Home
ဆောင်းပါး
တရားမျှတမှုကို ကျောသားရင်သား မခွဲခြားစေရ
DVB
·
October 29, 2023

သမိုင်းနောက်ခံကား

အလယ်ခေတ် အင်္ဂလန်တွင် ရှင်ဘုရင်တို့ ရင်ဆိုင်ခဲ့ရသော ပြဿနာတခု ရှိသည်။ ယင်းမှာ ဝီလျံ ၁ ဘုရင်လက်ထက်ကတည်းက ပေါ်ပေါက်လာခဲ့သော မြေရှင်ပဒေသရာဇ်စနစ် ပြိုကွဲလာခြင်းဖြစ်သည်။ မြေရှင်ပဒေသရာဇ်စနစ်အရ ဘုရင်ကလွဲလျှင် မည်သူကမှ‌ မြေယာပိုင်ဆိုင်ခွင့် မရကြ။

ဘယ်ရွန်ခေါ် သူရဲကောင်း မှူးမတ်များမှာလည်း တကယ်တော့ မြေမပိုင်။ ရှင်ဘုရင်ကိုသာ သစ္စာခံရသည်။ တိုက်ခိုက်ရေးသမားများမွေးထုတ်ကာ ရှင်ဘုရင်ထံ ဆက်သရသည်။ သူတို့‌နေရာလေး တည်မြဲဖို့အတွက် မြေခွန်နှင့် အခြားအခွန်များကို ရေမြေ့သခင် ရှင်ဘုရင်ကို ဆက်သရသူများသာ ဖြစ်သည်။

ထို မှူးမတ်လူတန်းစား‌အောက်တွင် လက်အောက်ခံ ကျွန်များ၊ ယုံကြည်ရသည့် သူရဲကောင်းများ ရှိသည်။ သူတို့မှာ ဘုရင့်မြေယာများကို စောင့်ကြပ်ရသည့် အလုပ်သမားများသာ ဖြစ်သည်။ ထိုမှူးမတ်များအောက်၌ တောင်သူလယ်သမား လူတန်းစားအလွှာ တည်ရှိသည်။ လယ်သမားများမှာ လွတ်လပ်ကြသူများဟု ဆိုသည့်တိုင် အမှန်တကယ် မလွတ်လပ်။ မြေယာများတွင် ကျွန်သဖွယ် တနည်းနည်းနှင့် တုပ်နှောင်ခံနေရသည်။ ထိုမြေရှင်စနစ်ကြီး၏ အောက်ဆုံးအလွှာမှာတော့ ရှင်ဘုရင်က ပိုင်ဆိုင်သော မြေကျွန်များ ရှိကြသည်။ မြေကျွန်နှင့် လယ်သမားတို့မှာမူ မည်သည့်အခွင့်အရေးမှ ခံစားခွင့်မရှိကြပေ။

ဂျွန် ဘုရင်လက်ထက် အလွဲသုံးစားလုပ်မှုများ

အင်္ဂလန်၏ တရားစီရင်ရေးစနစ်မှာ ပြုပြင်ရမည့် အခြေအနေသို့ ဆိုက်ရောက်နေသည်။ ယခင် ဘုရင်များလက်ထက်က အသုံးဝင်ခဲ့သော တရားရုံးဆိုင်ရာ ဥပဒေလုပ်ထုံးများမှာ ပြင်းထန်သည်။ ဘုရင် ဟင်နရီ ၂ ၏ ပြုပြင်မှုများမှာ ကောင်းကျိုးများ ထွက်ပေါ်စေခဲ့ပါသည်။ ဗဟိုတရားရုံးစနစ်လို အများပြည်သူနှင့်ဆိုင်သော ပြောင်းလဲမှုများ ပေါ်ပေါက်ခဲ့ပါသည်။ သို့တိုင် ထိုပြောင်းလဲမှုများက မှူးမတ်တို့ ချုပ်ကိုင်ထားသော ဒေသန္တရ တရားရုံးများ၏ လုပ်ပိုင်ခွင့်ကို ကန့်သတ်သလို ဖြစ်သွားခဲ့သည်။ ထို့အပြင် ယင်းပြောင်းလဲမှုကြောင့် ပေါ်ပေါက်လာသော သက်ညှာမှု၊ လိုက်လျောမှုတို့သည် ဘုရင် ဂျွန် လက်ထက်မှာတော့ အလွဲသုံးစား လုပ်ခံလိုက်ရသည်။ အပြီးတိုင် ဖျက်သိမ်းခံလိုက်ရတော့သည်။

