Home
မေးမြန်းခန်း
“ရှေ့လျှောက် ပိုပြင်းထန်တဲ့ တိုက်ပွဲတွေဖြစ်လာပါလိမ့်မယ်”-KNDF  ဒု-စစ်ဦးစီးချုပ်မာဝီ 
နော်နိုရင်း
·
October 26, 2023

ကရင်နီဒေသမှာ စစ်ကောင်စီတပ်တွေ တပ်မ ၅ မစာလောက် အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတဲ့အတွက် ရှေ့လျှောက် ပိုမိုပြင်းထန်တဲ့ တိုက်ပွဲတွေ ဖြစ်လာနိုင်လို့ ပြည်သူလူထုတွေ ကြိုတင်ပြင်ဆင်ထားကြဖို့  ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)  ဒု-စစ်ဦးစီးချုပ်က တိုက်တွန်းလိုက်ပါတယ်။

လက်ရှိ ကရင်နီပြည်ရဲ့ စစ်ရေးအခြေအနေတွေနဲ့ပတ်သက်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ဒု-စစ်ဦးစီးချုပ် မာဝီကို ဒီဗွီဘီ ဝါရင့်သတင်းထောက် နော်နိုရင်းက တွေ့ဆုံမေးမြန်းရာမှာ ပြောကြားလိုက်တာဖြစ်ပါတယ်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ကို စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် ၂၀၂၁ ခုနှစ်၊ မေ ၃၁ ရက်က စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပြီး စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင် တော်လှန်ခဲ့ပါတယ်။ လက်ရှိမှာတော့ KNDF ဟာ စစ်ဗျူဟာ ၆ ခု တပ်ရင်းပေါင်း ၂၂ ရင်းနဲ့ ကရင်နီပြည်တဝန်း မြို့နယ်အသီးသီးနဲ့ ရှမ်းပြည်နယ်တောင်ပိုင်း မြို့နယ်တချို့မှာ တပ်ဖြန့်လှုပ်ရှားနေပါတယ်။ 

(မေးမြန်းချက် အပြည့်အစုံ)  

မေး - ဟုတ်ကဲ့ မင်္ဂလာပါ မာဝီ။ KNDF အနေနဲ့ ကရင်နီပြည်နယ်မှာ စစ်ကောင်စီကို တွန်းလှန်တိုက်ခိုက်နေတာ အခုဆိုရင် ၂ နှစ်ကျော်ပြီပေါ့နော်။ အဲတော့ ဒီနှစ်အတွင်း လက်ရှိ တော်လှန်ရေးအခြေအနေက ဘယ်ရောက်နေပြီလဲ။ အားသာချက် ဘာတွေရှိလဲ။  ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ ဘာရှိလဲ။ အရင်ဆုံး ပြောပြပေးပါဦး။

ဖြေ - “ကျနော်တို့ ဒါ ငြိမ်းချမ်းစွာ ဆန္ဒပြပြီးတော့မှ လက်နက်စွဲကိုင်မယ်ဆိုပြီးတော့ ကျနော်တို့ ဆုံးဖြတ်ပြီးတော့မှ သင်တန်းတွေ စလုပ်ခဲ့ကြတယ်။ အဲဒီကနေပြီးတော့မှ လက်နက်တွေ တပ်ဆင်ပြီးတော့မှ တိုက်ပွဲတွေ စဝင်တဲ့အချိန်၊ အဲဒီကနေ အခုချိန်အထိဆိုရင် ၂ နှစ်ခွဲကျော်ကျော် ၃ နှစ်ထဲကို ဝင်လာနေပြီပေါ့နော်။ ဒီအခြေအနေတွေအားလုံးမှာ တိုးတက်မှုတွေ အများကြီးရှိတယ်။ ကျနော်တို့လက်ထဲမှာ ဓားတချောင်း၊ အပ်တချောင်းတောင် မရှိတဲ့အချိန်ကနေ စပြီးမှ အခုအခြေအနေမျိုးမှာ စစ်ကောင်စီရဲ့ ထိုးစစ်တွေ၊ စစ်ကောင်စီရဲ့ သူ့ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို အတိုင်းအတာတခုအထိ ဟန့်တားနိုင်တဲ့ အနေအထားတခုအထိ ရောက်လာပြီဖြစ်တယ်။ ကျနော်တို့ လက်ရှိအခြေအနေအထိမှာ တပ်ရဲ့ တည်ဆောက်မှုပိုင်းဆိုင်ရာ ကိစ္စရပ်တွေ၊ တခြားသော စစ်ရေးပိုင်းဆိုင်ရာ ကိစ္စရပ်တွေ အကုန်လုံးဟာ တိုးတက်နေတယ်။ ဒါကလည်း ရန်သူကသိတယ်။ ရန်သူကလည်း ဒီဟာကို အသိအမှတ်လည်း ပြုရလိမ့်မယ်ပေါ့နော်။”

