Home
မြန်မာသတင်း
အွန်လိုင်းက ငွေကြေးလိမ်လည်သူ တရုတ်နိုင်ငံသားများ အပါအဝင် ၉၅ ဦးအား ဖမ်းဆီး
DVB
·
October 28, 2023

အွန်လိုင်းက ငွေကြေးလိမ်လည်ခဲ့သူ တရုတ်နိုင်ငံသားတွေ အပါအဝင် ၉၅ ယောက်ကို ဆက်စပ်ပစ္စည်းတွေနဲ့အတူ ရန်ကုန်မြို့မှာ ဖမ်းဆီးရမိခဲ့ပြီး ရုံးခန်းဖွင့်လှစ်ထားတဲ့ ကွန်ဒိုတိုက်ခန်းတခန်းကိုလည်း ချိပ်ပိတ်သိမ်းဆည်းခဲ့တယ်လို့ စစ်ကောင်စီဩဇာခံ သတင်းဌာနတွေမှာ အောက်တိုဘာ ၂၇ ရက် ညပိုင်းက ထုတ်ပြန်ကြေညာခဲ့ကြပါတယ်။

အောက်တိုဘာ ၂၆ ရက်နေ့က ရန်ကုန်၊ တာမွေမြို့နယ်၊ ဦးချစ်မောင်အိမ်ယာမှာ ရုံးခန်းဖွင့်ထားတဲ့ Support fix Co.,Ltd ကို လုံခြုံရေးအဖွဲ့တွေက သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ရာမှာ အသက် ၃၄ နှစ်အရွယ် တရုတ်နိုင်ငံသား ဇူကျန်း(ခ)လောက်ဖ နဲ့အတူ ကျား ၆၆ ယောက်၊ မ ၂၂ ယောက်၊ စုစုပေါင်း ၈၈ ယောက်ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။

သူတို့ထွက်ဆိုချက်အရ အင်းစိန်မြို့နယ်၊ ကမ်းနားအလယ်ရပ်ကွက်၊ လှိုင်မြစ်လမ်းမှာရှိတဲ့ Spring Line ကွန်ဒို၊ ၅ လွှာ၊ အခန်း ၅၀၁ ကို ဝင်ရောက်ရှာဖွေခဲ့ရာမှာ အသက် ၃၀ အရွယ်ရှိ ကျန်းယွိ အပါအဝင် ကျား ၅ ယောက်၊ မ ၂ ယောက်၊ စုစုပေါင်း ၇ ယောက်တို့ကို ဆက်စပ်ပစ္စည်းတွေနဲ့အတူ ထပ်မံဖမ်းဆီးရမိခဲ့​တယ်လို့ ရန်ကုန်တိုင်း၊ မှုခင်းနှိမ်နင်းရေး တပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

“နောက်ထပ်ကွင်းဆက်တရားခံဖြစ်တဲ့ ကုမ္ပဏီအတွက် ဝန်ထမ်းရှာဖွေပေးနေတဲ့ နာနတ်တောလမ်းက တရုတ်နိုင်ငံသားကတော့ ထွက်ပြေးသွားလို့ ရုံးခန်းကို ချိပ်ပိတ်လိုက်ပါပြီ” လို့ သူက ဆက်ပြောပါတယ်။

အွန်လိုင်းကတဆင့် ငွေကြေးလိမ်လည်ခဲ့တဲ့အဖွဲ့ဟာ ပြည်ပနိုင်ငံသားတွေဆီက ငွေကြေး လိမ်လည်ရယူနိုင်ဖို့အတွက် ပစ်မှတ်တွေရှာဖွေစုဆောင်းတာ၊ ရရှိတဲ့ပစ်မှတ်တွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို ရယူဖို့အတွက် အဖွဲ့တဖွဲ့ကို ၁၀ ယောက်စီနဲ့ အဖွဲ့ငယ် ၈ ဖွဲ့ ဖွဲ့စည်းထားရှိပြီး WhatsApp လူမှုကွန်ယက်က တဆင့် ပစ်မှတ်တွေဆီ ဆက်သွယ်ပြီး အချက်အလက်တွေ ရယူလေ့ရှိကြောင်းနဲ့ ရရှိတဲ့ အချက်အလက်တွေကို စုဆောင်းပြီး ငွေကြေးလိမ်လည်တဲ့ တခြားအဖွဲ့တွေကို ပြန်လည်ရောင်းချတယ်လို့ ထုတ်ပြန်ထားပါတယ်။

အခုနှစ်အတွင်း အွန်လိုင်းငွေကြေးလိမ်လည်မှုတွေ လုပ်ဆောင်နေခဲ့တဲ့ ‘ဝ’ နဲ့ ကိုးကန့်ဒေသက တရုတ်နိုင်ငံသား ထောင်ချီကို ဒေသအာဏာပိုင်တွေက ဖမ်းဆီးပြီး တရုတ်နိုင်ငံကို ပို့ဆောင်ပေးခဲ့ပါတယ်။

စစ်ကောင်စီဘက်ကလည်း ဖမ်းဆီးရမိတဲ့ အွန်လိုင်းငွေကြေးလိမ်လည်နေသူ တရုတ်နိုင်ငံသား အယောက် ၅၀ ထက်မနည်းကို ရန်ကုန်လေဆိပ်မှာ တရုတ်ရဲတပ်ဖွဲ့ဆီကို လွှဲပြောင်းပေးခဲ့ကြောင်း ရန်ကုန်မြို့အခြေစိုက် တရုတ်သံရုံးက တရားဝင် သတင်းထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024