Home
ဆောင်းပါး
မှန်စွာကျေးဇူးသိတတ်သူ (ကတညူ) နဲ့ မှန်စွာကျေဇူးတုံ့ပြန်တတ်သူ (ကတဝေဒီ) ဖြစ်စေဖို့
DVB
·
October 29, 2023

ဒီကနေ့ဟာ မြန်မာသက္ကရာဇ်   ၁၃၈၅  ခုနှစ်ရဲ့ သီတင်းကျွတ်လပြည့်နေ့ဖြစ်ပါတယ်။ သီတင်းကျွတ်လဟာ မြန်မာတို့ရဲ့ ဆယ်နှစ်လမှာ သတ္တမမြောက်လဖြစ်ပြီး ရာသီခွင်က တူရာသီ ဖြစ်ကာ အဿ၀တီနက္ခတ်နဲ့ လမင်းတို့စန်းယှဉ်ကာ မွန်းတည့်ကြတယ်။ ဒီရာသီရဲ့ပန်းကတော့ ကြာဖြူပန်းလို့ သတ်မှတ်ပါတယ်။ ဘုရားရှင်သားတော်တွေဖြစ်တဲ့ သံဃာတော် အရှင်သူမြတ်တွေ သွားရေးလာရေးခက်ခဲတဲ့ မိုးရာသီခိုအောင်းရာ ဝါတွင်းသုံးလပတ်ကာလရဲ့ နောက်ဆုံးလလည်းဖြစ် ပါတယ်။

ဗုဒ္ဓမြတ်စွာဘုရားရှင်ဟာ သတ္တမမြောက်ဝါကို တာ၀တိံသာနတ်ပြည်မှာ ဝါကပ်တော်မူပါတယ်။ ဝါတွင်း သုံးလပတ်လုံးမှာ သိကြားမင်းနေရာ ပင်လယ်ကသစ်ပင်ရင်းမှာ ခင်းထားအပ်တဲ့ ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာထက်မှာ နေမင်းကဲ့သို့ တင့်တယ်စွာ စံနေတော်လျှက် မယ်တော်ဖြစ်ခဲ့ဖူးတဲ့ သန္တုဿီတနတ်သားကို အမှုးထားလို့စကြ၀ဠာတိုက်တစ်သောင်းက နတ်ဗြဟ္မာအပေါင်းတို့ကို အဘိဓမ္မာတရားတော်မြတ်ကို ဟောကြားတော်မူခဲ့ပါတယ်။

မယ်တော်မိနတ်သားကို ကျေးဇူးဆပ်လိုတဲ့အတွက်ကြောင့် အလွန်အင်မတန်နက်နဲတဲ့ ဓမ္မသင်္ဂဏီကျမ်း၊ ဝိဘင်းကျမ်း၊ ဓာတုကထာကျမ်း၊ ပုဂ္ဂလပညတ်ကျမ်း၊ ကထာ၀တ္ထုကျမ်း၊ ယမိုက်ကျမ်း၊ ပဋ္ဌာန်းကျမ်း စတဲ့ကျမ်းပေါင်း ၇ ကျမ်းနဲ့ ဖွဲ့စည်းအပ်တဲ့ အဘိဓမ္မာတရားဒေသနာတော်မြတ်ကို အတိဝိတ္ထာရ (အကျယ်နည်း)နဲ့ အစမှအဆုံး တထိုင်တည်း တာ၀တိံသာနတ်ပြည်မှာ လူတို့သက်တမ်းသုံးလကြာ ဟောကြားခဲ့တယ်လို့ဆိုပါတယ်။

