Home
မြန်မာသတင်း
ဒိုက်ဦး၊ ပေါက်နှင့် ပခုက္ကူတွင် စစ်ကြောင်းများ တိုက်ခိုက်ခံရ၊ လားရှိုးမှ ဒုံးများအတွဲလိုက်ပစ်နေ
DVB
·
October 29, 2023

စစ်ကောင်စီဘက်က လားရှိုးကနေ ဒုံးတွေ အတွဲလိုက်ပစ်ခတ်လို့ ပြည်သူတွေ ထိတ်လန့်နေကြပြီး ပဲခူးတိုင်း၊ ဒိုက်ဦးမြို့မှာတော့ မနေ့က စစ်ကောင်စီ တပ်ဖွဲ့ တိုက်ခိုက်ခံခဲ့ရလို့ ၁ ယောက် ဒဏ်ရာရခဲ့ပါတယ်။

မကွေးတိုင်း၊ ပေါက်နဲ့ ပခုက္ကူမြို့နယ်တို့မှာလည်း အောက်တိုဘာ ၂၆ ရက်နေ့ ကနေ ၂၈ ရက်နေ့အထိ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး အများအပြား ဒဏ်ရာရရှိ ခဲ့တယ်လို့ မြိုင်မြို့နယ်ပကဖ ဆီကနေ သိရပါတယ်။

ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ် သံလမ်းဂိတ် (ညောင်ခါးရှည်လမ်းအဝင် ရထားသံလမ်းကျော်) က စစ်ကောင်စီ တပ်ဖွဲ့ကို အောက်တိုဘာ ၂၈ ရက်နေ့ မနက် ၆ နာရီလောက်က ၄၀ မမ ဗုံးသီး ၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ယောက် ဒဏ်ရာပြင်းထန်ခဲ့ပြီး ပဲခူးခရိုင် တပ်ရင်း ၃၇၀၁ တပ်ခွဲ ၅၊ Daik-U Defence Force နဲ့ ပဲခူးမြို့နယ် ပကဖ တို့ ပူးပေါင်း တိုက်ခိုက်ခဲ့တာလို့ ပဲခူး PDF တာဝန်ရှိသူက ပြောပါတယ်။

ဒါ့အပြင် ပေါင်းတည်မြို့နယ်၊ သစ်ပုတ်တောရွာတာဝါတိုင်စခန်းကနေ ပဲခူးရိုးမကို စစ်ကြောင်းထိုးလာနေတဲ့ အင်အား ၂၄ ယောက်ပါ စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ အောက်တိုဘာ ၂၄ ရက်နေ့ ညပိုင်းက တိုက်ပွဲဖြစ်ခဲ့သေးပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေရှိနိုင်ပြီး မြေပြင်အခြေအနေအရ အတည်ပြုချက်တွေရယူဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။

စစ်ဆင်ရေးကို ပေါင်းတည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ခွဲ ၃ က ဦးဆောင်ပြီး ၃၆၀၁- PPDF တပ်ရင်းတပ်ခွဲအားလုံးက ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့ပေါ်အထိ အောက်တိုဘာ ၂၈ ရက်ည  ၆ နာရီ ကျော်လောက်ကစလို့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ဒုံးလက်နက် အတွဲလိုက် ပစ်ခတ်လို့ ပြည်သူတွေထိတ်လန့်နေတယ်လို့ ဒေသခံတွေ ဆီက သိရပါတယ်။ 

ဒေသခံတယောက်က "အိမ်နားမှာ ပစ်နေတယ်။ ဗျူဟာလမ်းဘက်မှာ။ မီးပျက်တာနဲ့ တခါတည်းပစ်ပြီ။ အိမ်အပေါ်ကနေ ဖြတ်သွားတာ။ ပေါက်တော့ပေါက်သွားတယ်။ ဘယ်နားလဲတော့ မသိဘူး။ လေယာဉ်ပျံတွေနဲ့လည်း ပစ်နေတယ်။ နောက်တခေါက် လေယာဉ်ပျံနဲ့ ပစ်နေပြီ” ပြောပါတယ်။ 

တိုင်း စစ်တပ်ကနေ လက်နက်ကြီးတွေ အတွဲလိုက် ပစ်နေတယ်လို့လည်း သူက ပြောပါတယ်။ 

"တပ်ပိုင် လေယာဉ်ပျံ ၂ စီးတောင် သွားလိုက်လာလိုက်နဲ့ပဲ။ ... ရပ်လိုက်၊ ပစ်လိုက်ပဲ။ ဂျက်လေယာဉ်ပျံတွေလည်း ပျံနေတယ်။ ချပြီ။ လက်နက်ကြီးတွေနဲ့ပစ်နေပြီ" လို့ ပြောပြပါတယ်။  

