Home
မြန်မာသတင်း
မတူပီမြို့နယ်တွင် ဒေသခံ ၃ ဦးကို CDF-ဇိုတုန်က ရိုက်နှက်ဖမ်းဆီး
DVB
·
October 27, 2023

ချင်းပြည်နယ် မတူပီမြို့နယ်မှာ အောက်တိုဘာ ၂၅ ရက် ညက ဒေသခံ ၃ ယောက်ကို CDF-ဇိုတုန်က ရိုက်နှက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရမ်းစီးကျေးရွာက  နေအိမ်တွေကို အောက်တိုဘာ ၂၅ ရက် ည ၁၀ နာရီလောက်မှာ ဇိုတုန်ဒေသလုံးဆိုင်ရာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ CDF-ဇိုတုန်က စီးနင်းကာ ဒေသခံ ၃ ယောက်ကို သေနတ်တွေနဲ့ ရိုက်နှက်ကာ သေနတ်ပစ်ဖောက်ပြီး ဖမ်းခေါ်သွားကြတယ်လို့ ရမ်းစီးကျေးရွာ ရပ်မိရပ်ဖ တဦးက ပြောပါတယ်။

အဖမ်းခံရတဲ့ သူ ၃ ယောက်ကို ဘယ်ခေါ်သွားလဲဆိုတာ မသိရသေးဘဲ ပြည်သူကိုကာကွယ်ရမယ့်အ စား ဒေသခံတွေကို တရားဥပဒေမဲ့ ရန်ပြုတာဟာ International Humanitarian Law ကို ဆန့်ကျင်နေပြီး ဝမ်းနည်းဖို့ ကောင်းပါတယ်လို့ ဆိုပါတယ်။

အဒီ CDF-ဇိုတုန်အဖွဲ့ဟာ ရွာထဲမှာရှိတဲ့ ဒေသခံတွေကို ဇိုတုန်ဒေသလုံးဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ကို ထောက်ခံကြဖို့ တအိမ်တက်ဆင်း လက်မှတ်တွေ လိုက်ထိုးခိုင်းနေပြီး သူတို့ကို ထောက်ခံမှ ဖမ်းထား တဲ့သူတွေကို ပြန်လွှတ်ပေးတယ်လို့ ဒေသခံတွေက  ပြောပါတယ်။

ရွာမှရှိတဲ့ ဒေသခံတွေရဲ့ ၃ ပုံ ၂ ပုံလောက်ဟာ CNF/CNA ကို ထောက်ခံကြတာဖြစ်ပြီး သူတို့ရဲ့ အမြင်ကျဉ်းမြောင်းတဲ့ မျိုးနွယ်စုကို အခြေခံတာမျိုး မဟုတ်ဘဲ ပြည်သူအားလုံးနဲ့အတူ ရပ်တည်ချင်တာကြောင့် သူတို့ကို မထောက်ခံတာလို့ ဆိုပါတယ်။

အဲဒီ ဇိုတုန်ဒေသလုံးဆိုင်ရာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဟာ ကြံ့ခိုင်းရေးပါတီနဲ့ ချင်းပါတီပူးပေါင်း ဖွဲ့စည်းထားတာကြောင့် မကြိုက်ကြဘူးလို့ ပြောပါတယ်။

အဲဒီ CDF-ဇိုတုန်ဟာ လွန်ခဲ့တဲ့ ၃ ပတ်လောက်ကလည်း ကျောင်းသား လူငယ် ၂ ယောက်ကို ဓားစာခံအဖြစ်ဖမ်းဆီးသွားပြီး သူတို့စခန်းမှာ ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။

ရမ်စီးကျေးရွာနေ ပြည်သူတယောက်က "သူတို့က ပြည်သူလူထုကို ကိုယ်စားမပြုဘဲ သူတို့ဟာ သူတို့ ရပ်တည်ပြီး သူတို့စည်းမျဥ်းစည်းကမ်းတွေ သူတို့ထုတ်ပြီးတော့ အဲဒီအာဏာတွေ စည်းမျဥ်းစည်းကမ်းတွေနဲ့ ပြည်သူလူထုကို ဖိနှိပ် သွတ်သွင်းနေကြတယ်။ ပြည်သူတွေကို ရိုက်နှက်ခြိမ်းခြောက်ပြီး သူတို့လက်အောက်ကို သွင်းထားတယ်။သူတို့ရဲစည်းကမ်းတွေကလည်း ကျနော်တို့ ဇိုတုန်ပြည်သူတွေအားလုံး သဘောတူထားတဲ့ စည်းမျဥ်းစည်းကမ်းတွေ မဟုတ်ဘူး” လို့ ပြောပါတယ်။

အခု အဖမ်းခံရတဲ့သူတွေက ဇိုတုန်နယ်မှာ CDF-ဇိုတုန် မပေါ်ပေါက်ခင်ကတည်းက ပြည်သူတွေ တင်မြှောက်ထားတဲ့ အုပ်ချုပ်ရေးမှူးအပါအဝင် ၃ ယောက်ဖြစ်ပြီး အဲဒီထဲက တယောက်ကတော့ ရိုက်နှက်နှိပ်စက်ထားတာကြောင့် အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ ပြောပါတယ်။

အမျိုးသမီးတယောက်ကို ခေါင်းတွေ၊ နဖူးတွေ ပြဲအောင်ရိုက်နှက်ခဲ့ပြီး အသက် ၁၃ နှစ်အရွယ် မိန်းကလေးတယောက်ကိုလည်း ရိုက်နှက်နှိပ်စက်ခဲ့လို့ သတိမရသေးကြောင်း၊ ပြီးတော့ အသက် ၆၀ ကျော်အရွယ် အမျိုးသားတယောက်ကို ရေမြောင်းထဲ ကန်ချခဲ့လို့ နံရိုးတချောင်း ကျိုးသွားတယ်လို့ ဆိုပါတယ်။

CDF တို့ PDF တို့ဆိုတာ ပြည်သူ့ကာကွယ်ရေးအဖွဲ့လို့ ကျနော်တို့က ခံယူထားပေမယ့် အခုသူတို့ရဲ့ လုပ်ရပ်က ပြည်သူ့ကာကွယ်ရေး မဟုတ်ဘဲ ပြည်သူကို နှိပ်စက်တဲ့ အဖွဲ့ ဖြစ်နေတာကြောင့် သူတို့ရဲ့ လုပ်ရပ်က အကြမ်းဖက်လို့ပဲ ပြောချင်တယ်လို့ ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024