သီတင်းကျွတ်လပြည့်နေ့ရောက်တဲ့အခါမှာတော့ ဘုရားရှင်ဟာ နတ်ဗြဟ္မာအပေါင်းခြံရံလို့ သိကြားမင်း ဖန်ဆင်းပူဇော်အပ်တဲ့ ရွှေစောင်းတန်း၊ ပတ္တမြားစောင်းတန်း၊ ငွေစောင်းတန်းသုံးသွယ်တွင် အလယ်ပတ္တမြား စောင်းတန်းကနေ လူ့ပြည်ဖြစ်တဲ့ သင်္ကဿနဂိုရ်ပြည်သို့ပြန်လည်ဆင်းသက် ကြွမြန်းတော်မူတယ်လို့ဗုဒ္ဓစာပေ အဋ္ဌကထာတွေမှာ ဆိုထားပါတယ်။

ဘုရားရှင်တော် တာ၀တိံသာနတ်ပြည်မှ ပြန်လည်ကြွရောက်တော်မူလာတာကို သင်္ကဿနဂိုရ်ပြည်သူ ပြည်သား လူပုဂ္ဂိုလ်အများက ဘုရားရှင်ရဲ့ ကျေးဇူးကိုအောက်မေ့ပြီး မီးရှူး မီးတိုင်တွေ၊ မီးပန်းတွေ၊ ဆီမီးတွေထွန်းညှိ ပူဇော်ကြိုဆိုခဲ့ကြပါတယ်။ အဲ့ဒီအထိမ်းအမှတ်ကို အကြောင်းပြုပြီး သီတင်းကျွတ် မီးထွန်းပွဲတော် စတင်ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။

ဗုဒ္ဓမြတ်စွာရဲ့ မယ်တော်မာယာဒေဝီအပေါ် မိခင်ဖြစ်ခဲ့ဖူးတဲ့ ကျေးဇူးကို ပြန်လည်ပေးဆပ်ဖို့ အားထုတ်တော်မူခဲ့တဲ့ ပြယုဂ်တခုလို့လည်းပြောနိုင်ပါလိမ့်မယ်။ ဒါကြောင့်လည်း သီတင်းကျွတ် လပြည့်နေ့ကို အဘိဓမ္မာအခါတော်နေ့၊ ကျေးဇူးတော်အခါသမယနေ့လို့ သတ်မှတ်ကြတဲ့အပြင် သံဃာတော်တွေဟာ ဝါတွင်းသုံးလပတ်လုံး ဝါဆိုခဲ့ကြပြီး ဝါကျွတ်တဲ့အခါ ဝါစဉ်ကြီးတဲ့သံဃာတွေ “တပည့်တော်၏ အပြစ်ကိုမြင်လျှင်‌သော်လည်းကောင်း၊ ကြားလျှင်သော်လည်းကောင်း၊ သံသယရှိလျှင် သော်လည်းကောင်း၊ တပည့်တော် အားသနားသဖြင့် ပြော၍ဆို၍ သတိပေးပါ၊ အပြစ်ကိုရှာ၍ ကုစားပါမည်”ဟု သုံးကြိမ်တိုင်တိုင် သံဃာများကို ဖိတ်ကြားတိုက်တွန်းပြီး ကျန်သံဃာတော်တွေက သာဓုသုံးကြိမ် ခေါ်ကြရတဲ့ ပဝါရဏာပြုကြပါတယ်။ သံဃာတော်တွေ ပဝါရဏာပြုတဲ့ နည်းတူ လူတို့မှာလည်း မိမိတို့ထက်ကြီးမြင့်တဲ့ သက်ကြီးရွယ်အိုတွေ၊ မိဘ ဘိုးဘွားတွေကို အပြစ်မှ ခွင့်လွှတ်စေကြောင်း ဝန်ချပြီး ကန်တော့ကြတာဟာ မြန်မာ့ယဉ်ကျေးမှုအစဉ်အလာ သီတင်းကျွတ်ပွဲတော်ရဲ့ အနှစ်သာရပဲ ဖြစ်ပါတယ်။

