Home
မြန်မာသတင်း
ချင်းရွှေဟော်တံတား အပါအဝင် စစ်ရေးအဓိကနေရာများကို သိမ်းပိုက်နိုင်ဟု မဟာမိတ် ၃ ဖွဲ့ ကြေညာ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံး
DVB
·
October 27, 2023

ရှမ်းပြည်နယ်မြောက်ပိုင်းက ချင်းရွှေဟော်တံတား၊ ဟိုပန်ဒေသ ချွမ်းဟုတ်ရွာ၊ ကွမ်းလုံ၊ မုံးကိုးနဲ့ လားရှိးမြို့တို့က စစ်ရေးအဓိကကျတဲ့ နေရာအများအပြားကို သိမ်းပိုက် ချေမှုန်းနိုင်ခဲ့ပြီး အခုအချိန်အထိ စခန်းသိမ်းတိုက်ပွဲတွေအပါအဝင် တိုက်ပွဲကြီး၊ တိုက်ပွဲငယ်တွေ နေရာအနှံ့ ဆက်ဖြစ်နေတယ်လို့ မြောက်ပိုင်းညီနောင် မဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးက အောက်တိုဘာ ၂၇ ဒီနေ့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်မှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်ကလည်း လေကြောင်းနဲ့ လက်နက်ကြီးတွေကို ဆက်တိုက်အသုံးပြုတိုက်ခိုက်နေသလို  ကိုးကန့် ၊ တအာင်းပလောင်နဲ့ ရခိုင် မဟာမိတ်အဖွဲ့တို့အနေနဲ့လည်း စစ်ဆင်ရေးပစ်မှတ်တွေကို ဆက်လက်တိုက်ခိုက်သွားမယ်လို့ ဆိုပါတယ်။

လားရှိုးမြို့ဝန်းကျင် ၃ နေရာလောက်မှာ ဒီကနေ့ မနက်ပိုင်းကစလို့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ၄ ဦး သေဆုံးတယ်လို့ မြို့ခံတွေက ပြောပါတယ်။

လားရှိုးမြို့ ရေပူဂိတ်က စစ်ကောင်စီတပ်သား ၂ ဦးနဲ့ စစ်ကောင်စီလက်အောက်ခံ သစ်တောဌာနက ၂ ဦး သေဆုံးခဲ့တာလို့ ဒေသခံက ပြောပါတယ်။

“ရေပူဂိတ်က စစ်သား ၂ ယောက်၊ သစ်တောဝန်ထမ်း ၂ ယောက် သေသွားတယ်။”

ဒါ့အပြင် ဒီကနေ့မနက်ပိုင်းမှာ လားရှိုးမြို့နယ်ထဲက ဟိုပိတ်ကျေးရွာနဲ့ AT တံတား ဝန်းကျင်တွေမှာလည်း တိုက်ပွဲဖြစ်ခဲ့တယ်လို့ တခြားမြို့ခံက ပြောပါတယ်။

“ရွာဘက်ကသူတွေကတော့ ရှောင်လာတယ်။ တိုက်ပွဲဖြစ်တာ အဓိက ချင်းရွှေဟော်ဘက်မှာ အခုချိန်ထိ ဖြစ်နေတုန်း။ လေယာဉ် ဒီနေ့သွားတာ အများကြီး။ ဒီနေ့ကို တော်တော်လေးကို ပစ်တယ်။ ခုချိန်ထိဆို ဆက်တိုက်ပဲ၊ အစ်ကိုနဲ့ ဖုန်းပြောရင်းကို ကြားနေရတာ” လို့ လားရှိုးမြို့ခံက ပြောပါတယ်။

လတ်တလော မြန်မာစံတော်ချိန် ၁ နာရီဝန်းကျင်မှာတော့ လားရှိုးမြို့ဝန်းကျင်မှာ လက်နက်ကြီးသံ ကြားရတာကလွဲလို့ တိုက်ပွဲဖြစ်တာ မရှိတော့ဘူးလို့ သူက ဆက်ပြောပါတယ်။

ဒါပေမဲ့ မြို့ထဲ အသွားအလာနည်းသွားပြီး မြို့အဝင်အထွက်ကို စစ်တပ်က ပိတ်ထားတဲ့အပြင် လားရှိုးလေဆိပ်ကိုလည်း ယာယီပိတ်ထားတယ်လို့ သိရပါတယ်။

