ဟားမတ်စ်ဆန့်ကျင်ရေးစစ်ပွဲရဲ့ အဓိကအာရုံစိုက်ရာနေရာ ဂါဇာကမ်းမြောင်ဒေသက ပါလက်စတိုင်းတွေကို တောင်ဘက်ရွှေ့ဖို့ တောင်းဆိုချက်ဟာ အခုအရေးတကြီးကိစ္စ ဖြစ်လာပြီလို့ အစ္စရေးစစ်တပ်က အောက်တိုဘာ ၂၉ ရက်မှာ ပြောလိုက်ပါတယ်။
"ပြီးခဲ့တဲ့ နှစ်ပတ်အတွင်း ဂါဇာကမ်းမြှောင်မြောက်ပိုင်းနဲ့ ဂါဇာစီးတီးက ဒေသခံတွေကို တောင်ဘက် ခဏရွှေ့ဖို့ တောင်းဆိုထားပါတယ်။ တောင်ဘက်ကို ရွှေ့ပြောင်းတာဟာ သူတို့ရဲ့ လုံခြုံရေး အတွက်ပါ" လို့ အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ်ကြီး ဒယ်နီယယ် ဟာဂါရီက ပြောပါတယ်။
“ဒါဟာ အရေးတကြီး ဆော်ဩချက်ပါလို့ ဒီနေ့ ကျနော်တို့ အလေးပေး ပြောကြားလိုက်ပါတယ်" လို့ သူက ရုပ်မြင်သံကြားကနေ ထုတ်လွှင့်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။
အစ္စရေးတောင်ပိုင်းမှာ ဟားမတ်စ်တို့ရဲ့ အောက်တိုဘာ ၇ ရက် နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုနောက်ပိုင်း ဂါဇာမှာ ဓားစာခံအဖြစ် အဖမ်းခံထားရသူ အရေအတွက် ၂၃၉ ဦးအထိ မြင့်တက်လာခဲ့တယ်လို့ ဟာဂါရီက ပြောပါတယ်။
အစ္စရေးစစ်တပ်က ဟားမတ်စ်ကို စစ်ဆင်ရေး အရှိန်မြှင့်နေလို့ အောက်တိုဘာ ၂၉ ရက်မှာ ဂါဇာကမ်းမြောင် ဒေသအတွင်း မီးခိုးမြူတွေ ဖုံးနေပါတယ်။
အစ္စရေးဟာ ဂါဇာမှာ မြေပြင်စစ်ဆင်ရေးတွေ တိုးချဲ့လုပ်ဆောင်နေပြီး တိုက်လေယာဉ်တွေကလည်း ဟားမတ်စ်ပစ်မှတ် ရာနဲ့ချီကို တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က အောက်တိုဘာ ၂၉ ရက်မှာ ပြောပါတယ်။
ဒါဟာ သီတင်းပတ် ၃ ပတ်ကြာ စစ်ပွဲရဲ့ ဒုတိယအဆင့်လို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ပြောပါတယ်။
ဂါဇာကို ထိန်းချုပ်ထားတဲ့ ဟားမတ်စ်အဖွဲ့ရဲ့ ပစ်မှတ်တွေကို အစ္စရေးက ချေမှုန်းလိုက်တဲ့အတွက် နေ့တာထက်ပိုပြီး မီးပျက်ပြီးနောက် ဂါဇာမှာ တယ်လီဖုန်းနဲ့ အင်တာနက် ဆက်သွယ်မှု တစိတ်တပိုင်း ပြန်လည်ရရှိခဲ့ပါတယ်။
Source/Photo-Reuters