ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်မှာ လျှပ်စစ်မီးနဲ့ ရေပြတ်တောက်နေတာ ၅ လလောက် ကြာမြင့် ပြီဖြစ်လို့ အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မင်းတပ်မြို့မှာ လွန်ခဲ့တဲ့ ဇွန်လလောက်ကစပြီး လျှပ်စစ်မီးတိုင်ကို စစ်ကောင်စီကပစ်ခတ်တဲ့ လက်နက်ကြီး ထိမှန်ပြီး မီးပြတ်တောက်ခဲ့ရာ အခုအချိန်ထိ ပြုပြင်ပေးခြင်းမရှိဘူးလို့ သိရပါတယ်။
မင်းတပ်မြို့ခံတွေဟာ ရေကို မြို့နဲ့ဝေးတဲ့ စမ်းချောင်းကနေ ပိုက်နဲ့သွယ်ပြီး သုံးနေရတာဖြစ်ပြီး ရေပိုက်လိုင်းကလည်း မိုးရွာသွန်းမှုများပြီး လွန်ခဲ့တဲ့ ၃ လကတည်းက ပျက်စီးခဲ့တယ်လို့ မြို့ခံတွေထံက သိရပါတယ်။
ရေရရှိဖို့ကိုတော့ ကုန်ကားတွေနဲ့ မကွေးတိုင်း ကျောက်ထုမြို့ကို သွားတဲ့လမ်းမှာ သွားသယ်ကြပြီး မြို့ပေါ်ရပ်ကွက်တွေမှာ ရေတပုံး ၁,၀၀၀ ကျော်အထိ ပေးဝယ်နေရပါတယ်။
ဒေသခံတဦးက “အရင်ကတော့ မိုးရေခံပြီး သုံးရတယ်။ မိုးမရွာတော့ရင် ရေဝယ်သုံးရမှာပေါ့။ နေမပူတော့ ဆိုလာတွေလည်း အားမပြည့်ဘူး။ မီးစက်နှိုးတဲ့ဆိုင်တွေမှာ ဖုန်းတလုံး ၅၀၀ ပေးပြီး အားသွင်းရတယ်” လို့ ပြောပါတယ်။
ရေနဲ့ လျှပ်စစ်မီး ပြတ်တောက်နေတဲ့ နေရာတွေက CDF-မင်းတပ် ထိန်းချုပ်နေမြေ ဖြစ်တဲ့အတွက် စစ်ကောင်စီတပ်ဘက်ကလည်း လာပြီး မပြုပြင်ပေးဘူးလို့ မြို့ခံတွေက ပြောပါတယ်။