Home
ဆောင်းပါး
ဒီ ဝါကျွတ်မှာ လွတ်ချင်တယ်
DVB
·
October 27, 2023

အိမ်ပြန်ချင်စမ်းပါဘိ

ဝါကျွတ်သည့် သည်အချိန်။

သက်ကြီးရွယ်အိုနဲ့

မြတ်ဆရာသခင်များကိုလ

ပူဇော်ကြချိန်။

သည်ခါချိန်

အိမ်ပြန်ချင့်စိတ်ကဲ။

သို့လေကွယ်နွေဦးထဲ

တော်လှန်နေဆဲ။ ။

ကျမတို့ မြန်မာလူမျိုးတွေဟာ ဘာသာရေးဆိုင်ရာ အခါကြီး ရက်ကြီးများကို အလွန် အလေးထားကြပါတယ်။ အထူးသဖြင့် မြန်မာ့ မဟာအတာသင်္ကြန်နဲ့ ဝါလကင်းလွတ် သီတင်းကျွတ် အခါသမယတွေမှာ မိဘဆွေမျိုးတွေရှိရာ ဇာတိမြို့‌တွေဆီ ဂါရဝပြု ဆွေပြမျိုးပြ ပြန်ကြစမြဲပေါ့။

ကုသိုလ်ဒါနတွေပြုရင်း ထမင်းဖိတ်ကျွေးကြ၊ လည်ကြ၊ ပတ်ကြ ပြုလုပ်ကြတာဟာ တနှစ်မှာ နှစ်ခါတော့ မပျက်ကွက်ကြပါဘူး။ အားလပ်ရက် အနားယူဖို့ ရွေးကြတဲ့အခါ မိဘ ဘိုးဘွားတွေရာ ဇာတိမြို့ငယ်လေးတွေဆီကိုပဲ အိမ်ပြန်ခရီး နှင်ကြစမြဲပါပဲ။ အခြေခံပညာကျောင်း၊ တက္ကသိုလ်၊ ကောလိပ်၊ သင်တန်းကျောင်းတွေရဲ့ မြတ်ဆရာပူဇော်ပွဲတွေအတွက် စတင်ကြိုးပမ်းကြချိန်လည်း ဖြစ်ပါတယ်။

ဝါလကင်းလွတ်လို့ သိပ်ကို ကျက်သရေရှိတဲ့ ကာလပဲလေ။ ဒါပေမဲ့ ကျမတို့ မြန်မာနိုင်ငံဟာ ကိုဗစ်ကပ်ရောဂါကာလကစလို့ အရာရာဟာ ခါတိုင်းလို ပုံမှန်ပြန်မဖြစ်ခဲ့တာ သုံးလေးနှစ်တောင် ကြာခဲ့ပါပြီလေ။ နှစ်တိုင်းဆိုသလို ကျမတို့ နယ်မြို့လေးဆီ ပြည်တွင်းပြည်ပက ပြန်လာကြသူတွေနဲ့ သည်ကာလတွေဆို အမြဲစည်ကားနေတတ်တယ်။ 

သင်္ကြန်နဲ့ သီတင်းကျွတ်တွေမှာ မိသားစုတွေ စုံစုံလင်လင်စုကြရင်း ရွာဦးဘုန်း‌တော်ကြီးကျောင်း ဆရာတော်၊ သက်ကြီးရွယ်ကြီးနဲ့ မိဘ၊ ဘိုးဘွားတွေဆီ အဝတ်သစ် အစားသစ်တွေနဲ့ ပတ်ပြီး ကန်တော့နေကြလေ။ သိပ်ကို ပျော်ဖို့ကောင်းတဲ့ အချိန်တွေပေါ့။ ခုတော့ ရွာဦးကျောင်း ဆရာတော်ကြီးရော ကျန်းခန့်သာလို့ မာပါရဲ့လားလေ။ ဒီတခါ ဝါကျွတ်ရင်တော့ ငါတို့ လွတ်လပ်ပျော်ရွှင်စွာ အိမ်ပြန်ချင်စမ်းပါဘိ။ ဝဋ်ကြွေးရှိရင်လည်း ဒီလောက်နှင့်ကျေ၊ နေသားတွေ ပြန်ကျချင်လွန်းလှတာ ကျမတယောက်တည်းတော့ မဟုတ်ပါဘူး။ ရူးမတတ်ပါပဲ။ တကယ်ကို ရူးမတတ်ပါပဲ။

