ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်မှာ ညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီ တပ်ဖွဲ့ ဝင်တွေရဲ့ တိုက်ပွဲတွေကြောင့် ပြည်သူတွေ ထိခိုက်ဒဏ်ရာ ရခဲ့ပြီး ရွာသား ၁၀,၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
အောက်တိုဘာ ၂၇ ရက် ည ၈ နာရီလောက်က လားရှိုးမြို့မြောက်ဘက် ၉ မိုင် လောက် အကွာက မိန်းတိမ်အုပ်စု၊ ကောင်းကန်ကျေးရွာထဲကို လက်နက်ကြီး ကျည်ကျပြီး နေအိမ် ၂ လုံး၊ ဆိုင်ကယ် ၁ စီး၊ လယ်ထွန်စက် ၁ စီး ပျက်စီးတဲ့အပြင် နွား ၁ ကောင်ပါ သေဆုံးခဲ့တယ်လို့ စစ်ဘေးရှောင်ကူညီသူ စိုင်းလောဝ်က ဒီဗွီဘီကို ပြောပါတယ်။
“ရွာထဲလက်နက်ကြီးကျလို့ လုံးပီးနုတ်နဲ့ စိုင်းဆံယောင်းတို့ အိမ် ၂ လုံးပျက်စီးတယ်။ လုံးပီးနုတ်တို့အိမ်က တအိမ်လုံးပျက်စီးပြီး စိုင်းဆံယောင်းအိမ်က ခေါင်မိုးနဲ့ နံရံ ပျက်စီးပါတယ်။ လုံးပီးနုတ်က နေအိမ်ရော ဆိုင်ကယ်၊ လယ်ထွန်စက်နဲ့ နွား ၁ ကောင်ပါ ဆုံးရှုံးတယ်။ လူကတော့ စစ်ဘေးရှောင်နေကြလို့ ထိခိုက်တာမရှိဘူး။ သူတို့ အိမ် ပြန်လာကြည့်တော့ ရစရာမရှိအောင် ပျက်စီးနေတာတွေ့လို့ ထိုင်ငိုနေကြတယ်” လို့ ပြောပါတယ်။
လားရှိုးမြောက်ဘက်က နားဖတ်ကျေးရွာထဲမှာလည်း မနေ့ မနက်စောစောက လက်နက်ကြီးကျပြီး ရွာသား ၁၀ ယောက်ကျော် ကျည်ထိမှန်ဒဏ်ရာရသွားတယ်လို့ မန်ဆူကျောင်းကို စစ်ဘေးရှောင်လာတဲ့ ရွာသားတွေက ပြောပါတယ်။
ရွာသားတယောက်က “လက်နက်ကျည်က ရွာအရှေ့ဘက်ကုန်းပေါ်ကနေ အနောက်ဘက်ကို လှမ်းပစ်တာ။ တို့က ရွာအရှေ့ပိုင်းဆိုတော့ လွတ်တယ်။ အနောက်ပိုင်းက လူတွေ ၁၀၊ ၁၅ ယောက် လောက် လက်နက်ကျည်စတွေ ထိမှန်တယ်။ အများစုက ပလောင်ရွာသားတွေ။ တကွဲတပြားစီ ထွက်ပြေးကြလို့ အခု သူတို့ ဘယ်လိုနေလဲတော့မသိဘူး” လို့ ပြောပါတယ်။
နောက်ရွာသားတယောက်ကလည်း “လက်နက်ကျည် ၁ လုံး ငါတို့အိမ် တံခါးပေါက်နား ကျလာတယ်။ တော်သေးလို့မကွဲတာ၊ ကွဲရင်တော့ ငါတို့အကုန်သေပြီ။ အဲဒီကျည်ကြီးက ခုထိ ရှိသေးတယ်။ ဘယ်သူမှအနားမကပ်ရဲဘူး” လို့ ပြောပါတယ်။
လားရှိုးမှာ မနေ့မနက်ကနေ မနေ့ညထိ ပစ်ခတ်သံတွေ ကြားနေရတာကြောင့် ပြည်ထောင်စုလမ်းမကြီး တဖက်တချက် အနီးနားတဝိုက်က ရွာသားတွေ ထွက်ပြေး တိမ်းရှောင်နေကြရပြီး လက်လှမ်းမီသမျှ စာရင်းအရ လားရှိုးမြို့လယ် သီရိမင်္ဂလာ မန်ဆူကျောင်းတိုက်မှာ စစ်ဘေးရှောင် ၂,၀၀၀ နီးပါး ၊ ဟိုပိတ်ကျောင်းတိုက်မှာ ၁၀၀ ကျော်၊ ကုန်းသာကျောင်းတိုက်မှာ ၄၅၀ ကျော်၊ မိန်းတိမ်ကျောင်းတိုက်မှာ ၅၀၀ ကျော်ရှိပြီး နောက်ထပ်လည်း ရောက်လာဖို့ရှိတယ်လို့ စစ်ဘေးရှောင်ကူညီသူ စိုင်းလောဝ်က ဆက်ပြောပါတယ်။
စစ်ဘေးရှောင်တွေဟာ လားရှိုးမြို့စွန် အောင်သစ္စာရပ်ကွက်နဲ့ နမ့်မျှော်ချောင်း မြောက်ဘက်က တာပုံ၊ ကုန်းစုံ၊ မတ်ချီနူ၊ မန့်မွန်း၊ ပန်ကျိုင်း၊ ဟိုနမ့်၊ ကောင်းကဲ၊ ကောင်းတပ်၊ ကောင်းဟုန်း၊ ကုန်းဆာ၊ ပန်စုံ၊ ဟိုနား၊ ဖိုင်တောင်း၊ နမ့်ဖတ်၊ ကောင်းလင်း နဲ့ ပိန်းထန် စတဲ့ ရွာတွေကလို့ ဆိုပါတယ်။
မနေ့က မနက် ၄ နာရီကျော်ကနေ မနက် ၁၀ နာရီထိ အပြန်အလှန် ပစ်ခတ်သံတွေကြားရပြီး မွန်းလွဲပိုင်းကနေ ည ၈ နာရီကျော်ထိတော့ တဖက်တည်းက ပစ်နေတဲ့ အသံကြားရကြောင်း၊ ဒီနေ့မနက် စောစောမှာလည်း သေနတ်သံတွေ ထပ်ကြားရတယ်လို့ လားရှိုးဒေသခံက ပြောပါတယ်။