Home
နိုင်ငံတကာ
လူးဝစ္စတန်မြို့၌ လူအစုလိုက်ပစ်သတ်ခဲ့သူကို အမေရိကန်ရဲက ဆက်လက်ရှာဖွေနေ
DVB
·
October 27, 2023

အမေရိကန်ပြည်ထောင်စု မိန်းပြည်နယ် လူးဝစ္စတန်မြို့မှာ လူအစုလိုက်အပြုံလိုက်ကို သေနတ်နဲ့ ပစ်ခတ်ခဲ့ပြီး ထွက်ပြေးလွတ်မြောက်နေတဲ့ အမေရိကန်စစ်တပ် အရန်တပ်ဖွဲ့ဝင်တယောက်ကို ဖမ်းမမိသေးလို့ မိန်းပြည်နယ်ရဲတပ်ဖွဲ့က အောက်တိုဘာ ၂၆ ရက်မှာ ဆက်လက်ရှာဖွေနေပါတယ်။

ရဲတပ်ဖွဲ့ဟာ မိန်းပြည်နယ် တောင်ပိုင်းတခွင်ကို ဖြန့်ကျက်ခဲ့ပြီး အမေရိကန်ကြည်းတပ် အရန်စခန်းမှ တပ်ကြပ်ကြီး ရောဘတ် အာရ်ကာ့ဒ်ကို ဖမ်းဝရမ်းနဲ့ တိုးချဲ့ရှာဖွေနေတာပါ။

ရောဘတ်ကာ့ဒ်ဟာ နွေရာသီတုန်းက စိတ်ကျန်းမာရေးဌာနမှာ ယာယီနေထိုင်ခဲ့ကြောင်း တရားဥပဒေစိုးမိုးရေး တာဝန်ရှိသူတွေက ပြောပါတယ်။

ရဲတွေဟာ မှုခင်းဖြစ်ပွားတဲ့နေရာက အညိုရောင်ခေါင်းစွပ်အင်္ကျီနဲ့ ဂျင်းဘောင်းဘီ ဝတ်ဆင်ထားတဲ့ မုတ်ဆိတ်မွေးနဲ့ အမျိုးသားတဦးရဲ့ ဓာတ်ပုံတွေကို ဖြန့်ဝေထားပါတယ်။

ကြာသပတေးနေ့မှာ အဲဒီနယ်မြေရှိ အစိုးရကျောင်း စာသင်တန်းတွေကို ပိတ်ခဲ့ပြီး ဒေသခံတွေကို အိမ်ထဲမှာသာနေကြဖို့ ရဲတပ်ဖွဲ့က တိုက်တွန်းထားပါတယ်။

မနေ့ညက လူးဝစ္စတန်မြို့ရှိ ဘောလင်းလမ်းနဲ့ ဘားတခုတို့မှာ အမေရိကန်စစ်တပ် အရန်တပ်ဖွဲ့ဝင် ရောဘတ်ကာ့ဒ်က သေနတ်ပစ်ခတ်တိုက်ခိုက်မှုကြောင့် လူ ၁၈ ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

မနေ့ညပိုင်းမှာ ရဲတွေဟာ ပစ်ခတ်မှုကျူးလွန်သူ ရောဘတ်ကာ့ဒ် ပုန်းအောင်းနေတယ်လို့ ယူဆရတဲ့ ဘိုးဒင်းန်မြို့ရှိ သူ့ဖခင်ရဲ့ နေအိမ်ကိုလည်း ဝိုင်းရံထားကြောင်း ABC News အရ သိရပါတယ်။

ရောဘတ်ကာ့ဒ်ကို ရှာတွေ့ဖို့ သံချပ်ကာထရပ်ကားတွေနဲ့ K-9 ယူနစ်လို့ခေါ်တဲ့ ရှာဖွေရေးခွေးတွေလည်း မိန်းပြည်နယ်တပ်ဖွဲ့တွေဆီ ပူးပေါင်းလာပါတယ်။

ရာနဲ့ချီတဲ့ အရာရှိတွေဟာ လူပေါင်း ၃၈,၀၀၀ လောက် နေထိုင်ရာ လူးဝစ္စတန်မြို့နဲ့ အနီးအနားရှိ ရပ်ကွက် အသိုင်းအဝိုင်းတွေကိုလည်း ပိတ်ဆို့ထားပြီး သစ်တောတွေ၊ ရေလမ်းကြောင်းတွေနဲ့ မြို့တွေကိုလည်း ရှာဖွေနေတာဖြစ်ပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024