ပြီးတော့ မြတ်စွာဘုရားရှင်ဟောကြားတော်မူခဲ့တဲ့ မင်္ဂလသုတ်ရဲ့

ဂါရဝေါ စ နိဝါတော စ၊

 သန်တုဋ်ဌိ စ ကတညုတာ။

 ကာလနေ ဓမ်မဿ၀နံ၊

 ဧတံ မင်္ဂလ မုတ္တမံ။ 

ဆိုတဲ့ အပိုဒ်ထဲမှာပါတဲ့ “ကတညုတာ” ဆိုတာ သူတပါးက မိမိအပေါ်ပြုဖူးတဲ့ ကျေးဇူးကို သိတတ်ခြင်းသဘောလေးဟာ…မင်္ဂလါမည်တယ်လို့သတ်မှတ်တာပါ။ ဟုတ်ပါတယ် ကျနော်တို့ ဗုဒ္ဓဘာသာ၀င် မြန်မာလူမျိုးတွေသာမက အာရှတိုက်သား အားလုံးလိုလိုဟာ ကျေးဇူးတရား ကိုသိတတ်ဖို့ သူတပါးကျေးဇူးတုံ့ပြန်တတ်ဖို့ ဆိုဆုံးမသင်ကြားမှုတွေအောက်မှာ ကြီးပျင်းခဲ့ကြရတာပါ။ အာရှတန်ဖိုးတွေထဲက တန်ဖိုးတစ်ခုလို့ ပြောနိုင်ပါတယ်။ တကယ်တော့ ဒီအဆုံးအမတွေဟာ မွန်မြတ်တဲ့ ကျင့်သုံးအပ်တဲ့ လောကကိုလှပစေတဲ့ အလှဆင် တရားတွေပါပဲ။ လူ့အဖွဲ့စည်းအတွက် အလွန်အရေးပါတဲ့ စာရိတ္တသီလလို့ ပြောရင်လည်း ရပါတယ်။

ဒီတရားကို မှန်မှန်ကန်ကန်မရှုမြင်နိုင်ဘဲ ကျင့်သုံးခဲ့ရင်… လောကကိုအရုပ်ဆိုး အကျဉ်းတန် သွားစေနိုင်ပါတယ်။ ဒါကြောင့် ကတညူ ဆိုတဲ့ သူတပါးက မိမိအပေါ်ပြုဖူးသော ကျေးဇူး တရားကိုသိတတ်တဲ့သူနဲ့ ကတဝေဒီ ဆိုတဲ့ မိမိက သူတပါးအပေါ်ကျေဇူးတုံ့ပြန်တတ်သူဖြစ်အောင် ဓမ္မဓိဋ္ဌာန်ကျကျ ဆင်ခြင်နားလည်ပြီးမှ ကျင့်သုံးနိုင်အောင် ဒီဆောင်းပါးမှာမျှဝေခံစား ဆွေးနွေးလိုက်ပါတယ်။

ကျေးဇူးပြုသူ (သို့) ကျေးဇူးရှင်လို့ ဘယ်လိုသတ်မှတ်မလဲ

ယေဘုယျအားဖြင့်တော့ လူယောက်ဟာ မိမိအပေါ် လောကီအကျိုး၊ လောကုတ္တရာအကျိုး တွေ ရယူပိုင်ဆိုင်နိုင်အောင် ဆောင်ကျဉ်းပေးတဲ့သူကို ကိုယ့်ရဲ့ ကျေးဇူးရှင်လို့ သတ်မှတ်လေ့ရှိပါတယ်။

ဒါပေမဲ့ လောကီအကျိုးဆိုတဲ့နေရာမှာ မိမိအတွက်တော့ လတ်တလောအကျိုးရှိပါရဲ့ တခြားလူတွေ မျက်ရေကြီးငယ်ကျ ဒုက္ခပင်လယ်ဝေရရင်တော့ ရယူအပ်တဲ့ လောကီအကျိုးလို့ ခေါ်ထိုက်ပါသလား။ လူသတ် ဓားမြတိုက်ပြီး တိုက်ရာပါပစ္စည်းတွေကို သူ့အပေါ်သစ္စာရှိအောင် ခွဲဝေပေးတဲ့သူကို ကျေးဇူးပြုတဲ့သူ ကျေးဇူးရှင်လို့ ခေါ်ထိုက်ပါသလား။