အခြားတဖက်တွင်လည်း ပြင်သစ်နှင့် စစ်ပွဲအခြေအနေမှာ ဆိုးရွားလာသည်။‌ နော်မန်ဒီ ဒေသကိုလည်း လက်လွှတ်လိုက်ရသည်။ ယင်းသို့ စစ်ရေးရှုံးနိမ့်မှုများ ဆက်တိုက် ကြုံရသည်ဖြစ်ရာ စစ်စရိတ်လိုအပ်ချက်တို့မှာ ပိုမိုကြီးမားလာခဲ့သည်။ ထိုအကြောင်းက ဂျွန်ဘုရင်ကို ပို၍ အခက်ကြုံစေတော့သည်။ သို့ဖြင့် အခွန်အတုပ်တို့ကို အဆမတန် ကောက်ခံလာသည်။

ဘုရင့်တရားရုံးတော်တို့မှာ ပို၍ အာဏာပြလာကြသည်။ သံသယဖြစ်ဖွယ် ကိစ္စရပ်များမှာပင် ငွေဒဏ်ကို အဆမတန် တောင်းခံသည်။ မှူးမတ်များလည်း ထိုစက်ကွင်းကမလွတ်။ မှူးမတ်နေရာ (ဝါ) နယ်မြေတခုကို ဆက်ခံမည့် မှူးမတ်လောင်းများဆီမှ အတင်းအဓမ္မ ငွေညှစ်တောင်းခံမှုများလည်း အဆမတန် တိုးပွားလာခဲ့သည်။ ဘုရင့်အမျက်တော် မရှစေရန် ဆက်သက်ရသော မှူးမတ်များ၏ ပမာဏငွေမှာလည်း တဟုန်ထိုး မြင့်တက်လာခဲ့ပြန်သည်။ ထိုကိစ္စနှစ်ခုကြောင့် ဘုရင့်ဘဏ္ဍာငွေမှာ အေဒီ ၁၂၁၁ တွင် ယူရို ၁၄၅,၀၀၀ အထိ ရှိလာခဲ့သည်။

အေဒီ ၁၂၁၄ နှင့် ၁၂၁၅ တွင် ပြင်သစ်နှင့် ထပ်မံဖြစ်ပွားခဲ့သောစစ်ပွဲ၌ ကုန်ကျစရိတ် ထပ်မံကြီးမားခဲ့ရုံသာမက မှူးမတ်တို့၏ ပုန်ကန်လိုစိတ်ကိုပါ မီးထိုးပေးခဲ့လိုက်သည်။ အလယ်ခေတ်တွင် အင်္ဂလန်ဘုရင်များနှင့်ပတ်သက်၍ ကတိစာချုပ်သဘောမျိုး ရှိခဲ့သည်။ ဘုရင့်အာဏာဆိုသည်မှာ တိုင်းသူပြည်သားတို့နှင့် ချုပ်ဆိုထားသော စာချုပ်တခု ရရှိလာသည်ဟု မှတ်ယူထားကြသည်။ အကယ်၍ ရှင်ဘုရင်က ထိုသဘောတူညီချက်ကို ချိုးဖောက်လျှင် တိုင်းသူပြည်သားတို့သည် ဘုရင်ကို ပုန်ကန်ခွင့်ရှိကြသည်။

