Home
မြန်မာသတင်း
ပန်ဆိုင်းအနီး စစ်စခန်း ၁ ခု ကို ကိုးကန့် ပူးပေါင်းအဖွဲ့သိမ်းပိုက်၊ တနင်္သာရီတွင် စစ်သားများ တိုက်ခိုက်ခံရ
DVB
·
October 28, 2023

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တရုတ် - မြန်မာနယ်စပ် ကြူကုတ် (ပန်ဆိုင်း) နားက စစ်ကောင်စီ စခန်းတခုကို အောက်တိုဘာ ၂၇ ရက်နေ့ ညနေပိုင်းက MNDAA ပူးပေါင်း အဖွဲ့က သိမ်းပိုက်မီးရှို့ဖျက်ဆီးခဲ့ပြီး တနင်္သာရီတိုင်းထဲမှာလည်း စစ်ကောင်စီတပ်တွေ ၃ ကြိမ်တိုက်ခိုက်ခံခဲ့ရပါတယ်။

MNDAA နဲ့နီးစပ်သူတယောက်က "ပန်ဆိုင်းရွာ အထက်က စစ်ကောင်စီစခန်းတခုကို အောက်တိုဘာ ၂၇ ရက်နေ့ ညနေ ၃ နာရီလောက် က MNDAA ဘက်က သိမ်း လိုက်ပြီ" လို့ ပြောပါတယ်။ 

နယ်စပ်ကုန်သည်တယောက်ကတော့ ပန်ဆိုင်းမြို့မှာ ဘာမှမဖြစ်ဘဲ တိုက်ပွဲဟာ ပန်ဆိုင်းနဲ့ မုံးကိုးကြားက ရေပူနားမှာ ဖြစ်နိုင်တယ်လို့ပြောပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီး ပစ်ကူတာကြောင့် ပန်ဆိုင်းမြို့ထဲ ၃၊ ၄ လုံး ကျပြီး ၁ လုံးကတော့ တရုတ်နိုင်ငံ ဝမ်တိန်မြို့ထဲကို ကျသွားတယ်လို့ ပြောပါတယ်။ 

စစ်ဆင်ရေး ၁၀၂၇ အမည်နဲ့ KIA အပါအဝင် မြောက်ပိုင်း မဟာမိတ် ညီနောင်တွေဖြစ်တဲ့ MNDAA, TNLA, AA ပူးပေါင်းအဖွဲ့ဟာ အောက်တိုဘာ ၂၇ ရက်နေ့ မနက် ၄ နာရီက စပြီး ရှမ်းပြည်နယ်မြောက်ပိုင်း နေရာအနှံ့က စစ်ကောင်စီစခန်းတွေနဲ့ စစ်ဆေးရေးစခန်း၊ တိုးဂိတ် တွေကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာပါ။ 

လက်ရှိမှာတော့ ချင်းရွှေဟော်မြို့ကို သိမ်းပိုက်ထားပြီး ကိုးကန့်အလံတွေပါ လွှင့်ထူထားသလို သိန္နီ ၆၉ စစ်ကောင်စီတပ်၊ မုံးစီးဗျူဟာ၊ နမ့်ခမ်း ၁၃ မိုင်ဂိတ်၊ မိုင်ခရိုဝေ့စခန်း၊ ကြူကုတ် (ပန်ဆိုင်း) နားက စခန်းကုန်းတခုတို့ကို ညီနောင်မဟာမိတ် အဖွဲ့က သိမ်းပိုက်ထားပြီ ဖြစ်ကြောင်း သိရပါတယ်။ 

တနင်္သာရီတိုင်းထဲမှာတော့ စစ်ကောင်စီတပ်၊ ပျူစောထီးတွေနဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေ ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာ ၂၄ ရက် ည ၁၂ နာရီအချိန်လောက်က ကျွန်းစုမြို့နယ်၊ မင်းဂုတ်ကျေးရွာမှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ပြီး နာရီဝက်နီးပါးကြာ တိုက်ပွဲဖြစ်ခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထား ပါတယ်။

ကျွန်းစု ပကဖ ရဲ့ သတင်းပြန်ကြားရေးတာဝန်ခံက "ကျနော်တို့ဘက်ကတော့ ထိခိုက်မှုမဖြစ်ဘူး။ မိနစ်အနည်းငယ်တော့ ပစ်ခတ်မှုဖြစ်တယ်။ သူတို့စခန်းကိုသွားပြီး ဖျက်ဆီးတာပေါ့။ သူတို့ဘက်က တယောက်ထိတယ်လို့ ကြားထားပေမဲ့ အတည်မပြု နိုင်သေးပါဘူး" လို့ ပြောပါတယ်။

အဲဒီ ပျူစောထီးစခန်းကို မြိတ်ခရိုင်တပ်ရင်း ၂ တပ်ခွဲ ၂၊ တနင်္သာရီ၊ ကျွန်းစုနဲ့ပုလော ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ သွားရောက်တိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။

အောက်တိုဘာ ၂၅ ရက်နေ့ မနက် ၁၁ နာရီကျော်လောက်ကလည်း တနင်္သာရီမြို့နယ် ဇဝဲဘက်ကနေ မော်တုန်းအခြေစိုက် အမှတ် ၃၀၆ အမြောက်တပ်ကိုလာတဲ့ စစ်ကောင်စီ တပ်သားတွေ တင်ဆောင်လာတဲ့ အမဲရောင်ဗီဂိုကား ၁ စီးကို ချောင်းညီကိုရွာအနီးမှာ တနင်္သာရီ ပကဖ က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဒေသခံပြည်သူတယောက်က "ကားကို မိုင်းအရင်ဆွဲတာတဲ့။ အဲဒါ မိုင်းဆွဲတာမထိလို့‌ သေနတ်နဲ့ဝင်ပစ်တာ။ စစ်သားတွေတော့ အခု လမ်းတလျှောက်မှာရှိနေတယ်" လို့ ပြောပါတယ်။

ဒါ့အပြင် နေ့လယ် ၁၂ နာရီလောက်ကလည်း စစ်ကူဖို့လာတဲ့ စစ်ကောင်စီကားတွေကို  မြိတ်မြို့နယ် တုံးဗျောအုပ်စု၊ တောင်ပုရွာကျေးရွာအနီးမှာ တနင်္သာရီနဲ့ ပုလော ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား အများအပြား ထိခိုက်သေဆုံးတယ်လို့ ထုတ်ပြန်ချက်မှာ‌ ဖော်ပြထားပါတယ်။

အဲဒီ တိုက်ခိုက်မှုတွေမှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေဘက်က ထိခိုက်မှုမရှိခဲ့ဘူးလို့ ဆိုပြီး တနင်္သာရီမြို့နယ်ဘက်မှာ အခုရက်ပိုင်းအတွင်း တိုက်ပွဲတွေ ပြန်လည်ပြင်းထန်လာနိုင်တာကြောင့် ခရီးသွားပြည်သူတွေ သတိကြီးကြီးထား သွားလာနေထိုင်ကြဖို့ကိုလည်း ပြည်သူ့ကာကွယ်ရေးဘက်က အသိပေး ထုတ်ပြန်ထား ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024