Home
သတင်းဓာတ်ပုံ
မြန်မာအရေးကို ကမ္ဘာက ပိုမိုအာရုံစိုက်လာရန် ကနေဒါ၌ ဓာတ်ပုံပြပွဲကျင်းပ
DVB
·
October 30, 2023

ဂါဇာနဲ့ ယူကရိန်းစစ်ပွဲအရေးတွေ အောက်မှာ မှေးမှိန်ပျောက်ကွယ်နေတဲ့ မြန်မာ့အရေးကို နိုင်ငံတကာက ပိုမိုအာရုံစိုက်လာဖို့နဲ့ မြန်မာစစ်ဘေးရှောင်ပြည်သူတွေအတွက် ကူညီထောက်ပံ့ဖို့ ရန်ပုံငွေရှာတဲ့ ဓာတ်ပုံပြပွဲတခုကို ကနေဒါနိုင်ငံ၊ ဗြိတိသျှကိုလံဘီယာပြည်နယ်၊ ဗန်ကူးဗားမြို့၊ ဆာရေးစာကြည့်တိုက်မှာ ဒေသစံတော်ချိန် အောက်တိုဘာ  ၂၉ ရက်က ကျင်းပပါတယ်။

"WHAT'S HAPPENING IN BURMA "လို့ အမည်ပေးထားတဲ့ ဓာတ်ပုံပြပွဲမှာ မြန်မာပြည်စစ်အာဏာသိမ်းမှုကို အကြမ်းမဖက် ငြိမ်းချမ်းစွာဆန့်ကျင် ဆန္ဒပြခဲ့ကြတဲ့ ပြည်သူတွေရဲ့ပုံရိပ်တွေ၊ မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်နှိပ်နင်းမှုပုံရိပ်တွေ၊ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေကျေဒဏ်ရာရ ပျက်စီးသွားတဲ့ မုန်လိုင်ခက် စစ်ဘေးရှောင်စခန်းက ပုံရိပ်တွေ၊ တိုင်းရင်းသား ဒေသတွေမှာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရတဲ့ အမျိုးသမီးနဲ့ ကလေးတွေအပါအဝင် ပြည်သူလူထုတွေရဲ့ ပုံရိပ်တွေကို ခင်းကျင်းပြသထားပါတယ်။

မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ဖြစ်ပျက်ခဲ့တာတွေနဲ့ လက်ရှိဖြစ်ပျက်နေတဲ့ အကြောင်းရာတွေ၊ မြန်မာပြည်သူတွေ ခံစားနေရတဲ့ စိတ်မချမ်းမြေ့စရာတွေ၊ အကြမ်းဖက်ခံရမှုတွေနဲ့ ပတ်သက်တဲ့ ဓာတ်ပုံတွေကို  ကနေဒါကလူတွေသိအောင်  အားလုံး အတူအတူတကွ ကြိုးပမ်းအားထုတ် ပြသနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်လို့ ဒီပြပွဲမှာ ပါဝင်ကူညီဆောင်ရွက်ပေးနေတဲ့ ဗန်ကူးဗားမြို့က ကွန်မြူနတီကျောင်းဆရာမ အေမီမျိုးက ပြောပါတယ်။

“လက်ရှိ ကမ္ဘာမှာဖြစ်ပျက်နေတဲ့ အကြောင်းကိစ္စတွေမှာ ဂါဇာ၊ ပါလက်စတိုင်း ၊ အစ္စရေးနဲ့ ယူကရိန်း သတင်းတွေပဲတွေ့ရတယ်။ မြန်မာပြည်မှာ ဘာတွေဖြစ်နေလဲ၊ ဘာတွေဖြစ်ခဲ့လဲဆိုတာ ဘယ်သူမှ မပြောကြဘူး။ သတင်းတွေလည်း ထုတ်လွှင့်ကြတာမရှိလို့ နည်းနည်း စိတ်ပျက်အားလျော့စရာကောင်းတယ်။ မြန်မာပြည်မှာ ဘာတွေဖြစ်နေတယ်၊ သူလို့လည်း အကူအညီနဲ့ အထောက်အပံ့တွေလိုအပ်နေတယ်ဆိုတာ လူတွေသိရှိပျံ့နှံ့သွားအောင် ကျမတို့ လုပ်ဆောင်တာ ဖြစ်တယ်။ လူတွေအားလုံး ပြောင်းလဲချင်တဲ့အရာကတော့  မြန်မာပြည်သူတွေ ရသင့်ရထိုက်တဲ့ လွတ်လပ်ခွင့်တွေပေးဖို့နဲ့  စစ်အာဏာရှင်ကို ဖယ်ရှားဖို့ပဲဖြစ်ပါတယ်။”

ဒီပွဲမှာ ကနေဒါရောက် မြန်မာပြည်ဖွား တိုင်းရင်းသားပြည်သူတွေ၊ ကနေဒါ တက္ကသိုလ်နဲ့ ကောလိပ်တွေမှာ ပညာသင်ယူနေကြတဲ့ မျိုးဆက်သစ် ကျောင်းသားလူငယ်တွေနဲ့ မြန်မာ့ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူတွေ တက်ရောက်ခဲ့ကြပါတယ်။