လက်ရှိအခြေအနေဟာ စိတ်ထဲ အင်မတန် အဆင်မပြေတဲ့ အချိန်အခါပါပဲ။ ဘယ်လွမ်းလို့ လွမ်းမှန်းမသိ။ အတော်ခံရခက်တဲ့ ခံစားချက်ကြီးပါပဲ။ တာဝန်နဲ့ ဝတ္တရားတွေကြား၊ အခြေအနေနဲ့ အချိန်အခါအရ ရွှေပြည်တော်မျှော်ရင်း ဆွေးနေရတဲ့ မဲဇာရောက်သူတွေကိုလေ အမြန်အိမ်ပြန်ကြရပါစေလို့ ဗုဒ္ဓဘုရားဆီ အားအားတိုင်း ဆုတောင်းရတာလည်း အမောပါပဲလေ။ ပြုသမျှကုသိုလ်ကြောင့် ကောင်းကျိုးလိုလားသူတိုင်း ကောင်းကျိုးလိုရာ ပြည့်ကြစေဖို့ ထပ်တူညီမျှ ပေးဝေမြဲပါ။ ချစ်မြတ်နိုးရသူတွေ နေကောင်း ကျန်းမာ အချုပ်အနှောင်ကင်းလို့ ဘေးကင်းကြပါစေလို့ ကောင်းမှုပြုတိုင်း စိတ်မှာ ညွှတ်လျက်ပါလေ။ ဘေးမသီ ရန်မခ လိုရာရကြပါစေလို့ပေါ့။

ဒီလိုခေတ်ဆိုးကြီး ပြီးသွားတဲ့အခါ ကျမတို့တတွေ နှစ်ဆ ကြိုးစားကြရမယ်။ ပညာရေးကို ပိုအားထည့်ရမယ်။ နောင်လာနောင်သားတွေကို စိတ်ကောင်းရှိအောင် ပိုသင်ကြရမယ်။ ခိုင်မာကြွယ်ဝ အေးချမ်းအောင် တည်ဆောက်ကြရမယ်။ နိုင်ငံတကာမှာ မြန်မာ့ရင်သွေးတွေ မျက်နှာမငယ်ဖို့ ကြိုးစားတည်ဆောက် အုတ်မြစ်ချထားကြရမယ်။ နိုင်ရာကစ ထမ်းကြရင် တနေ့တလံ ပုဂံဘယ်ရွေ့မလဲလေ။ ပန်းတိုင်က ရောက်ကို ရောက်မှာပါ။ 

ဘယ်သူသေသေ ငတေမာရင် ပြီးရောစိတ်ကို ရွံရှာလာတဲ့ထိ သင်ကြားပေးကြရမယ်။ ကိုယ့်မိသားစု ကိုယ့်ဆွေမျိုး ကောင်းစားရေးအတွက် အရှက်အကြောက်တရားမဲ့ခြင်းကို ပျော်မွေ့ကြသူတွေ မဖြစ်ကြရအောင် သင်ကြားကြရမယ်။ မကောင်းမှုကို ရှက်ခြင်း၊ ကြောက်ခြင်းဆိုတဲ့ သူတော်ကောင်းတရားတွေ ပြည့်ဝ နားလည် ချစ်မြတ်နိုးသူတွေဖြစ်အောင် သင်ကြမယ်။ စုပေါင်းညီညာကြရင် အောင်ကြောင်းတရားက ပြေးမလွတ်နိုင်ပါဘူးဆိုတာ ယုံကြည်ထားကြရပါမယ်။ 