ထိုကြားထဲ  ပုပ်ရဟန်းမင်း အင်နိုးစင့် ၃ နှင့် ပြဿနာက ဘုရင် ဂျွန်အတွက် မီးလောင်ရာလေပင့် ဖြစ်သွားစေတော့သည်။ ကန်တာဘူရီနယ်မြေဂိုဏ်းချုပ်အဖြစ် ခန့်အပ်ရန် စေလွှတ်လိုက်သော ပုပ်ရဟန်းမင်း၏ ကိုယ်စားလှယ်ကို ဂျွန် ဘုရင်က ငြင်းလွှတ်လိုက်ရာမှ ပြဿနာ စတင်ခဲ့သည်။ ထိုအကြောင်းကို သိသိချင်း ပုပ်ရဟန်းမင်းသည် အမိန့်တခု ထုတ်ပြန်လိုက်သည်။ ထိုအမိန့်အရ အင်္ဂလန်တွင် မည်သည့်ဘာသာရေးလုပ်ငန်းမှ မလုပ်ဆောင်ကြဖို့ တားမြစ်လိုက်ခြင်းဖြစ်သည်။‌ ၁၂၀၉ ခုနှစ်တွင် ဂျွန် ဘုရင်ကို ခရစ်ယာန်အသင်းဝင်အဖြစ်မှ ဖယ်ကြဥ်လိုက်သည်။ ထိုသို့ ဘာသာရေးကိစ္စများ လုပ်ဆောင်ခွင့် မရရှိတော့သည့်အခါ မှူးမတ်တို့မှာ ဘုရင့်အပေါ် ပို၍ အခဲမကြေဖြစ်လာကာ တအုံနွေးနွေးရှိခဲ့သော မကျေနပ်ချက်တို့မှာ အဆုံးသတ်တွင် တော်လှန်ပုန်ကန်မှုကြီးအဖြစ် စတင်ခဲ့ပါတော့သည်။

မှူးမတ်တို့၏တော်လှန်ရေး

ဂိုဏ်းချုပ်ခန့်အပ်ရေးကိစ္စနှင့် ပတ်သက်၍ ဂျွန် ဘုရင်သည် ပုပ်ရဟန်းမင်းကို တောင်းပန်ပြီး ကိုယ်စားလှယ်ကို ခွင့်ပြုလိုက်သည်။ သို့သော် အေဒီ ၁၂၁၅ တွင်မူ မှူးမတ်တို့၏ ပုန်ကန်မှုကြီးကို ရင်ဆိုင်လိုက်ရသည်။ ပုန်ကန်မှုများမှာ အင်္ဂလန်မြောက်ပိုင်းမှ စုဝေးလာခဲ့ရာ တဖြည်းဖြည်းနှင့် လန်ဒန်မြို့ဆီသို့ ချီတက် ရောက်ရှိလာခဲ့ပါသည်။ ပုပ်ရဟန်းမင်းနှင့် ပြဿနာမှာ ပူပူနွေးနွေးပဲ ရှိသေးတာကတကြောင်း၊ သွေးထွက်သံယိုမှုကို ရှောင်ရှားချင်တာကတကြောင်း၊ ဂျွန် ဘုရင်သည် သူ့ထံကမ်းလှမ်းလာသော အချက်များကို သဘောတူလိုက်သည်။ ဇွန် ၁၅ ရက်တွင် ဆာရေး စီရင်စုရှိ Runnymede ဒီစကြိတ်၊ သိမ်းစ် မြစ်ဘေးတွင် မှူးမတ်တို့နှင့် တွေ့ဆုံခဲ့သည်။ မှူးမတ်တို့က ၎င်းတို့၏ လိုလားချက်များကို စာချုပ်ထဲတွင် ထည့်သွင်းကာ တင်ပြခဲ့ကြသည်။ ထိုစာချုပ်တွင် ဂျွန် ဘုရင်၏ အာဏာအလွဲသုံးစားလုပ်မှုများကို တားဆီးကာကွယ်ရမည့် အချက်များ ပါရှိသည်။ အဆုံးတွင် ဂျွန် ဘုရင်သည် စာချုပ်ကို လက်မှတ်ရေးထိုးလိုက်လေသည်။

