တရုတ်နိုင်ငံအနေနဲ့ မြန်မာပြည်သူတွေဘက်က ရပ်တည်ပေးဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကို အမေရိကန်ရောက် မြန်မာတွေ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဟာ ဒေသစံတော်ချိန် အောက်တိုဘာ ၂၇ ရက်နေ့မွန်းလွဲပိုင်းက အမေရိကန်ပြည်ထောင်စု မြို့တော်ဝါရှင်တန်ဒီစီ တရုတ်သံရုံးကို ရောက်လာခဲ့ချိန် မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေက သံရုံးရှေ့မှာ ဆန္ဒပြတောင်းဆိုခဲ့ကြတာပါ။
မြန်မာ့ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူ ကိုရင်အေးက"ကျနော်တို့က စင်ကာပူသံရုံးကို ဆန္ဒပြနေတုန်းမှာ ကပ်လျက် တရုတ်သံရုံးကို နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိရောက်လာတာပါ။ မမျှော်လင့်ထားပဲကြုံရတာဖြစ်ပါတယ်။ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ပြည်သူတွေဘက်က ရပ်တည်ပေးဖို့ ကျနော်တို့တိုက်တွန်းတောင်းဆိုခဲ့ပါတယ်"လို့ ပြောပါတယ်။
တရုတ်နိုင်ငံဟာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ပြည်တွင်းက သူတို့အကျိုးစီးပွားတွေကို ကာကွယ်နိုင်ဖို့ စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိနေခဲ့တာပါ။
မြန်မာပြည်တွင်းပဋိပက္ခအတွင်း စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ပြည်သူ ၄၁၀၀ ကျော် သေဆုံးခဲ့ပြီး စစ်ကောင်စီက မတရားဖမ်းဆီး တရားစွဲထောင်ချတာ ခံထားရတဲ့ပြည်သူ ၁၉၀၀၀ ကျော်အထိရှိနေတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားပါတယ်။
ဒီလိုအခြေအနေမှာ မြန်မာ့ဒီမိုကရေစီအရေးနဲ့ ပြည်သူတွေဘက်ကမရပ်တည်တဲ့အတွက် တရုတ်နိုင်ငံဟာ နိုင်ငံတကာသံတမန်အသိုင်းအဝိုင်းမှာ ဝေဖန်မှုတွေနဲ့ ကြုံတွေ့နေရပါတယ်။
အမေရိကန်ပြည်ထောင်စုနဲ့ လက်တွေ့ကျတဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ဖို့နဲ့ နှစ်နိုင်ငံ ဆက်ဆံရေး ကောင်းကောင်းမွန်မွန် ပြန်ထူထောင်နိုင်ရေး ကွဲပြားချက်တွေကို စီမံခန့်ခွဲဖို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန်ပြည်ထောင်စုကို အောက်တိုဘာ ၂၄ ရက်မှာ တောင်းဆိုခဲ့ပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဟာ အောက်တိုဘာ ၂၆ ရက်ကနေ ၂၈ ရက်အထိ အမေရိကန်၊ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်၊ သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ခ် ဆူလီဗန်တို့နဲ့တွေ့ဆုံဖို့ရောက်ရှိနေတာ ဖြစ်ပါတယ်။
ဒီခရီးစဉ်ဟာ နိုဝင်ဘာလမှာ ဆန်ဖရန်စစ္စကိုမြို့မှာ တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်နဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်တို့ မတွေ့ခင် လူချင်းထိတွေ့ဆက်ဆံမှု အဆင့်အမြင့်ဆုံး ခရီးစဉ်ဖြစ်ပါတယ်။
သုတချမ်းသာ