အသိဉာဏ်ရည်တု AI နည်းပညာအပေါ် နိုင်ငံတကာရဲ့ ကြီးကြပ်မှုနဲ့ ပတ်သက်ပြီး ပြဿနာတွေ ဖြေရှင်းပေးနိုင်ဖို့ အတွက် ၃၉ ဦးပါ အကြံပေးအဖွဲ့ကို ဖွဲ့စည်းလိုက်ပြီလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်က ကြေညာပါတယ်။
အမေရိကန်၊ ရုရှားနဲ့ ဂျပန်လိုမျိုး နိုင်ငံတွေက ပညာရှင်တွေ၊ စပိန်မှ ဆော်ဒီအထိပါဝင်တဲ့ အစိုးရအရာရှိတွေနဲ့အတူ နည်းပညာကုမ္ပဏီကြီးတွေရဲ့ တာဝန်ရှိသူတွေကိုလည်း အကြံပေးအဖွဲ့ထဲမှာ ထည့်သွင်းဖွဲ့စည်းထားပါတယ်။
ဒါ့အပြင် Sony ၊ OpenAI နဲ့ Microsoft ကုမ္ပဏီကြီးတွေရဲ့ နည်းပညာဆိုင်ရာ အရာရှိချုပ်တွေပါ ကိုယ်စားပြု ပါဝင်လာခဲ့တယ်ဆိုပြီး အောက်တိုဘာ ၂၆ ရက် ကြေညာချက်အရ သိရပါတယ်။
မတူကွဲပြားတဲ့ နယ်ပယ်အသီးသီးက ဒီကိုယ်စားလှယ်တွေဟာ တိုက်ကြီး ၆ တိုက်ကို ကိုယ်စားပြုပြီး AI နည်းပညာဆိုင်ရာ ကိစ္စရပ်တွေမှာ အကြံပေးသွားမှာ ဖြစ်ပါတယ်။
ဒီနှစ်ကုန်ပိုင်းမှာ ပဏာမအဆိုပြုချက်တွေနဲ့ ၂၀၂၄ ခုနှစ်ရဲ့ နွေရာသီမှာတော့ အပြီးသတ်အဆိုပြုချက် တွေကို ကုလအကြံပေးအဖွဲ့က ထုတ်ပြန်ပေးမှာ ဖြစ်ပါတယ်။
ဒီအကြံပေးအဖွဲ့ကြီးရဲ့ ပထမဆုံးအစည်းအဝေးကိုတော့ လာမယ့် အောက်တိုဘာ ၂၇ ရက်မှာ ကျင်းပမှာပါ။
Source/Photo-Reuters