အရှေ့မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်ကနေ အတွဲလိုက်ဒုံး လက်နက်တွေ ရမ်းသမ်းပစ်ခတ် နေတာကြောင့် လားရှိုးမြို့ထဲနဲ့ အနီးဝန်းကျင် လက်နက်ကြီးတွေကျရောက် ပေါက်ကွဲလာမှာကို စိုးရိမ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။ 

တိုက်ပွဲ ဖြစ်လာတာကြောင့် ရက်ကွက် ၉ ဘူတာစျေးက ဈေးသည်တွေ အကုန် သိမ်းပြေးကြရတယ်လို့ အမျိုးသမီးတယောက်က ပြောပါတယ်။ 

“လားရှိုးတော့ ရှယ်ဆော်နေပြီ။ ဗျူဟာလမ်းထဲ တလုံးကျတယ်။ မြို့ထဲတော့ အမြောက်ကားတွေ ဝဲနေတယ်” လို့ ပြောပါတယ်။ 

တပ်ပိုင် အဖြူရောင် လူစီးလေယာဉ် ၂ ကြိမ်ဆင်းဆက်ပြီး အကြီးပိုင်း မိသားစုတွေအတွက် လို့ ယူဆရတယ်လို့လည်း နောက်ထပ် ဒေသခံ အမျိုးသမီးက ပြောပါတယ်။ 

တက္ကသိုလ်နားက ရဲရုံးလည်း ဒရုန်းနဲ့ ပစ်ခံလိုက်ရတယ်လို့ သိရကြောင်း သူက ပြောပါတယ်။ 

စစ်ဆင်ရေး ၁၀၂၇ ဒုတိယနေ့မှာလည်း မုံးကိုးမြို့နယ်၊ မန်ပင် စစ်ကောင်စီတပ်စခန်းနဲ့ ချင်းရွှေဟော်မြို့နယ်က စစ်ရေးဗျူဟာကျတဲ့ မာကျားတိပေါက်‌ပေါက် တောင်ကုန်းကို MNDAA က ထပ်မံ သိမ်းယူနိုင်ခဲ့တယ်လို့ ကိုးကန့်သတင်းမှာ ဖော်ပြထားပါတယ်။ 

မကွေတိုင်း၊ ပေါက်မြို့နယ်၊ ကျောက်တိုင်ခင်ကျေးရွာဘက်က ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို အောက်တိုဘာ ၂၆ ရက်နေ့ မနက်ပိုင်းက ညောင်ဇင် စာသင်ကျောင်းအဝင်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး မန်ကျည်းဂုဏ်ရွာကနေထွက်လာတဲ့ စစ်ကြောင်းကိုလည်း အောက်တိုဘာ ၂၇ ရက်နေ့ မနက် ၅ နာရီလောက်က အိုင့်မရွာ အနောက်ဘက်တောထဲမှာ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြိုင်ပကဖ တပ်ရင်း ၁ တပ်ရင်းမှူး ဗိုလ်လက်ယာက ပြောပါတယ်။

ပခုက္ကူမြို့ဘက်ကနေ အင်အား ၈၀ လောက်နဲ့ ထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကိုလည်း အောက်တိုဘာ ၂၆ ရက်နေ့ မနက်ပိုင်းက ကန်တော်ရွာနားမှာ ဒရုန်းနဲ့ ဗုံးသီး ၂၈ လုံး ဖြုတ်ချတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၄ ယောက် အပြင်းထန် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ပေါက်မြို့နယ်၊ အိုင့်မရွာ အနောက်ဘက်တောထဲကို ရောက်နေတဲ့ စစ်ကောင်စီစစ်ကြောင်းကိုလည်း အောက်တိုဘာ ၂၈ ရက်နေ့ မနက် ၆ နာရီလောက်ကနေ တနေကုန် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို မြိုင်ပကဖ၊ ပေါက်ဗိုလ်တစ္ဆေအဖွဲ့၊ ပေါက်ဗိုလ်နားပေါက်အဖွဲ့၊ ပေါက်ပကဖ၊ ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့၊ နဂါးနီတပ်ဖွဲ့၊ ပေါက်ကျေးရွာ ကာကွယ်ရေးတပ်ဖွဲ့၊ Black Cobra၊ ပခုက္ကူသူရိန်အဖွဲ့နဲ့ PPDF တို့ ပူးပေါင်း တိုက်ခိုက်ခဲ့တာလို့လည်း သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024