ယင်းမာပင်မြို့နယ်၊ ကပိုင်ရွာက အသက် ၁၆ နှစ်အရွယ် ကလေးတယောက်ကို အောက်တိုဘာ ၂၇ ရက်နေ့ မနက်ပိုင်းမှာ စစ်တပ်က သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ ယင်းမာပင်မြို့နယ် ဒေသခံတွေက ပြောပါတယ်။
ပုလဲမြို့နယ်ဘက်ကနေ အောက်တိုဘာ ၁၅ ရက်ကစပြီး ယင်းမာပင်မြို့နယ်ထဲကို နေ့စဉ် စစ်ကြောင်းထိုးနေတဲ့ စစ်ကြောင်းက ပစ်သတ်ခဲ့တာလို့ ပြောပါတယ်။
ကပိုင်ရွာသားတယောက်က “အဲဒီ စစ်ကောင်စီစစ်ကြောင်းက လက္ကပြားရွာမှာ ညအိပ်ပြီး ကပိုင်ဘက်ကို ထွက်လာတာဗျ။ သူတို့လာပြီဆိုလို့ ကပိုင်ရွာထဲကနေ သားအဖနှစ်ယောက် ကြောက်လန့်ပြီး ထွက်ပြေးတာကို သေနတ်နဲ့ နောက်ကနေလှမ်းပစ်တာ ဦးခေါင်းတည့်တည့် မှန်ပြီး သေဆုံးသွားတာ။ သေဆုံးသူက ဦးဖိုးကြွက်၊ ဒေါ်တင်ဆန်းကြည်တို့ရဲ့သား မောင်ချစ်ဦးသူ အသက် ၁၆ နှစ်ပါဗျ။ ကလေးအဖေကတော့ သူ့ရဲ့သားအလောင်းကိုဖက်ပြီး ငိုနေတာကို စစ်ကောင်စီက ဖအေကိုပါဖမ်းတာ။ ညနေပိုင်းရောက်တော့ ပြန်လွှတ်ပေးလိုက်ကြတယ်။ ဖအေကတော့ ဝမ်းနည်းပက်လက်ပါဗျာ” လို့ ပြောပါတယ်။
အဲဒီ စစ်ကြောင်းဟာ အခု အောက်တိုဘာလထဲမှာပဲ ယင်းမာပင်မြို့က အပြစ်မဲ့ ဒေသခံပြည်သူ ၁၀ ယောက်လောက်ကို သတ်ဖြတ်ထားခဲ့ပြီး ပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင် ရဲဘော်တယောက်ကိုလည်း ခေါင်းဖြတ်သတ်ခဲ့တယ်လို့ ဒေသခံ ကာကွယ်ရေး ခေါင်းဆောင်တယောက်က ပြောပါတယ်။
ယင်းမာပင် ဟိန္နက ပြည်သူ့ကာကွယ်ရေး အဖွဲ့ခေါင်းဆောင် ရဲဘော်ကိုကင်းက “ဒီကောင်တွေ လူစိတ်လုံးဝမရှိတဲ့ကောင်တွေဗျ။ သူတို့စစ်ကြောင်းကို ဘီလူးစစ်ကြောင်းလို့ ကြွေးကြော်ထားတယ်။ အောက်တိုဘာ ၁၆ ရက်နေ့ကလည်း ကျနော်တို့ ရဲဘော်တဦးကို ဦးခေါင်းဖြတ်ပြီး ဘီလူးစစ်ကြောင်း ခေါင်းပဲစားတယ် ဆိုတဲ့ စာရေးထားခဲ့သေးတယ်။ နောက်ပြီး သဲကုန်းရွာက အရပ်သား ၆ ဦးကိုလည်း အသားတုတ်နဲ့ ရိုက်သတ်ထားခဲ့တယ်။ ကုန်းရွာဘက်မှာလည်း ပြည်သူတဦးကို သတ်ထားခဲ့သေးတယ်။ ဒီနေ့ ကလေးငယ်နဲ့ဆိုရင် ၉ ဦးအထိ ရှိနေပြီဗျ။ ဒါ ကျနော်တို့ သိထားရတဲ့ အယောက်အရေအတွက်ပါ။ ဒီထက်လည်း ပိုနိုင်သေးတယ်” လို့ ပြောပါတယ်။
အဲဒီစစ်ကြောင်းဟာ အောက်တိုဘာ ၂၇ ရက်နေ့ညမှာ သီးကုန်ရွာမှာတဖွဲ့နဲ့ ကပိုင်ရွာမှာ ၂ ဖွဲ့ ခွဲပြီး ညအိပ်တာကြောင်း ကပိုင်ရွာ၊ သီးကုန်းရွာအပါဝင် သလောက်ရွာ၊ ဝင်းကုန်းရွာ၊ သစ်ရာပင်ရွာက ပြည်သူတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။