“ဘာဖြစ်လို့လဲဆိုတော့ ဒီ ၂ နှစ်ခွဲနီးပါးမှာ စစ်ကောင်စီရဲ့ တပ်မတွေကို ပြိုပျက်အောင် ကျနော်တို့ ကရင်နီမှာရှိတဲ့ တော်လှန်ရေးအင်အားစုတွေက စွမ်းဆောင်ခဲ့တယ်။ စစ်ကောင်စီ အကျအဆုံးများစွာနဲ့ ဆုတ်ပြေးရတဲ့အထိ၊ သူ့တပ်ရင်းတွေ ပျက်ရတဲ့အထိ သူ့ရဲ့ တပ်ရင်းမှူးတွေကိုပါ ကျနော်တို့ ရှင်းလင်းနိုင်တဲ့အထိကို ကျနော်တို့ တိုက်ပွဲတွေ ပြင်းထန်ပြီးတော့ ကျနော်တို့ ဒီတော်လှန်ရေးအင်အားစုတွေကနေပြီးတော့ ကြိုးစားခဲ့ရတဲ့ အခြေအနေတွေ ရှိတယ်။ ဒါတွေကတော့ နေ့ချင်းညချင်း ဖြစ်လာတာတော့ မဟုတ်ဘူး။ ဒီလိုစကားမျိုးကို ဒီ ၂ နှစ်ခွဲအချိန်မှာ ကျနော်ပြောနိုင်တာဖြစ်တယ်။ ရှေ့မှာ ပြီးခဲ့တဲ့ အတိတ်မှာ ကျနော်တို့ ဖြစ်နေခဲ့တဲ့ အခြေအနေတုန်းကတော့ ဒါတွေကို ကျနော်တို့ ပြောဖို့ ဖြစ်ခဲ့တာပေါ့။ အဲဒီအချိန်မှာ ကျနော်တို့ အခက်အခဲ များစွာရှိတယ်။ လက်နက်ခဲယမ်း မလုံလောက်မှုတွေ၊ စားနပ်ရိက္ခာ အခက်အခဲတွေ၊ ကျနော်တို့ရဲ့ စစ်ရေးနည်းပညာတွေ၊ ability တွေ၊ skill တွေနဲ့ ပတ်သက်လာလို့ရှိရင်လည်း ကျနော်တို့မှာ မကျွမ်းကျင် မပြည့်စုံ၊ သင်ယူရမယ့် နေရာတွေကလည်း မရှိပေါ့နော်။ ပြီးရင် နည်းပညာတွေပေါ့။ ဒီခေတ်က လက်နက်ရှိရုံလောက်နဲ့ ပြီးတဲ့ခေတ် မဟုတ်ဘူး။ နည်းပညာတွေရှိမှရတယ်။ နည်းပညာနဲ့တိုက်တဲ့ခေတ်တွေ ဖြစ်တဲ့အတွက် ဒီနည်းပညာတွေလည်း မရရှိထားဘူး accept မလုပ်နိုင်တဲ့ အခြေအနေတွေ ရှိခဲ့တယ်။”