ဤသို့ဖြင့် မဂ္ဂနာကာတာ ဆိုသည့် သမိုင်းဝင်စာချုပ်ကြီး ပေါ်ပေါက်လာခဲ့ပေသည်။

မဟာပဋိညာဥ်

လက်တင်စကားအရ “မဟာပဋိညာဥ် အမည်ရှိ မဂ္ဂနာကာတာစာချုပ်သည် ၁၂၁၈ ခုနှစ်တွင် ပေါ်ပေါက်လာခဲ့သည်။ ယနေ့ခေတ်တွင် တရားဥပဒေအရ အုပ်ချုပ်ရေး (rule of law)၊ ခေတ်သစ်ဒီမိုကရေစီရေးတို့အတွက် အခြေခံစာချုပ်အဖြစ် ကိုးကားကြသော အဆိုပါ မဂ္ဂနာကာတာမှာ စတင်ပေါ်ပေါက်လာတုန်းက လိုအပ်ချက်များစွာလည်း ရှိနေခဲ့သည်။ အဓိကအားဖြင့် မှူးမတ်များအပေါ် ဘုရင်၏ မတော်မတရား လုပ်မှုများမှ အကာအကွယ်ပေးဖို့ တောင်းဆိုချက်များသာ ဖြစ်သည်။

စာချုပ်တွင် အခန်းပေါင်း ၆၃ ခန်း ပါဝင်သည်ကို တွေ့ရ၏။ အင်္ဂလန်နိုင်ငံ၏ ဘုရားကျောင်းတော်ကိစ္စများကို ဘုရင်က စွက်ဖက်မှုမရှိစေဖို့၊ ကျောင်းတော်အခွင့်အရေးများကို မှေးမှိန်မသွားစေရန် ကာကွယ်ပေးဖို့ အချက်များလည်း ပါဝင်သည်။ အခန်း ၂ တွင် “မှူးမတ်ရာထူးနေရာ ဆက်ခံသူသည် ယူရို ၁၀၀ ထက်မပိုသော ငွေပမာဏကိုသာ ဘုရင့်ထံ ဆက်သရမည်” ဟု ပြဋ္ဌာန်းထားသည်။ အခန်း ၁၂ တွင် “အခွန်တိုးမြှင့်ကောက်ခံရာတွင် ပြည်သူ့ကောင်စီ၏ သဘောတူညီမှုမပါဘဲ မကောက်ခံဖို့” တားမြစ်ထားသည်။ အခန်း ၁၈ တွင် ချမ်းသာသော မုဆိုးမများအား သူတို့၏ သဘောဆန္ဒမပါဘဲ အတင်းအကျပ် နောက်အိမ်ထောင်မပြုခိုင်းဖို့ ပြဋ္ဌာန်းထားသည်။ အခန်း ၁၆ တွင် မှူးမတ်များက ဘုရင့်အပေါ် မကျေနပ်ချက်၊ နစ်နာချက်များကို အဓိကထား ဖော်ပြထားသည်။ ဥပဒေအရ သတ်မှတ်ထားသည်ထက် ပို၍ အခွန်ထမ်းဆောင်ရန် မည်သူ့ကိုမျှ အတင်းအကျပ် စေခိုင်းခြင်း မပြုရဟု ဖော်ပြထားပေသည်။