အဲဒီလိုပဲ နိုင်ငံတော်ရဲ့ အာဏာနဲ့လုပ်ပိုင်ခွင့်တွေ ဓားမြတိုက်သိမ်းပိုက်ယူထားပြီး သူ့တို့အပေါ် သစ္စာရှိအောင် မထိုက်တန်တဲ့သူတွေကို မခံစားအပ်တဲ့ တိုင်းပြည်ဘဏ္ဍာနဲ့ ပြည်သူပိုင်ပစ္စည်းတွေ ဝေခြမ်းသုံးစွဲခွင့်ပြုနေသူတွေကို ကျေးဇူးရှင်လို့ ခေါ်ထိုက်ပါသလား။

ဥပမာ တခုဆောင်ရရင် တိုင်းရင်းသားလက်နက်ကိုင်တပ်က ဖြစ်ဖြစ်၊ စစ်တပ်ကဖြစ်ဖြစ် အရာရှိစစ်ဗိုလ်တယောက်ကို သူ့အထက်အရာရှိ တပ်မှူး စစ်ဗိုလ်ချုပ်တယောက်က လာဘ်စားပြီး ၀င်ငွေကောင်းနိုင်တဲ့ လုပ်ပိုင်ခွင့်အာဏာ၊ အရပ်ဘက်ဌာနဆိုင်ရာတခုကို ရာထူးအဆင့်တခု ရအောင် သူကောင်းပြုပေးလိုက်ရင် ကျေးဇူးရှင်ဖြစ်တော့တာပဲ။ အဘချင်း မိုးမွှန်အောင်ခေါ်ပြီး မိဘထက်တောင် ကျေးဇူးများသယောင် သစ္စာအကြီးအကျယ်ခံတော့တာ မဟုတ်လား။

တကယ်တော့ အဲ့ဒီ အဘဗိုလ်ချုပ်ဆိုသူက သူ့အိပ်ကပ်ထဲက သူ့ချွေးနှဲစာကို ထုတ်ပေးတာ မဟုတ်ဘူး။ ပြည်သူ့ဘဏ္ဍာဖေါက်ပေးတာ လူထုပိုက်ဆံကို တဖက်လှည့်နဲ့ခိုးစားခွင့်ပြုလိုက်တာ။ ကိုယ့်အရိုးနဲ့ ကိုယ့်ပြန်အထိုးခံရတာ။ အလွန်ရှက်စရာ ၀မ်းနည်းစရာကောင်းတဲ့ကိစ္စကြီးပါ။

ဒါကြောင့် နိုင်ငံသားပိုင် ဥစ္စာပစ္စည်းတွေကို အလွဲသုံးစားလုပ်ပြီး ကျေးဇူးပြုသူတွေကို ကျေးဇူးရှင်လို့ သတ်မှတ်သစ္စာခံနေကြတာဟာ “ကတင်ညူ” မဖြစ်နိုင်သလို “ကတဝေဒီ” လည်း မဖြစ်ပါဘူး။ အဲ့ဒါအပြင် လက်ရှိပစ္စုပ္ပန်ဘ၀မှာတင် ပြည်သူရဲ့ ဒဏ်ခတ်မှုစတဲ့ အကျိုးဆက်တွေ တင်မက ကြောက်မက်ဖွယ် သံသရာကြွေးတွေပါသွားမယ့် ကိစ္စဖြစ်တယ်လို့ သတိပေးပါရစေ။

