန္နီမြို့နယ် ခူးဝိန်းကျေးရွာနဲ့ တိုက်ယက်ကျေးရွာမှာ မနေ့ည လူတွေ အိပ်မောကျချိန် လက်နက်ကြီးကျလာပြီး နေအိမ် ၁၀ လုံးထက်မနည်း ပျက်စီးသလို လူ ၄ ဦးလောက် ဒဏ်ရာရသွားတယ်လို့ အဝေးရောက် ခူးဝိန်းရွာသူတစ်ဦးက ပြောပါတယ်။
“ကျမကထိုင်းမှာအလုပ်လာလုပ်တာပါ။ မနေ့ညက ရွာထဲလက်နက်ကြီးကျတယ်လို့ အိမ်က အကြောင်းကြားလာတယ်။ ရွာထဲကအိမ်တွေအများကြီးပျက်စီးတယ်။ လူ ၄ ယောက်လောက် လက်နက်ကြီးထိတယ်လို့ပြောတယ်။ အခုကျမတို့ အဖေအမေတွေရော တရွာလုံး တိုက်ယက်ဘုန်းကြီးကျောင်းမှာ သွားရှောင်နေကြပြီ။”
ဒီမတိုင်ခင် သိန္နီမြို့ ကောင်းဟော်ရပ်ကွက်ထဲမှာလည်း အောက်တိုဘာ ၂၈ ရက် မနက် ၇ နာရီ ကျော်က အိမ်ဝင်းတစ်ခုထဲ လက်နက်ကြီးကျပြီး အိမ် ၂ လုံးထိခိုက်ပျက်စီးကာ ကလေး ၁ ယောက် ၊ လူကြီး ၁ ယောက် လက်နက်ကြီးထိမှန်ဒဏ်ရာရသွားတယ်လို့ ကောင်းဟော်ရပ်ကွက်နေ ပြည်သူ တဦးက ပြောပါတယ်။
“အဲဒီအိမ်ဝင်းထဲမှာ အိမ် ၄ လုံးရှိတာ ၂ လုံးက လက်နက်ကြီးကျည် ထိမှန်ပျက်စီးသွားတယ်၊ အသက် ၇၀ ကျော်အဖိုးတစ်ယောက် ခြေထောက်မှာထိမှန်ပြီး ၉ နှစ်သားလေးတစ်ယောက်က နောက်ကျောဘက် လည်ပင်းနားထိတယ်၊ ကျမတို့ အိမ်ထဲကအိမ်ပြင်မထွက်ရဲတော့ သွားမကြည့် ရပါဘူး။ အိမ်တွင်းအောင်းနေတာ ၄ ရက်လောက်ရှိပြီ၊ ရှိတာလေးကို ချွေတာစားရတယ်၊ သူများတွေက ဘုန်းကြီးကျောင်းမှာ သွားနေတယ်။ ကျမတို့အိမ်မှာ လူနာလည်းရှိတော့ လူနာကို ခေါ်သွားလို့လည်းမရ။ လူနာကို ပစ်ပြီးတော့လည်း သွားလို့မရ၊ ဒီလိုပဲ သေနတ်သံတွေ နားထောင်ပြီးနေနေရတယ်။”
အောက်တိုဘာ ၂၇ ရက်ကလည်း ဆွန်ခိုင်းရွာ ဘုန်းကြီးကျောင်းအနီးမှာ လက်နက်ကြီးကျပြီး အသက် ၄၀ ကျော်ရှိ လုံးပန်းမောင်ဆိုသူ ရွာသား ၁ ဦးသေဆုံးခဲ့ပြီး တရွာလုံး နားဆော့ကျေးရွာဘုန်းကြီးကျောင်းမှာ တိမ်းရှောင်နေကြတယ်လို့ သိန္နီဒေသခံက ပြောပါတယ်။