အခန်း ၁၈ ပြဋ္ဌာန်းချက်များအရ တချို့အမှုကိစ္စများကို တရားသူကြီးနှစ်ဦး၊ စီရင်စုနယ်မြေ တခုစီမှ အနည်းဆုံး သူရဲကောင်းလေးဦး ပါဝင်သော နယ်လှည့်စီရင်ရေးကော်မတီက ဆုံးဖြတ်နိုင်လာခဲ့သည်။ ထို့အပြင် ပြည်သူအားလုံး တရားမျှတမှု ရရှိရေးအတွက် အထောက်အကူ ဖြစ်စေခဲ့သည်။ ယခင်တုန်းက တရားရုံးစစ်ဆေးမှုများကို ဝက်စ်မင်စတာတွင် ၁၁၇၈ ခုနှစ်က ဖွဲ့စည်းထားသော တရားရုံးများ၌သာ ပြုလုပ်ခဲ့ကြရသောကြောင့် ဖြစ်သည်။

မဂ္ဂနာကာတာ၏ အခန်း ၃၉ မှာ ပို၍ အရေးပါအရာရောက်ပြီး ပိုမိုကျယ်ပြန့်လာခဲ့သည်။ အခန်း ၃၉ အရ မည်သည့်လွပ်လပ်သူကိုမျှ အ‌ကြောင်းမဲ့ မတရားသဖြင့် ဖမ်းဆီးခြင်း၊ ထောင်ချခြင်း၊ ပစ္စည်းသိမ်းခြင်း၊ ပြည်နှင်ဒဏ်ပေးခြင်း၊ ဝရမ်းပြေးအဖြစ် ကြေညာခြင်း မပြုစေရကြောင်း ဖော်ပြထားရှိသောကြောင့် ဖြစ်သည်။ အခန်း ၄၀ တွင်လည်း ဥပဒေရှေ့မှောက် တန်းတူညီမျှခွင့်၊ ဥပဒေရေးရာ ရပိုင်ခွင့်များကို အရောင်းအဝယ်လုပ်ခြင်း၊ ငြင်းဆိုခြင်း၊ သို့မဟုတ် ကြန့်ကြာအောင် လုပ်ခြင်းများ မပြုနိုင်စေဖို့ တားမြစ်ထားသည်။

အဆိုပါ အခန်း ၃၉ နှင့် ၄၀ ကို လက်ခံသဘောတူညီပြီးနောက် ဘုရင်သည် ဥပဒေကို လေးစားလိုက်နာပါမည့်အကြောင်း မှူးမတ်များရှေ့တွင် ပထမဆုံးအကြိမ်အဖြစ် သစ္စာကျိန်ဆိုခဲ့ရလေသည်။