ညီနောင်မဟာမိတ် ၃ ဖွဲ့က ဖော်ဆောင်နေတဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း ကိုးကန့်ဒေသက ချင်းရွှေဟော်မြို့ကို သိမ်းပိုက်ထားပြီး စစ်ကောင်စီဘက်ကလည်း စစ်ကူတွေပို့နေတဲ့အပြင် လေကြောင်းနဲ့ လက်နက်ကြီး အသုံးပြု ပြန်လည်တိုက်ခိုက်နေတာလို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်က ထောက်ပို့အဖြစ် အသုံးပြုတဲ့ ဟိုပန်-ချင်းရွှေဟော်ကို ဆက်ထားတဲ့ တံတားတခုလည်း MNDAA ဘက်က မိုင်းခွဲဖျက်ဆီးထားတယ်လို့ သိရပါတယ်။

“ဟိုပန်မှာလည်း တံတားက သံလွင်မြစ်ကိုဖြတ်တဲ့တံတားတော့ သူတို့ မိုင်းခွဲခံရလို့ ကျိုးသွားပြီ” လို့ ဒေသခံက ဆိုပါတယ်။

ဒီဗွီဘီအနေနဲ့ တိုက်ပွဲအခြေအနေ အသေးစိတ်ကို တင်ပြနိုင်ဖို့ MNDAA၊ TNLA တပ်ဖွဲ့ ပြောခွင့်ရသူတွေဆီ ဖုန်းဆက်ပေမဲ့ အဆက်အသွယ် မရရှိသေးပါဘူး။

စစ်ကောင်စီ သတင်းပြန်ကြားရေး တာဝန်ရှိတဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ လားရှိုးနားက ၂ နေရာမှာ တိုက်ပွဲဖြစ်နေတဲ့အပြင် ချင်းရွှေဟော်နဲ့ ကွန်လုံကြား နေရာတွေမှာ MNDAA တပ်တွေ နေရာယူထားကြောင်း ပြောပါတယ်။

“ကွန်လုံ၊ သိန္နီနားလေးမှာတော့ တိုက်ပွဲတွေဖြစ်တာရှိတယ်။ ချင်းရွှေဟော်နားလေးကတော့ ဖောင်ဆိပ်တို့နားမှာ တိုက်ပွဲဖြစ်တာရှိတယ်။ ဒီမနက် ၄ နာရီလောက်မှာ။ ဒရုန်းတွေနဲ့ ဗုံးချပြီး ဝင်ရောက်တိုက်ခိုက်တာရှိတယ်” လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ဒီမနက်ပိုင်းမှာ စတင်ခဲ့တဲ့ တိုက်ပွဲအတွင်း မဟာမိတ် ညီနောင်တပ်ဖွဲ့တွေနဲ့အတူ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) က စစ်ကြောင်း နှစ်ကြောင်းလည်း ပါဝင်တိုက်ခိုက်နေပါတယ်။

ဒါ့အပြင် ရှမ်းပြည်မြောက်ပိုင်းထဲက စစ်ကောင်စီတပ်စခန်းတွေကို သိမ်းပိုက်နိုင်ဖို့ ကြိုးစားနေတယ်ဆိုတဲ့ သတင်းတွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်က လောက်ကိုင်မြို့အထိ ဝင်ရောက်ဖို့ ကြိုးစားနေတယ် ဆိုတာတွေနဲ့ ပတ်သက်လို့တော့ ဒီဗွီဘီက အတည်မပြုနိုင်သေးပါဘူး။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ချင်းရွှေဟော်၊ လောက်ကိုင်၊ ကွမ်းလုံ၊ သိန္နီနဲ့ လားရှိုးမြို့တွေမှာ တိုက်ပွဲတွေဖြစ်ပြီး စစ်တပ်နဲ့ ရဲတွေ သေဆုံးကာ စစ်တပ်က ပြန်လည်ခုခံ တိုက်ခိုက်နေရတယ်လို့ စစ်ကောင်စီဘက်က ပြောပါတယ်။

စစ်ကောင်စီ သတင်းပြန်ကြားရေး တာဝန်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက “ဒီမနက်မှာ ချင်းရွှေဟော်ရယ် လောက်ကိုင်ရယ် ကွမ်းလုံ သိန္နီဘက်မှာ တိုက်ပွဲဖြစ်တာတွေရှိတယ်။ ချင်းရွှေဟော်ကတော့ ဖောင်ဂိတ် တာကွားတံတားနားမှာ တိုက်ပွဲဖြစ်တာတွေရှိတယ်။ ဒရုန်းဗုံးတွေချပြီး ဝင်ရောက်တိုက်ခိုက်တာ၊ အခုလောလောဆယ် ဖောင်ဂိတ်နဲ့ တာသွားတံတားနားက ရဲနဲ့ တပ်အဖွဲ့တွေ ကျဆုံးခဲ့တာရှိတယ်” လို့ ပြောပါတယ်။

