Home
မြန်မာသတင်း
မင်းလှမြို့၊ ဆည်ဘောင်အနီးနေအိမ်များကို ဖယ်ရှားခိုင်းပြီး ၇ ရက်အကြာတွင် မီးရှို့ဖျက်ဆီး
DVB
·
October 29, 2023

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်က ကံတင်ဘီးလင်း ဆည်ဘောင်နားမှာ နေထိုင်သူတွေကို စစ်ကောင်စီက ဖယ်ရှားခိုင်းပြီး ၇ ရက်အကြာမှာပဲ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ပြီး နေအိမ်နဲ့ စက်လှေတချို့ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အောက်တိုဘာ ၂၅ ရက်နေ့ မနက်ပိုင်းမှာ မင်းလှမြို့ ခြေလျင်တပ်ရင်း ခလရ ၁ က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာပြီး နေအိမ်တွေကိုနဲ့ စက်လှေတချို့ကို မီးရှို့ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။

ဆည်ဘောင်အနီး နေထိုင်သူ တယောက်က “အခုလ ၁၉ ရက်နေ့က ဗိုလ်ကြီး တယောက် ပါတယ်။ စစ်သားတွေရော ရွာအုပ်ချုပ်ရေးမှူးရောပါတယ်။ ၃ ရက်အတွင်း ဖယ်ပေးရမယ်လို့ ပြောသွားတာ။ ကျနော်တို့က စက်လှေလေးတွေလည်းရှိတော့ လကုန်လောက်အထိ စောင့်ပေးဖို့ အသနားခံပြောထားတာ။ ပြောင်းရွှေ့ဖို့ အချိန်ရအောင်လို့ပါ။ အဲနေ့ကတော့ အေးအေးဆေးဆေးပြောသွားပြီး အခုရက်မှ အကုန်လာဖျက်တာ” လို့ ပြောပါတယ်။

ပြောင်းရွှေ့နေထိုင်ဖို့ နေရာရှာဖို့နဲ့ စက်လှေတွေ သယ်ဆောင်ဖို့အတွက် အောက်တိုဘာလ အကုန်ထိ စောင့်ဆိုင်းပေးရန် ပြောဆိုခဲ့ပေမဲ့အခု အင်အားအများအပြားနဲ့ လာရောက်ဖျက်ဆီးပြီး နေ့ချင်းပြီး ပြောင်းရွှေ့ခိုင်းခဲ့တာလို့ သိရပါတယ်။

အဲဒီနေရာမှာ အိမ်ခြေ ၂၈၃ အိမ်၊ လူဦးရေ ၁၇၀၀ ကျော်ရှိပြီး ၂၀၀၈ ခုနှစ် နာဂစ် မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ဧရာဝတီတိုင်းက ပြည်သူတွေဟာ နေထိုင်စရာ မရှိတော့တဲ့အတွက် ဆည်အနီးမှာ လာရောက်နေထိုင်ကြတာဖြစ်ပြီး ဆည်အနီး ကျေးရွာအုပ်ချုပ်ရေးမှူး လက်အောက်မှာ နေထိုင်တာ နှစ် ၂၀ ကျော်ရှိပြီလို့ သိရပါတယ်။

အခုလို လုပ်ဆောင်တာဟာ ပဲခူရိုးမထဲမှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဖြစ်နေလို့ PDF တွေ ခိုလို့မရအောင် လုပ်နိုင်တာဖြစ်တယ်လို့လည်း ဆိုကြပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ ပဲခူးရိုးမထဲမှာ စစ်ကြောင်းထိုးဖို့အတွက် ပြည်သူတွေကို ဖမ်း‌ဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုနေလို့ ရိုးမအနီးဝန်းကျင် ကျေးရွာတွေက ပြည်သူ ၁၅၀၀ ထက်မနည်း စစ်ရှောင်နေကြရတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024