အစောပိုင်းကာလဖြတ်သန်းမှု

သို့စေကာမူ ဘုရင်သည် သဘောတူညီချက်တို့ကို မကြာခင် ပယ်ဖျက်ကောင်း ပယ်ဖျက်နိုင်လာမည်ဟု မှူးမတ်တို့က ကြိုတင်ရိပ်စားမိထားသည်။ သို့ဖြစ်ရာ မှူးမတ်တို့ဘက်ကလည်း ကြိုတင်ကာကွယ်မှုများ ပြုလုပ်ထားကြသည်။ ထိုသို့ မှူးမတ်တို့၏ ကြိုတင်ကာကွယ်မှုကို မဂ္ဂနာကာတာစာချုပ်၏ အခန်း ၆၁ တွင် ဤသို့ တွေ့ရှိနိုင်သည်။ အကယ်၍ ရှင်ဘုရင်သည် စာချုပ်ကို ဖောက်ဖျက်ပါက မှူးမတ် ၂၅ ဦးဝင် ကော်မတီက ဘုရင့်ကို တာဝန်ခံခိုင်းစေရမည်ဟု ဖော်ပြထားသည်။ ဂျွန် ဘုရင်ကလည်း ထိုအချက်ကို လုံးဝမကြိုက်။ ဘုရင့်အာဏာကို ထိပါး‌စော်ကားသည်ဟု ဆိုကာ ရာဇမာန်ရှသည်။ သို့ဖြစ်ရာ ထိုနှစ် သြဂုတ်လတွင် ပုပ်ရဟန်းမင်း၏ အမိန့်စာကို အရယူခဲ့သည်။ ထိုအမိန့်စာအရ မဂ္ဂနာကာတာစာချုပ် ဖျက်သိမ်းခွင့်ကို ဘုရင့်အား ခွင့်ပြုပေးထားသည်။ ဤသည်ကပင် မှူးမတ်တို့၏ ပထမဆုံး‌သောစစ်ပွဲကို အကြောင်းဖန်ပေးခဲ့သည်။ ပြင်သစ်နိုင်ငံက ကျောထောက်နောက်ခံ‌ပေးထားသော မှူးမတ်အုပ်စုမှာ ပုန်ကန်မှုတို့ကို စတင် ပြုလုပ်ခဲ့ကြလေသည်။ သို့သော်လည်း မှူးမတ်အများစုမှာ အစိုးရဘက်သို့ “ဘက်” ပြောင်းသွားခဲ့ကြရာ ၁၂၁၇ တွင် ယင်း ပထမဆုံးသော ပုန်ကန်မှုကြီးလည်း ပြိုလဲခဲ့ရတော့သည်။

ပြင်ဆင်မှုများ

မဂ္ဂနာကာတာ ခေါ် မဟာပဋိညာဥ်ကို မကြာခဏ ပြင်ဆင်ခဲ့ရသည်။ ၁၂၁၆ တွင် တကြိမ်၊ ဂျွန် ဘုရင်၏ သား ဟင်နရီ ၃ နန်းတက်သည့် ၁၂၁၈ တွင် တကြိမ်၊ ၁၂၂၅ ခုနှစ်တွင် တကြိမ် အကြိမ်ကြိမ်ပြင်ဆင် ထုတ်ပြန်‌ခဲ့ကြသည်။ ၁၂၁၈ ပြင်ဆင်ထုတ်ပြန်သည့်အချိန်မှသာ မဂ္ဂနာကာတာ ဆိုသော အမည်ကို ရရှိလာသည်။ ၁၂၂၅ ပြင်ဆင်ချက်မှာတော့ တိုးတက်ပြောင်းလဲမှုများ တွေ့လာခဲ့ရသည်။ ပဋိညာဥ်သည် မှူးမတ်တစုတည်းအတွက်သာ မဟုတ်တော့။ ပြည်လူအားလုံးကို ရည်ညွှန်းသည်အထိ ဖြစ်လာခဲ့သည်။ ပဋိညာဉ်တွင် ပါရှိသော “All Free Men” ဟူသည့် စကားရပ်အစား “All Men” ဟူ၍ ပြောင်းလဲလာခဲ့သည်။ အချို့ကလည်း “men” ဆိုသည့် စကားရပ်ကိုကြည့်ပြီး “အမျိုးသမီးများ” မပါဘူးဟု ဝေဖန်ခဲ့ကြသေးသည်။ “men” ဆိုသည်မှာ “အမျိုးသား” ကို မဆိုလိုဘဲ “people” “ပြည်သူ” ကို ရည်ညွှန်းကြောင်း ချေပမှုတွေလည်း ပေါ်ထွက်ခဲ့ပါသည်။

ယင်း ၁၂၂၅ မဂ္ဂနာကာတာ မူမှာ တိကျကျယ်ပြန့်သည်ဟု သတ်မှတ်ခဲ့ကြရာ နောင်အခါ ဥပဒေအဖြစ်ပါ ပြောင်းလဲခဲ့ကြပါသည်။ Common Law (အင်္ဂလိပ်ရိုးရာဥပဒေ) မှ statue law ခေါ်  ပြဋ္ဌာန်းဥပဒေအဖြစ် ပြောင်းလဲခဲ့သည့် မှတ်တိုင်တခုအဖြစ်လည်း သမိုင်းဝင်ခဲ့သည်။