MDAA နဲ့ ပူးပေါင်းအဖွဲ့တွေဟာ ချင်းရွှေဟော်မြို့နဲ့ ကွမ်လုံမြို့ နေရာအတော်များများမှာ နေရာယူထားပြီး ချင်းရွှေဟော်ထဲက ဟိုတယ်ဝန်ထမ်းနဲ့ အရပ်သားတွေကို ‘ဝ’ ဒေသဘက်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ စွပ်စွဲ ပြောဆိုပါတယ်။

“လောက်ကိုင်အထူးဒေသရဲ့ခေါင်းဆောင် ဟိုတယ်ဝန်ထမ်းနဲ့ အရပ်သားတွေကို ‘ဝ’ ဘက် ခေါ်သွားတယ်။ ‘ဝ’ ဒေသနဲ့ဆက်သွယ်ပြီး အရပ်သားတွေ ပြန်လွှတ်ပေးဖို့ ပြောနေတာတွေ ရှိတယ်။”

ချင်းရွှေဟော်ဟာ နယ်စပ်မြို့ဖြစ်တဲ့အတွက် တည်ငြိမ်အေးချမ်းရေးကို တရုတ်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်နေပြီး လုံခြုံရေးအရ ကန့်သတ်ချက်တွေရှိတယ်လို့ ပြောပါတယ်။

စစ်ဆင်ရေး ၁၀၂၇ လို့နာမည်ပေးထားတဲ့ ဒီစစ်ဆင်ရေးဟာ မြန်မာနိုင်ငံ ရှမ်းပြည်နယ်အထူးဒေသ ၁ ထဲက Online Game (ကျဖျင့်) ကုမ္ပဏီတွေ၊ ကိုးကန့်ရုပ်သေး အဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို အမြစ်ပြတ် တိုက်ဖျက်ချေမှုန်းနိုင်ရေးအတွက် လို့ ဆိုပါတယ်။

ပြီးတော့ ပြည်သူလူထုရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်တွေကို ကာကွယ်နိုင်ရေး၊ မိမိကိုယ်မိမိ ခုခံကာကွယ်နိုင်ရေး၊ သူတို့ အဖွဲ့အစည်းတွေအပေါ် စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးတွေနဲ့ နေ့၊ ည အချိန်မရွေး ပစ်ခတ်တိုက်ခိုက် နေတာတွေအပေါ် ဟန့်တားနိုင်ရေးနဲ့  မြန်မာပြည်သူတရပ်လုံးရဲ့ လိုလားချက်ဖြစ်တဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးတို့အတွက် ရည်ရွယ်ထားတာလို့ ဆိုပါတယ်။

ဒါကြောင့် ဒီနေ့ အောက်တိုဘာ ၂၇ ရက်နေ့ မြန်မာစံတော်ချိန် မနက် ၄ နာရီအချိန်မှာ ကိုးကန့်တပ်ဖွဲ့ MNTJP/MNDAA ရဲ့ တပ်မဟာ ၂၁၁၊ ၅၁၁၊ ၆၁၁ တို့က ချင်းရွှေဟော်၊ ကွမ်းလုံ၊ မုံးကိုး၊ လားရှိုး၊ နန်ကျွမ်းဒေသတို့မှာ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။

စစ်ကောင်စီဟာ အောက်တိုဘာ ၂၆ ရက်နေ့က စပြီး MNTJP/MNDAA ရဲ့ နန်ဖာရှမ်းစခန်း၊ မန်တုံပစခန်းနဲ့ ပြောက်ကျားလှုပ်ရှားနယ်မြေတွေကို လေကြောင်းက တဆင့် အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် MNDAA တပ်သား ၁ ယောက် ကျဆုံးခဲ့ရပြီး ရွာထဲကို ဗုံးသီးတွေ ကျရောက်ပေါက်ကွဲတာကြောင့်လည်း အရပ်သား ၁ ယောက်သေဆုံးပြီး ၅ ယောက် ဒဏ်ရာရခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024