Home
မြန်မာသတင်း
ချင်းရွှေဟော်တမြို့နီးပါး စစ်ဘေးရှောင်၊ ရင်ကွဲတောင်စခန်းကို တိုင်းရင်းသားပူးပေါင်းတပ်များ သိမ်းပိုက်
DVB
·
October 27, 2023

ရှမ်းပြည်နယ်၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့မှာ အောက်တိုဘာ ၂၇ ရက် ဒီနေ့မနက် ၄ နာရီကစပြီး စစ်ကောင်စီတပ်ဖွဲ့နဲ့ ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့ တိုက်ပွဲဖြစ်ပွားခဲ့လို့ ‌တမြို့လုံးနီးပါးက ပြည်သူတွေ ဘေးလွတ်ရာတွေဆီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

တိုက်ပွဲဖြစ်ပွားရာ ချင်းရွှေဟော်မြို့ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပြီး အရပ်သား ပြည်သူတချို့လည်း ထိခိုက်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။

မြို့ခံပြည်သူတွေ တိုက်ပွဲတွေကြားကနေ နီးစပ်ရာ လယ်ယာခင်း၊ ရာဘာစိုက်ခင်းတွေထဲ စစ်ရှောင်နေရတာ ဖြစ်ပါတယ်။

ချင်းရွှေဟော်မြို့က စစ်ရှောင်နေရတဲ့ ကျောင်းဆရာမတဦးက “တမြို့လုံးနီးပါး ပြည်သူတွေ မရှိကြတော့ဘူး။ လေယာဉ်တွေလည်း ဝဲနေတယ်။ ကျောင်းတွေလည်း ပိတ်ထားရတယ်။ ချောင်းနဲ့နီးတဲ့သူတွေကတော့ ချောင်းကူးပြီး တဖက်ကမ်းကို သွားဖို့လုပ်နေကြတယ်” လို့ ပြောပါတယ်။

လက်ရှိမှာ တိုက်ပွဲအတွင်း အရပ်သားပြည်သူတဦး သေဆုံးပြီး ငါးဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်းနဲ့ မြန်မာ-တရုတ်နယ်စပ် ချင်းရွှေဟော်မြို့ရှိ ရေဖောင်ဆိပ်နှစ်ခုနဲ့ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းအားလုံးကို ပိတ်ထား‌တယ်လို့ ဒေသခံတွေက ပြောတယ်။

“စစ်ကောင်စီဘက်က အထိနာနေတော့ လေယာဉ်တွေနဲ့ပါ ပစ်ကူပေးတော့တာ။ တိုက်ပွဲက တော်တော်ပြင်းထန်တယ်။ ချင်းရွှေဟော်မြို့ကို ကိုးကန့်တပ်က သိမ်းပိုက်လိုက်နိုင်ပြီလို့လည်း သတင်းကြားနေရတယ်” လို့ မြေပြင်ဒေသခံ အမျိုးသားတဦးက ပြောပါတယ်။

ချင်းရွှေဟော်မြို့မှာ ဖြစ်ပွားခဲ့တဲ့ စစ်ဆင်ရေးမှာ စစ်ကောင်စီတပ်သားတွေ သေဆုံးပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိကြောင်းနဲ့ ကိုးကန့်တပ်ဖွဲ့ဘက်က ရဲဘော်တဦး ကျဆုံးပြီး လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း ကိုးကန့်တပ်ဖွဲ့ဘက်က သတင်းထုတ်ပြန်ထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နဲ့ မူဆယ်မြို့ကြားက စစ်ကောင်စီနဲ့ပြည်သူ့စစ်ပူးပေါင်း တပ်စွဲထားတဲ့ ရင်ကွဲတောင်စခန်းကိုလည်း MNDAA၊ TNLA နဲ့ AA ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဒီနေ့မနက် သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ကြီးလက်နက်ငယ်တွေ သိမ်းဆည်းရမိခဲ့ပါတယ်။

တိုက်ပွဲမှာ စစ်ကောင်စီဘက်က သေဆုံးသူ များပြားတယ်လို့ ဒေသခံတွေထံက သိရပေမဲ့ တော်လှန်ရေးသတင်းရင်းမြစ်တွေကရော စစ်ကောင်စီဘက်ကပါ သတင်းထုတ်ပြန်ခြင်း မရှိ​သေးသလို တိုက်ပွဲတွေ ဖြစ်ပွားနေဆဲဖြစ်တာကြောင့် ဆက်သွယ်မေးမြန်းလို့မရရှိသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024