ပြပွဲမှာပါဝင်ကူညီပေးနေတဲ့ Simon Fraser University (SFU) ကျောင်းသား ကိုဟိန်းထက်က“ မြန်မာနိုင်ငံက အဖြစ်အပျက်တွေကို ဒီကနေဒါနိုင်ငံမှာရှိတဲ့သူတွေ ပိုပြီးသိစေချင်တာကြောင့် ဓာတ်ပုံပြပွဲလုပ်ပါတယ်။ မြန်မာပြည်မှာ တကယ်ဘာတွေဖြစ်နေလဲ  ဆိုတာသိရအောင် ဓာတ်ပုံတွေရော ဗီဒီယိုတွေရော ပြတယ်၊ Guest Speaker တွေဖိတ်ပြီးလည်း ဟောပြောတွေ တွေလုပ်ပါတယ်။ ဒါက မြန်မာပြည်သူတွေအတွက် အရေးကြီးတယ်လို့ထင်ပါတယ်။ မြန်မာပြည်မှာ ကျနော်နဲ့ ရွယ်တူ လူငယ်တွေ အများကြီး သူတို့ရဲ့ ပညာရေးတွေ၊ ဘဝတွေကို စွန့်လွှတ်ပြီး လုပ်နေရတဲ့သူတွေအတွက်လည်း ကိုယ်ချင်းစာပါတယ်။ ကနေဒါကလူတွေ မြန်မာနိုင်ငံအကြောင်း ပိုသိလာလေ ပိုပြီးကူဖို့စိတ်ကူးရှိလာအောင်ပါ” လို့ ပြောပါတယ်။

ဒီဓာတ်ပုံပြပွဲမှာ ကနေဒါ လွှတ်တော်အမတ်နဲ့ မြန်မာ့အရေး စိတ်ဝင်စားတဲ့ ကနေဒါနိုင်ငံသား တချို့လည်း လာရောက် ကြည့်ရှုအားပေးခဲ့ကြတာဖြစ်ပါတယ်။

ဗြိတိသျှကိုလံဘီယာပြည်နယ်လွှတ်တော် ဆာရေးမဲဆန္ဒနယ် လွှတ်တော်အမတ် သစ်တောဝန်ကြီး ဘရုစ်ရယ်လ်စတန်က  “ လူတွေအတော်များများက မြန်မာနိုင်ငံအကြောင်း မသိကြဘူး။ မြန်မာပြည်မှာ ဘာတွေဖြစ်နေလဲ သူတို့ တကယ့်ကို မသိကြဘူး။ အခုလို ကြိုးစားအားထုတ်ပြီး  ဓာတ်ပုံပြပွဲကျင်းပတာ၊ NUG အစိုးရဝန်ကြီးတယောက် ဒီသတင်းပတ်အတွင်း ဆာရေးကို လာဖို့ရှိနေတယ်လို့ သိရတယ်။ ဒါတွေဟာ တကယ့်ကို အရေးပါတယ်လို့ ကျနော်ထင်ပါတယ်။ မြန်မာပြည်မှာဘာတွေဖြစ်နေလဲဆိုတာကို လူတွေကိုပြောပြပြီး  ကမ္ဘာကို ဖြန့်ပေးနိုင်လိုက်တယ်လို့ ထင်ပါတယ်။ ရိုဟင်ဂျာတွေရဲ့ အဖြစ်ဆိုးတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂဆိုင်ရာ ကနေဒါသံအမတ် ဘာဘေရေကို ကနေဒါအစိုးရက စုံစမ်းစစ်ဆေးခိုင်းတဲ့ အတွက် လူသိပိုများတယ်။ အခုဒီမှာတော့ မြန်မာတပြည်လုံးနဲ့ ဆိုင်တဲ့အရေးကိစ္စကို ခင်ဗျားတို့ ပြသထားတယ်လို့ ကျနော်နားလည်ပါတယ်။ ကျနော်နဲ့ ကျနော့်ပါတီက စစ်‌ရေးနဲ့ ဖြေရှင်းတာကို မထောက်ခံပါဘူး၊ ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းတာကို ထောက်ခံပါတယ်။ ဒီမှာပြထားတဲ့ ဓာတ်ပုံတွေက သိပ်ကို ခံစားရပါတယ်။ ကမ္ဘာမှာ ကျယ်ကျယ်ပြန့်ပြန့်ပိုသိသင့်ပါတယ်”လို့ ပြောပါတယ်။