ဘုရင် အက်ဒွပ် ၁ နန်းတက်လာသည့်အခါမှာလည်း ၁၂၉၇ ပြင်ဆင်ချက်ဖြင့် အဆိုပါဥပဒေကို ဆက်လက် အတည်ပြုခဲ့ပေသည်။

ပါလီမန်စနစ် အားကောင်းစေခြင်း

၁၃ ရာစု အင်္ဂလန်ကို ပါလီမန်ဒီမိုကရေစီစနစ် မွေးဖွားသည့် ရာစုအဖြစ် ဝိဂြိုဟ်ပြုမည်ဆိုလျှင် မမှား‌ပေ။ ထိုခေတ်တွင် ဘုရင့်ကောင်စီကိုသော်လည်းကောင်း၊ ဘုရင့်အကြံပေးများကို သော်လည်းကောင်း၊ ဘုရင်သည် သူစိတ်ရှိတိုင်း ခန့်အပ်ပိုင်ခွင့် မရှိတော့ပေ။ ဟင်နရီ ၃ လက်ထက်တွင် ထပ်မံဖြစ်ပွားခဲ့သော မှူးမတ်တို့၏ ပုန်ကန်မှုသည် အောက်စဖို့ဒ် ပြဋ္ဌာန်းချက်များကို ပြဋ္ဌာန်း‌ပေးလိုက်သည်။ ထိုပြဋ္ဌာန်းချက်များအရ အစိုးရကို မှူးမတ် ၅ ဦးဝင် ကော်မတီနှင့် ပါလီမန်တို့၏ ထိန်းချုပ်မှုအောက်တွင် ထားရှိပေတော့သည်။ သို့စေကာမူ ဤစနစ်မှာ ကြာရှည်မခံခဲ့ပါ။ သို့သော်လည်း ၁၂၆၄ တွင် Simon de Montfort ဦးဆောင်သော ဒုတိယအကြိမ် မှူးမတ်စစ်ပွဲမှာ တိုးတက်ပြောင်းလဲမှုများ ထပ်မံယူဆောင်လာခဲ့သည်။ လူချမ်းသာများတင်မက ပြည်သူအားလုံး ပါဝင်ရွေးကောက်ခံနိုင်သည့် ပထမဆုံး ပါလီမန်ကို ၁၂၆၅ တွင် ခေါ်ယူနိုင်ခဲ့ခြင်းဖြစ်ပေသည်။ မြို့ကြီးတမြို့စီမှ ကိုယ်စားလှယ်နှစ်ဦး၊ ခရိုင်တခုစီမှ သူရဲကောင်းနှစ်ဦး ရွေးကောက်ခံခွင့် ရှိလေသည်။

၁၄ ရာစု အရောက်တွင် ပါလီမန်သည် မဂ္ဂနာကာတာကို ကိုင်စွဲကာ သူ၏လုပ်ပိုင်ခွင့်များကို ပို၍ အသုံးချနိုင်လာခဲ့သည်။ ပါလီမန်၏ ခွင့်ပြုချက်ကို မတောင်းခံဘဲ ဘုရင်သည် သူစိတ်ထင်တိုင်း အခွန်ငွေကို တိုးမြှင့်ကောက်ခံခွင့် မရှိတော့။ ဤသို့ အားကောင်းလာသည့် မဂ္ဂနာကာတာ၏ သြဇာမှာ ၁၅ ရာစု Tudor ဘုရင်မင်းဆက် အရောက်မှာတော့ အနည်းငယ် အားလျော့ခဲ့သေးသည်။ သို့သော် ၁၇ ရာစုမှာတော့ မဂ္ဂနာကာတာသည် ပါလီမန်စနစ်အတွက် ခိုင်ခံ့သော ဒိုင်းသဖွယ် အားထားလာခဲ့ရသည်။ အင်္ဂလန်၏ ပြည်တွင်းစစ်အတွင်း Stuart ဘုရင်များ၏ အာဏာအလွဲသုံးစားမှုများကို ထိရောက်စွာ ဟန့်တားကာကွယ်နိုင်ခဲ့ပေသည်။