မိဘဆရာသမားနဲ့ တကယ့်ကျေးဇူးရှင်တွေဆိုတာ တခြားသူတွေကိုမထိပါးစေဘဲ အပြစ်ကင်းစွာနဲ့ မိမိရဲ့ကောင်းကျိုးချမ်းသာကို ပစ္စုပ္ပန်ဘ၀တင်မက နှောင်သံသရာဘဝတွေမှာပါ ခံစားနိုင်အောင် ကျေးဇူးပြုနိုင်သူတွေကိုသာ ခေါ်ဆိုအပ်တာပါ။

မိမိက သူတပါးကျေးဇူးကိုဘယ်လို မှန်မှန်ကန်ကန်တုံ့ပြန်မလဲ…

လူဆိုတာ ကိုယ့်အပေါ်ကောင်းရင် ကိုယ့်အပေါ်ကျေးဇူးပြုခဲ့သူဆိုရင် ကျေးဇူးတုံ့ပြန်ချင်ကြတာ၊ ကျေးဇူးဆပ်ချင်ကြတာဓမ္မတာပါ။ ဒါပေမဲ့ အထက်မှာဆွေးနွေးခဲ့သလို မတင်ထိုက်တဲ့ ကျေးဇူးရှင် တွေကို သစ္စာခံနေတာ၊ ကျေးဇူးဆပ်နေတာဟာ မြန်မာ့လူ့အဖွဲ့အစည်းကို ဆုတ်ယုတ် ပျက်စီး စေပါတယ်။

မိမိရဲ့ မိဘ ဆရာသမား အကြီးအကဲ အရာရှိတပည့်တပန်းတွေမှားနေတာကိုသိရင် ရဲရဲဝံ့ဝံ့ မှန်မှန်ကန်ကန် ဝေဖန်သတိပေး ပြုပြင်ပေးရမယ်။ ဒါမှ စစ်မှန်တဲ့တကယ့် ကျေးဇူးဆပ်ခြင်း ကတာဒေဝီ ဖြစ်နိုင်မှာပါ။ မှားမှန်းသိရက်နဲ့ မပြင်ဘဲ အမှားပေါ်အမှားဆင့်ခြင်းဟာ အမှန်ကိုမရောက်နိုင်ပါဘူး။ မှားယွင်းတဲ့ ကျေးဇူးဆပ်ခြင်းဟာ မီးလောင်ရာလေပင့်သလို ကျေးဇူးပြုသူရော ကျေးဇူးဆပ်သူကိုပါ ပိုမိုနက်ရှိုင်းတဲ့ ဆိုးကျိုးတရားနဲ့ မကောင်းသော လားရာတွေကိုသာရှေးရှုစေပါတယ်။

ဒီလိုလုပ်ခြင်းဟာ..အာရှတန်ဖိုး (Asia Values) တွေထဲက ကျေးဇူးတရားကိုမမေ့အပ်ဘူး ကျေးဇူးသိတတ်ရမယ်ဆိုတဲ့အချက်ကို အဓိပ္ပါယ်အကောက်လွဲပြီး ကိုယ့်ကျိုးစီးပွားအတွက် မှားယွင်းစွာ အသုံးချနေကြတာပါ။ ဆင်ခြင်တုံတရားဦးဆောင်တဲ့ မှန်စွာကျေးဇူးသိတတ်သူ (ကတညူ)၊ မှန်စွာကျေဇူးတုံ့ပြန်တတ်သူ (ကတဝေဒီ) ဖြစ်ဖို့အလွန်အရေးကြီးပါတယ်။

နိဂုံးချုပ်ရရင်တော့ လူတိုင်းလူတိုင်းဟာ မိမိအပေါ်ကျေးဇူးပြုဖူးသူကို ကျေးဇူးတုံ့ပြန်ခြင်းဟာ ကောင်းမြတ်တဲ့တရားဖြစ်တယ်။ ဒါပေမဲ့ အပြစ်ကင်းတဲ့ ကျေးဇူးတရားတကယ်ဟုတ်၊ မဟုတ် တခြားသူတွေ မျက်ရည်ကြီးငယ်ကျမှ ကိုယ်စံစားရစေတဲ့ ကျေးဇူးလားဆိုတာ တွေးတောဆင်ခြင်ပြီး မှန်ကန်တဲ့နည်းလမ်းတွေနဲ့ ကျေးဇူးဆပ်ဖို့လိုပါတယ်။

