Home
မြန်မာသတင်း
ကျောက်မဲတွင် တိုက်ပွဲဖြစ်နေပြီး ဒေသခံများကို လူမှုရေးအသင်းများ ကယ်ထုတ်နေ
DVB
·
October 28, 2023

ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်နေလို့ စစ်ရှောင်ပြည်သူတွေကို လူမှုကူညီရေးအသင်းတွေက ကယ်ထုတ်နေရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

အောက်တိုဘာ ၂၅ ရက်နေ့က စတင်ပြီး ကျောက်မဲမြို့နဲ့ အနီးပတ်ဝန်းကျင်ကျေးရွာတွေကို လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် နောင်ပိန်မြို့က ဘုန်းကြီးကျောင်းတွေဆီ စစ်ရှောင်ပြည်သူတွေကို ပို့ဆောင်ပေးနေရတယ်လို့ ဆိုပါတယ်။

လူမှုကူညီရေး အသင်းဝင်တယောက်က “ညဘက် အမှောင်ဘက်ရောက်သွားရင်တော့ ရွာထဲဝင်လို့မရဘူး။ နေ့ဘက်ပိုင်းတွေတော့ ဝင်ခေါ်ပေးလို့ရတယ်။ တချို့က မရှောင်ချင်ကြတဲ့ သူတွေလည်းရှိတယ်။ ကျနော်တို့က လိုအပ်ရင်ဆက်သွယ်လို့ရအောင် ဖုန်းနံပတ်တွေ ပေးခဲ့တယ်” လို့ ပြောပါတယ်။

ကျောက်မဲမြို့နယ်က ခဲလုံ၊ ပန်မလွတ်၊ နောင်ပစ်ကျေးရွာတို့မှာ တိုက်ပွဲတွေဖြစ်နေပြီး စစ်ရှောင်ပြည်သူ ၂၀၀ လောက်ကို လူမှုကူညီရေးအသင်းတွေက နောင်ပိန်မြို့ ဘုန်းတော်ကြီးကျောင်းနဲ့ ဓမ္မာရုံတွေဆီ ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။

စစ်ရှောင်ပြည်သူတယောက်က “ဒီနေ့မှ ကျမတို့မိသားစုက လိုက်လာဖြစ်တာ။ စားသောက်ဖို့ အခက်အခဲရှိမှာစိုးတာရယ်၊ သိမ်းဆည်းစရာလေးတွေရှိလို့။ ကျောက်မဲက အမျိုးအိမ်သွားနေဖို့ပဲ။ သူတို့အိမ်မှာလည်း လူများနေလို့ ကျောင်းပဲလိုက်လာခဲ့တာ” လို့ ပြောပါတယ်။

တိုက်ပွဲဖြစ်နေတဲ့ဒေသတွေမှာ အရပ်သားပြည်သူတွေ ကျန်နေသေးပြီး  အောက်တိုဘာ ၂၇ ရက်နေ့အထိ မြို့ခံလူမှုကူညီရအသင်းတွေက  ကယ်ထုတ်နေရတယ်လို့ သိရပါတယ်။

စစ်ရှောင်ပြည်သူတွေ နေထိုင်စားသောက်ဖို့ ကျောင်းထိုင်ဘုန်းကြီးနဲ့ ပရဟိတအသင်းတွေက အများပြည်သူလှူဒါန်းတဲ့ ငွေကြေးတွေနဲ့ ကူညီဆောင်ရွက်ပေးနေတယ်လို့လည်း သိရပါတယ်။

အောက်တိုဘာ ၂၇ ရက်နေ့ မနက် ၇ နာရီအချိန်ခန့်က ကျောက်မဲမြို့ အခြေစိုက် ၂ မိုင်ကုန်း တပ်ရင်းက စစ်ကား ၁၀ စီးထက်မနည်း ထွက်ခွာအပြီးမှာ လက်နက်ကြီး ၅ ကြိမ်ထက် မနည်း အဲဒီတပ်ရင်းထဲက ပစ်ခတ်ခဲ့တယ်လို့လည်း သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024