ကချင်ပြည်နယ် ဖားကန့်မြို့ နမ္မဖြစ်ကျေးရွာက တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ကျောက်စိမ်းကုမ္ပဏီ ဝန်းအတွင်းမှာ အောက်တိုဘာ ၂၆ မနက်က ကျောက်စိမ်းတုံးများနဲ့ အခြားပစ္စည်းတွေကို လာရောက်ယူနေတဲ့ ပြည်သူတွေကို စစ်ကောင်စီက သေနတ်နဲ့ လိုက်လံ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီ တပ်စွဲနေထိုင်တဲ့ မြန်မာသူရကျောက်စိမ်းကုမ္ပဏီဝန်းကို ကချင်လွတ်မြောက်ရေးတပ် (KIA) က အောက်တိုဘာ ၂၅ ရက်ညမှာ လာရောက် ပစ်ခတ် မီးရှို့ဖျက်ဆီးပြီးနောက် ကုမ္ပဏီဝန်းအတွင်းရှိတဲ့ ကျောက်စိမ်းတုံးအပါအဝင် အခြားပစ္စည်းတွေကို ဒေသခံတွေက လာရောက်ယူဆောင်စဉ် စစ်ကောင်စီတပ်ဖွဲ့က သေနတ်နဲ့ လိုက်လံပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
"KIA က လာတိုက်လို့ စကစ တပ်စွဲနေတဲ့ ကုမ္ပဏီဝန်းထဲက စစ်သားတွေ၊ ရဲတွေက ထွက်ပြေးသွားတယ်။ အဲ့ဒါ ဒီနေ့ မနက်ပိုင်း ၁၀ နာရီလောက်ကစပြီး အဲ့ဒီဝန်းထဲက ကျောက်စိမ်းတွေ ဝင်ယူနေကြတာ။ ပထမတော့ ဆိုင်ကယ်နဲ့ တပိုင်တနိုင်သယ်ကြတယ်။ နောက်ပိုင်း မှာ ကားတွေနဲ့ကော သုံးဘီးတွေနဲ့ပါ လာသယ်ကြတာ။ ကျောက်တင်မကဘူး အခြားအသုံးဆောင်ပစ္စည်းတွေပါ သယ်တာ။ အဲ့ဒါ စစ်တပ်က သိလို့ ကားနဲ့ရောက်လာပြီး ကျောက်စိမ်းသယ်တဲ့သူတွေကို သေနတ်နဲ့ ပစ်တာ" လို့ ဒေသခံ အမျိုးသားတဦးက ပြောပါတယ်။
ကုမ္ပဏီဝန်းအတွင်း ကျောက်စိမ်းလာရောက် ယူဆောင်သူတွေကို စစ်ကောင်စီတပ်က သေနတ်နဲ့ ပစ်ခတ်ခဲ့စဉ် ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်ရာမှာ ကျည်ဆန် ထိမှန်သေဆုံးတာ မရှိပေမယ့် ပြေးလွားတိမ်းရှောင်ရင်း ထိခိုက်ဒဏ်ရာ ရသူတွေတော့ ရှိခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာသူရ ကျောက်စိမ်း ကုမ္ပဏီဝန်းအတွင်း တပ်စွဲနေထိုင်ကြတဲ့ စစ်ကောင်စီတပ် အင်အား ၄၀ နီးပါးကို အောက်တိုဘာ ၂၅ ရက် ညမှာ KIA/PDF ပူးပေါင်းတပ်က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စခန်းစွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး အောက်တိုဘာ ၂၆ ရက် နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်က ပြန်လည်တပ်စွဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြန်မာသူရကျောက်စိမ်းကုမ္ပဏီပိုင်ရှင် ဦးကျော်သူရကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအား ကူညီထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက ဖမ်းဆီးထောင်ချခဲပြီး ဖားကန့်မြို့နယ်က ကျောက်စိမ်းကုမ္ပဏီနဲ့ မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်က သူ့ရဲ့ နေအိမ်ကိုလည်း ၂၀၂၂ ခုနှစ် သြဂုတ် ၁၈ ရက်မှာ စစ်ကောင်စီက ချိပ်ပိတ်ခဲ့တယ်လို့ သိရပါတယ်။