ဓာတ်ပုံပြပွဲလာရောက်သူတွေက စစ်ဘေးရှောင်တွေအတွက်ရန်ပုံငွေတွေ  ထည့်ဝင် လှူဒါန်းခဲ့ကြပြီး ဒီဓာတ်ပုံပြပွဲကနေရလာတဲ့ အလှူငွေတွေတွေကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ကနေတဆင့်  ပြည်တွင်းက စစ်ဘေးရှောင်ဒေသတွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေအတွက် လူသားချင်းစာနာမှု အကူအညီတွေ ပေးနိုင်အောင် လှူဒါန်းပေးအပ်မယ်လို့  ပွဲစီစဉ်သူထံက သိရပါတယ်။

ဒီပွဲမှာ ပါဝင်ကူညီဆောင်ရွက်ပေးခဲ့တဲ့ မြန်မာကျောင်းသူတဦးက “ဒီဓာတ်ပုံပြပွဲ ပြုလုပ်တာကြောင့် ဒီကနေဒါမှာရှိတဲ့သူတွေ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ တကယ့် အကြောင်းအရာတွေကို သိရှိသွားနိုင်ပြီး သူတို့တတ်နိုင်တဲ့ အင်အားနဲ့ ကူညီပေးလို့ရအောင်ရယ်၊ ပြည်တွင်းမှာဖြစ်နေတဲ့ စစ်ပွဲအခြေအနေကို သူတို့ သိရှိသွားနိုင်အောင်ရယ်လို့ ရည်ရွယ်ပြုလုပ်ရတာပါ။ ဒါမှ သူတို့ထင်သလို မြန်မာနိုင်ငံဟာ အစစအရာရာ အရင်လို အဆင်ပြေနေတာမဟုတ်ဘဲ စစ်ဘေးသင့်ပြည်သူတွေ၊ မိန်းကလေးတွေ၊ ကလေးငယ်တွေ အနိုင်ကျင့် သတ်ဖြတ်ခံရတာတွေ အရမ်းအများကြီး ရှိနေသေးတယ်ဆိုတဲ့ အသိတွေကို လူတွေကို တတ်နိုင်သလောက် သိစေချင်တယ်။ ဒီပွဲမှာ ပြသတဲ့ ဓာတ်ပုံတွေ ဗီဒီယိုတွေကလည်း မြန်မာပြည်မှာ ဖြစ်နေတဲ့ တကယ့်အကြောင်းအရာတွေပဲဖြစ်တယ်။ ကမ္ဘာ့အရေးမှာ မြန်မာ့အရေးက အရမ်းကို လူစိတ်ဝင်စားမှုနည်းလာပြီး အလေးထားမခံရလို့ လူတွေ ပြန်သိလာအောင်ရယ်၊ သတိထားမိအောင် လုပ်ရတာဖြစ်ပါတယ်။ ဒီပွဲမှာ မြန်မာတွေတင် မဟုတ်ဘဲ တခြားနိုင်ငံက လူမျိုးတွေပါ လာရောက်ပါဝင်ပေးတဲ့ အတွက်လည်း အရမ်း ဝမ်းသာမိပါတယ်။ မြန်မာနိုင်ငံ အကြောင်းကို စိတ်ဝင်တစားလိုက်မေးပြီး အစအဆုံး ပါဝင်ပေးကြတယ်။ သူတို့ ကနေတဆင့် သူတို့ရဲ့ အသိုင်းအဝိုင်းကို ဒီအကြောင်းတွေ ပြောပြပေးပြီး မြန်မာ့အရေးကို လူသိများလာမယ်လို့လည်း မျှော်လင့်ပါတယ်” လို့ပြောပါတယ်။

ဓာတ်ပုံပြပွဲမှာ   ကရင်နီ ဒေသစစ်ပွဲတွေအကြောင်း ရိုက်ကူးထားတဲ့ ဖရီးဘားမားရိန်းဂျားအဖွဲ့ရဲ့   “No Safe Place” ရုပ်သံမှတ်တမ်းကိုပြသခဲ့သလို  The Voice of Hope စာအုပ်ကို ရေးသားခဲ့တဲ့ အမေရိကန်စာရေးဆရာ အယ်လန်ကလဲမန့်စ်ကလည်း အကျဉ်းကျခံနေရတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အကြမ်းမဖက် ဒီမိုကရေစီရေးလှုပ်ရှားမှုအကြောင်းတွေကို ဗီဒီယို ကနေ အမှတ်တရ ပြောကြားခဲ့ပါတယ်။   

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်တွေရဲ့   ရွာမီးရှို့၊ လက်နက်ကြီးနဲ့ ပစ်ခတ်၊ လေယာဉ်နဲ့ ဗုံးကြဲမှုတွေကြောင့် အရပ်သား ပြည်သူတွေရဲ့ နေအိမ်တွေ ၇၅၀၀၀  လောက် ဖျက်ဆီးခံခဲ့ရပြီး စစ်ဘေးရှောင် ပြည်သူ ၂ သန်းကျော်ထိရှိလာတဲ့အပြင် လူဉီးရေ ၁၅ သန်းလောက် စားနပ်ရိက္ခာ အကူအညီ လိုအပ်နေတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။​

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024