Home
မြန်မာသတင်း
ခင်ဦးမြို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ၁ ဦး ပစ်သတ်ခံရ
DVB
·
October 26, 2023

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့၊ အောင်မင်္ဂလာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးရာကျော်ကို အောက်တိုဘာ ၂၆ ရက် နေ့လယ် ၁ နာရီလောက်က ပစ်ခတ်ခဲ့တယ်လို့ ဒေါင်းသွေးနီညီအကိုများ (ပကဖ) ရဲဘော်တဦးက ပြောပါတယ်။

ဦးရာကျော်ကို နေအိမ်နောက်ဘေးမှာ သေနတ်နဲ့ သုံးချက် ပစ်ခတ်ရာမှာ ဒဏ်ရာတွေနဲ့ စစ်ကောင်စီတပ်စွဲရာဘက် ထွက်ပြေးခဲ့ပြီး ခင်ဦးမြို့မရဲစခန်းနဲ့ ထွေအုပ်ရုံး မြောက်ဘက် မီတာ ၁၅၀ ခန့်အကွာအရောက်မှာ သေနတ်နဲ့ ၁၀ ချက် ထပ်မံပြီး ပစ်ခတ်ခံခဲ့ရတယ်လို့ ဒေသခံက ပြောပါတယ်။

“အာဏာမသိမ်းခင်ကတည်းက ရပ်ကွက်အုပ်ချုပ်ရေးမှူး လုပ်ခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ မြို့နယ်မှူးတွေကို လာဘ်ထိုးပြီး ခရိုနီလုပ်ခဲ့ပါတယ်။ တောင်သူလယ်သမားတွေထံက လယ်မြေတွေကို အတင်းအဓမ္မရယူကာ မြို့ထိပ်မှာ လယ်ဧကအများအပြား ပိုင်ဆိုင်ထားပြီး အကွက်ရိုက် ရောင်းချနေသူတဦးလည်း ဖြစ်ပါတယ်။”

ဦးရာကျော်ဟာ စစ်ကောင်စီနဲ့ပူးပေါင်းပြီး ပျူစောထီးတွေကို ငွေကြေးထောက်ပံ့ကူညီတာ၊ စစ်ကောင်စီတပ်တွေကို ဧည့်ခံကျွေးမွေးတာတွေရှိတယ်လို့ ဒေသခံတွေထံကပြောပေမဲ့ ဒီပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး ဦးရာကျော် ဘက်ကိုတော့ ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိပါဘူး။

အခု ပစ်ခတ်မှုကို ခင်ဦးမြို့ ဒေါင်းသွေးနီညီအကိုများ (ပကဖ) က ပြုလုပ်ခဲ့တာဖြစ်ပြီး အောက်တိုဘာ ၁၇ ရက်ကလည်း မြို့နယ်ပကဖက မြို့ပေါ် ဗလီကွေ့အနီး ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးပြီး MA1 သေနတ်နှစ်လက် ရရှိခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024