ခုလက်ရှိအခြေအနေက လွတ်မြောက်အောင်လည်း အစွမ်းကုန် ကြိုးစားကြရပါမယ်။ နိုင်ရာထမ်းရင်း အောင်မြင်ကြတဲ့ တနေ့ သားသမီးမြေးမြစ်တွေဟာ မြန်မာဆိုတာ ဂုဏ်ယူနိုင်တဲ့အထိ လမ်းကြောင်းချ ပြင်ဆင်ပေးခဲ့ကြရပါမယ်။ စိတ်ကောင်းရှိဖို့ ပထမ ဆိုတဲ့ ဆုံးမစကားအတိုင်း မြန်မာနိုင်ငံဟာ အေးချမ်းပျော်မွေ့ဖွယ် လောက လူမှုအသိုင်းအဝိုင်းတခု ထူထောင်ပေးခဲ့ချင်ပါတယ်။တယောက်စီ တယောက်စီ စိတ်ကောင်းရှိကြမယ်ဆိုရင် မြန်မာ့လူမှုအဖွဲ့အစည်းဟာ နေပျော်ဖွယ်ဖြစ်လာမှာ အမှန်ပါပဲ။ ကျမရဲ့ ဆန္ဒတွေဟာ သိပ်လောဘကြီးတယ် ထင်ရပေမဲ့ အားလုံး ညီညီညာညာ ဝိုင်းဝန်းကြိုးစားကြရင် ဖြစ်နိုင်မှာ သေချာတယ်လို့ ယုံကြည်မိပါတယ်။ 

နောက်မျိုးဆက်တွေကို အနိုင်ကျင့်တတ်တဲ့ စိတ်ဓာတ်၊ အကြောက်တရားနဲ့ ရှင်သန်ရတဲ့ စိတ်ဓာတ်တွေကနေ ကင်းဝေးစေဖို့ ကောင်းကောင်းပြင်ဆင်ပေးခဲ့ကြရပါမယ်။ မေတ္တာတရားနဲ့ ကြီးပြင်းအောင်လည်း သင်ကြားပေးချင်မိပါတယ်။ ဒီလောက်တောင် ဆိုးဝါးတဲ့ အဖြစ်အပျက်တွေက လွန်မြောက်ရင် ကျမတို့ မြန်မာပြည်ဟာ ကောင်းကောင်းမွန်မွန် ပြန်လည်တိုးတက်လာမှာ အသေအချာပါပဲ။ မထင်မှတ်တဲ့ အကြောင်းအရာတွေတောင် အချိန်တိုအတွင်း တိုးတက်သင်ယူနိုင်ခဲ့တာ လက်တွေ့ပါ။ သေချာပါတယ်။ မြန်မာမှာ အညာက စံပြဖြစ်သလို မြန်မာဟာ အချိန်တိုအတွင်းကို ပြန်ထနိုင်မှာပါ။ ပြန်ထနိုင်အောင်လည်း ပြည်သူတွေ စည်းလုံးညီညာ ကြိုးစားကြမယ်လို့ ယုံကြည်နေပါတယ်။ 

ဒီဝါကျွတ်မှာ ကျမတို့အားလုံး လွတ်လပ်ချင်တယ်။ မိသားစုတွေ ပြန်လည်ဆုံစည်းကြချင်ပါတယ်။ ပြန်လည် ဆုံစည်းကြစေချင်တယ်။ အရာရာဟာ နေသားတကျ လူ့ဂုဏ်သိက္ခာနဲ့အညီ ရှင်သန် ကုန်ဆုံးကြစေချင်တယ်။ လူပီသတဲ့ လူတွေအဖြစ် အချင်းချင်း မှတ်ကျောက်တင်ကြရအောင်ပါ။ မြတ်ဆရာတွေကို လူစုံတက်စုံ ကန်တော့ချင်တယ်။ မိဘဘိုးဘွား လူကြီး သက်ကြီးရွယ်အိုတွေကို တလေးတမြတ် ကန်တော့ ပူဇော်ချင်ပါတယ်။ ကျန်းမာနေပေးကြပါ လို့ပဲ စိတ်အမြဲညွှတ်မိတယ်။ အမေ့ထမင်းဝိုင်းလေးမှာ ချမ်းမြေ့စွာ ပြန်ဆုံကြဖို့ ကျမတို့အားလုံး တက်ညီလက်ညီ ပူးပေါင်းပါဝင် အားထုတ်ကြပါလို့ အထူးတလည် မေတ္တာရပ်ခံလိုက်ရပါတယ်။

ဝါကွတ်ကာလ၊ လိုရာရရ၍၊

များလှကောင်းကျိုး၊ သယ်ပိုးနိုင်စေ

ဆုပ်ကိုင်ပိုင်ပိုင်ရကြပါစေ။     ။

သန့်ကေသာ (CDM ကျောင်းဆရာမတဦး)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024