Home
မြန်မာသတင်း
လောက်ကိုင်တွင် မာရှယ်လောထုတ်၊ တိုက်ပွဲကြောင့် ကုန်ပစ္စည်းများပုပ်မည်ကို ယာဥ်မောင်းများ စိုးရိမ်နေ
DVB
·
October 27, 2023

ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲတွေကြောင့် လောက်ကိုင်မြို့ကို စစ်ကောင်စီက အ​ပြင်မထွက်ရ မာရှယ်လော ထုတ်ပြန်လိုက်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဒီနေ့က စတင်ကာ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးတိုက်ပွဲတွေဖြစ်နေချိန် စစ်တပ်ဘက်က အခုလို ကြေညာချက် ထွက်ပေါ်လာတာလို့ သိရပါတယ်။

လတ်တလော လောက်ကိုင်မြို့ပေါ်ရှိ စျေးတွေနဲ့ စတိုးဆိုင်တွေ ပိတ်ထားလိုက်ပြီလို့ ဒေသခံတဦးက ‌ပြောပါတယ်။

လောက်ကိုင်က အလုပ်သမား အမျိုးသားက “မနက်ထိတော့ အသွားအလာတွေရှိသေးတယ်။ မာရှယ်လောထုတ်လိုက်တော့ လမ်းပေါ်ကလူတွေ ရှင်းသွားတယ်၊ အလုပ်တွေလည်း ရပ်ထားပြီး အဆောက်အဦတွေထဲပဲ နားစွင့်နေရတယ်” လို့ ပြောပါတယ်။

‌လောက်ကိုင်အနီးက ဒေသတွေဆီကနေ လာရောက်အလုပ်လုပ်ကိုင်ကြသူတွေလည်း လမ်းတွေ အားလုံးနီးပါး ပိတ်သွားတဲ့အတွက် နေရပ်မပြန်ရသေးဘဲ လောက်ကိုင်မှာပဲ ပိတ်မိနေကြတယ်လို့ သိရပါတယ်။

အခုလို စစ်ပွဲတွေဖြစ်ပွားနေတာကို စီးပွားရေးလုပ်ငန်းရှင်တွေက အခွင့်ကောင်းယူပြီး လောက်ကိုင်မြို့ပေါ်မှာ ဆန်တအိတ်ကို ယွမ် ၃၀၀ ကျော် တက်သွားတယ်လို့ သိရပါတယ်။

လောက်ကိုင်က အိမ်ရှင်မတဦးက “ဒီမနက်အစောပိုင်း အသံတွေကြားလို့ ဆန်အိတ်လေးတွေ ဝယ်ထားချင်လို့ ဆန်ဆိုင်ကိုသွားတော့ ပုံမှန်ဈေးထက် ယွမ် ၃၀၀ ကျော်များနေတယ်။ ပိုက်ဆံအပိုမပါလို့ မဝယ်နိုင်ဘဲ ပြန်လာခဲ့ရတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီဘက်က မာရှယ်လော ပြန်လည်မရုပ်သိမ်းတဲ့အချိန်အထိ အိမ်အပြင်ကနေ မြို့ခံတွေ မထွက်ရသေးဘူးလို့ သိရပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အောက်တိုဘာ ၂၇ ရက် မနက် ၄ နာရီလောက်ကစပြီး စစ်ကောင်စီတပ်နဲ့ မဟာမိတ်တပ်တွေ နှစ်ဖက်ထိတွေ့တိုက်ပွဲ‌ ဖြစ်ပွားနေတာပါ။

လက်ရှိအချိန်အထိ စစ်ကောင်စီဘက်က သိန္နီ၊ ချင်းရွှေဟော်၊ လာရှိုး တို့ကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေပြီး နမ့်ခမ်းနဲ့ ကွတ်ခိုင်မြို့တို့မှာလည်း တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

တိုက်ပွဲတွေကြောင့် ကုန်တင်ယာဥ်မောင်းတွေအနေနဲ့ ကုန်ပစ္စည်းတွေ ပုပ်သိုးသွားမှာကို စိုးရိမ်နေကြပါတယ်။

လက်ရှိတိုက်ပွဲတွေကြောင့် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းတွေကို ယာယီ ရပ်ဆိုင်းထားတာကြောင့် တိုင်းပြည်ရဲ့ ဒုတိယဝင်ငွေအများဆုံးရရှိနေတဲ့ လယ်ယာထွက်ကုန်ပစ္စည်းတွေ ဆုံးရှုံးမှု ပိုမိုများပြားလာနိုင်​တယ်လို့ ကုန်သည်တွေက ပြောပါတယ်။

ပို့ကုန်လုပ်ငန်းရှင်တဦးက “အခုသစ်သီးတွေက တရုတ်နယ်စပ်လမ်းကြောင်းကနေ အများဆုံး တင်ပို့နေရတာ။ တိုက်ပွဲဖြစ်နေတော့ ကားတွေက ရောက်တဲ့နေရာမှာပဲ ရပ်ထားရတယ်။ သစ်သီးတွေဆိုတာက ရက်ခေါက်ရင် ပုပ်ကုန်မှာ။ ပြီးတော့ ဆန်တို့ ဆန်ကွဲတို့ အစရှိတဲ့ လယ်ယာထွက်ကုန်ပစ္စည်းတွေကလည်း ဆုံးရှုံးမှုတွေ ပိုများနိုင်တယ်” လို့ ပြောပါတယ်။

ဒီနေ့မနက် ၄ နာရီလောက်ကစပြီး လားရှိုး၊ ကျောက်မဲ၊ မူဆယ်၊ သိန္နီ၊ ကွတ်ခိုင်၊ ချင်းရွှေဟော် အပါအဝင် နေရာအနှံ့အပြားမှာ ကိုးကန့်တပ် (MNDAA)၊ တအာန်းတပ် (TNLA) နဲ့ ရခိုင့်တပ်တော် (AA) တို့ပါဝင်တဲ့ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ ပူးပေါင်းတပ်တို့က စတင်တိုက်ခိုက်ရာမှ နှစ်ဖက်အပြန်အလှန် တိုက်ပွဲတွေ ပြင်းထန်နေကြောင်း သိရပါတယ်။

“မနက်တည်းက ဒီလမ်းပိုင်းကနေဖြတ်တဲ့ ကုန်ကားတွေကို မီးရှို့မယ်၊ ယာဉ်မောင်းတွေကို အန္တရာယ်ပြုမယ်ဆိုပြီး သတင်းတွေကြားတယ်။ တာဝန်ရှိတဲ့သူတွေအနေနဲ့လည်း ဒီကိစ္စကို အမြန်ဆုံး ဖြေရှင်းပေးစေချင်ပါတယ်” လို့ ကုန်တင်ယာဥ်မောင်းတဦးက ပြောပါတယ်။

ဒါ့အပြင် ချင်းရွှေဟော်မြို့တွင်းမှာလည်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေ​တာကြောင့် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး အဓိကစင်္ကြံလမ်းမကြီးတခုဖြစ်တဲ့ လားရှိုးမှ ချင်းရွှေဟော်နဲ့ လားရှိုးမှ မူဆယ်အထိ ပြည်ထောင်စုလမ်းမကြီးရှိ လမ်းပိုင်း ၂ ခုကို မနက် ၆ နာရီကစပြီး အရေးပေါ်ပိတ်လိုက်ကြောင်းနဲ့ မည်သည့်အကြောင်းပြချက်နဲ့မှ သွားလာခွင့် မပြုကြောင်း ထုတ်ပြန်ထား​တယ်လို့  ကုန်တင်ယာဥ်မောင်းတွေထံက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024