ရေရှည်ခိုင်မြဲခဲ့သောသြဇာ

ယင်းသို့သော မင်းဆိုးမင်းညစ်များအပေါ် မဂ္ဂနာကာတာစာချုပ်၏ သြဇာလွှမ်းမိုးမှုများမှာ ဂုဏ်ရောင်ပြောင်ခဲ့ရာ အမေရိကန်တို့၏ ကိုလိုနီဘဝ လွတ်မြောက်ရေး တိုက်ပွဲအထိပင် ပဲ့တင်ထပ်နေပေတော့သည်။ ၁၇၈၉ အမေရိကန် ဖွဲ့စည်းပုံတွင်လည်းကောင်း၊ နိုင်ငံသားများ ရပိုင်ခွင့် စာတမ်းများတွင်လည်းကောင်း မဂ္ဂနာကာတာ စာချုပ်ပါ သဘောတရားများက စိမ့်ဝင် ပျံ့နှံ့နေတော့သည်။ အထူးသဖြင့် တိုင်းပြည်အုပ်ချုပ် မင်းလုပ်သူ၏ မတော်မတရား အာဏာကျင့်သုံးမှုများနှင့် ပတ်သက်၍ ဖြစ်ပေသည်။ ၁၉ ရာစု ရောက်သည့်အခါမှာတော့ မဂ္ဂနာကာတာပါ အချက်အလက် တော်တော်များများကို အင်္ဂလန်တွင် အသုံးမပြုကြတော့ပေ။ ၁၈၂၈ နှောင်းပိုင်းမှစ၍ မဂ္ဂနာကာတာပါ ပြဋ္ဌာန်းချက်အများစုကို ပြဋ္ဌာန်းဥပဒေအဖြစ်မှ ပယ်ဖျက်ခဲ့လေသည်။ သို့တိုင် ပဋိညာဉ်ပါ အခန်းလေးခန်းမှာ ယနေ့တိုင် အာဏာသက်ဝင်နေတုန်းဖြစ်သည်။ ယင်းအခန်းတို့မှာ အင်္ဂလန်ဘုရားကျောင်းများ၏ လွတ်လပ်ခွင့်နှင့် ပတ်သက်သော အခန်း ၁၊ လန်ဒန်မြို့၏ အထူးအခွင့်အရေးနှင့် ပတ်သက်သော အခန်း ၁၃၊ ဥပဒေနှင့်အညီ စစ်ဆေးစီရင်ပိုင်ခွင့်၊ ဘုရင်၏ မတော်မတရား တဖက်သတ် ဖမ်းဆီးမှုများကို တားဆီးပိတ်ပင်ထားသည့် အခန်း ၃၉ နှင့် အခန်း ၄၀ တို့ ဖြစ်ကြသည်။ ဆိုရလျှင် ယင်းအခန်း ၃၉၊ ၄၀ ပါ အချက်များကြောင့် မဂ္ဂနာကာတာကို ဗြိတိသျှဥပဒေအခွင့်အရေးဆိုင်ရာ မှတ်တိုင်တခုအဖြစ် သတ်မှတ်ကြသလို ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ အုပ်ချုပ်သော အစိုးရစနစ်၊ လူ့အခွင့်အရေး အယူအဆများတို့တွင်လည်း ကြီးမားသော အလှည့်အပြောင်းတခုအဖြစ် ယနေ့တိုင် တညီတညွတ်တည်း အသိအမှတ်ပြုလျက် ရှိကြပေသည်။

သပြေညို

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024