မြန်မာနိုင်ငံသားတစ်ဦးခြင်းက မှားယွင်းတဲ့ကျေးဇူးဆပ်ခြင်းနဲ့ ကိုယ့်ပတ်၀န်းကျင်မှာ ဖြစ်ပျက်နေတဲ့ မတရားမှု အနိဋ္ဌာရုံတွေကို မျက်ကွယ်ပြုပြီး လမ်းမှားပေါ်လျှောက်နေတဲ့ မိမိအကြီးအကဲနဲ့ အထက်အရာရှိတွေကို ဆက်လက်သစ္စာခံ အမိန့်နာခံနေရင်တော့ တိုင်းပြည်ဟာ နစ်သထက်နစ် သွားမှာပါ။

တိုင်းပြည်ရဲ့ အနာဂတ်ကို အဆုံးအဖြတ်ပြုနိုင်တာက ငြိမ်းချမ်းရေးပါပဲ။ မြန်မာနိုင်ငံကို နိုင်ငံသားတိုင်းအတွက် ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့ မြေဖြစ်ဖို့၊ အများဆန္ဒကို ကိုယ်စားပြုလို့ မွန်မြတ်သန့်စင်တဲ့ ဖက်ဒရယ်ပြည်‌ထောင်စု ဒီမိုကရေစီနိုင်ငံတော်သစ် မတည်ထောင်နိုင်‌အောင် သူတို့အာဏာလက်လွှတ်ရမှာ၊ ကိုယ်ကျိုးစီးပွား ဆုံးရှုံးမှာစိုးရွံ့တဲ့ ဘယာဂတိတွေနဲ့ မပြင်ချင်တဲ့ စစ်အာဏာရှင် လူမိုက်ကြီးတွေကို သစ္စာခံနေသူတွေ၊ ထောက်ခံကျေးဇူးဆပ်နေသူတွေကို သီတင်းကျွတ်လပြည့်နေ့မှာ အထူးမေတ္တာရပ်ခံ သတိပေးလိုပါတယ်။

ထူးခြားတဲ့ အဓိပ္ပါယ်ကိုဆောင်ယူလာတဲ့…အဘိဓမ္မာအခါတော်နေ့၊ ကျေးဇူးတော်အခါသမယနေ့မှာ မြတ်စွာဘုရားရှင် ကိုယ်တော်တိုင်သော်မှ အဲ့ဒီနေ့မှာ မယ်တော့် ကျေးဇူးကို အသိမှန်အမြင်မှန်ရအောင် တရားဟောပြောပြပြီး မှန်ကန်တဲ့ နည်းလမ်းနဲ့ ကျေးဇူးအထူးဆပ်ခဲ့တာပါ။ မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းလည်း အခု သီတင်းကျွတ် လပြည့်နေ့ ကစလို့ မိမိရဲ့မိဘဆရာသမားအကြီးအကဲ အရာရှိတွေရဲ့အမှားကို ဝေဖန်ထောက်ပြခြင်း၊ ပြုပြင်ဖို့တိုက်တွန်းခြင်းနဲ့ သင့်တင့်လျှောက်ပတ်စွာ ကျေးဇူးဆပ်နိုင်ကြပါစေ၊ မှန်ကန်သော ကတညူ ကတဝေဒီ ပုဂ္ဂိုလ်ထူးများ ဖြစ်နိုင်ကြပါစေလို့ ဆန္ဒပြုလျက်။

လေးစားစွာဖြင့်

မင်းကောင်းချစ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024