“အခုချိန်မျိုးမှာဆိုလို့ရှိရင် ကျနော်တို့ မြေပြင်ကတပ်တွေနဲ့ တိုက်တာမျိုး မဟုတ်ဘဲနဲ့ ဝေဟင်ကနေပြီးတော့မှ စစ်ကောင်စီရဲ့တပ်တွေကို တိုက်ခိုက်နိုင်တဲ့ဟာမျိုး စစ်ကောင်စီရဲ့ တပ်စခန်း base တွေ၊ တပ်ရင်း base တွေကို ကျနော်တို့ တိုက်နိုင်တဲ့ အခြေအနေမျိုးလည်း ရောက်လာပြီပေါ့။ ဆိုတော့ ကျနော်တို့မှာ ငွေရေးကြေးရေး အခက်အခဲတွေရှိတယ်။ ပစ္စည်း ပစ္စရတွေ လွယ်ကူစွာ ကျနော်တို့ ရနိုင်တဲ့အနေအထား မရှိတာတွေရှိတယ်။ ကျနော်တို့မှာ ငွေကြေးအင်အား တချို့ရှိခဲ့ရင်တောင်မှ လိုချင်တဲ့ပစ္စည်းတွေကို မရနိုင်တဲ့၊ လုံလောက်အောင် ရယူနိုင်တဲ့ အနေအထားမျိုး မရှိတာမျိုးတွေ ကျနော်တို့ ကြုံရတာတွေလည်း ရှိပါတယ်။ အဲတော့ ခြုံပြီးပြောရရင်တော့ အခက်အခဲတော့ လူပုဂ္ဂိုလ်သက်ရှိပေါ်မှာ မူတည်တဲ့ အခက်အခဲတွေလည်း အများကြီးရှိသလို သက်မဲ့ပစ္စည်း ရုပ်ဝတ္ထုပစ္စည်းတွေနဲ့ ပတ်သက်တဲ့ဟာတွေလည်း ရှိတယ်။ သို့သော် ဒီတော်လှန်ရေးကတော့ progress ဖြစ်နေတယ်။ ဆက်လက်ပြီးတော့လည်း success ဖြစ်ဖို့ ဆက်သွားဖို့ရှိပါတယ်။”

မေး - ဟုတ်ကဲ့ ဆိုတော့ တိုက်ပွဲတွေ နေ့စဉ်လိုလို ဖြစ်ပွားနေတယ်။ ဒေသခံတွေလည်း ထွက်ပြေးတိမ်းရှောင်နေရတယ်။ အခုနောက်ပိုင်းမှာဆိုရင် စစ်ကောင်စီဘက်က လေကြောင်း တိုက်ခိုက်မှုတွေ အရမ်းများလာတယ်။ ဆိုတော့ ဒီလေကြောင်းတိုက်ခိုက်မှုတွေကို မာဝီတို့ KNDF ရဲဘော်တွေ ဘယ်လိုရင်ဆိုင်တိုက်ခိုက်နေရလဲ။ ဘယ်လောက် ခက်ခက်ခဲခဲ ကျော်ဖြတ်နေလဲဆိုတာကို ပြောပြပေးပါလား။

ဖြေ - “လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီးတော့ ပြောရမယ်ဆိုရင်တော့ သူ့ရဲ့ အကြောင်းအရင်းလည်း ကျနော်တို့ပြောရမယ်။ ၂၀၂၁-၂၀၂၂ မှာဆိုလို့ရှိရင် သူ့ရဲ့ လေကြောင်းတိုက်ခိုက်မှုပုံစံက သူရှုံးရင် သူတိုက်တယ်။ သူ့ရဲ့မြေပြင်တပ်တွေ၊ စစ်ကြောင်းတွေ တက်လာတယ်။ ကျနော်တို့နဲ့ ထိတွေ့မှုတွေ ဖြစ်တယ်။ သူ့လူတွေရှုံးနေပြီ၊ သူ့လူတွေ အကျအဆုံးတွေ များနေပြီဆိုရင်တော့ သူက လေကြောင်းပစ်ကူကိုခေါ်တယ်။ ဒါဆိုရင် ကျနော်တို့က သိလို့ရပြီ။ လေကြောင်းလာပြီဆိုရင် သူတို့ အကျအဆုံးများနေပြီ။ ကျဆုံးတောင်မှ တယောက်နှစ်ယောက်မဟုတ်ဘူး။ ဆယ်နဲ့ချီပြီးတော့ကျတယ်။ ကျနော်တို့ ၂၀၂၂ ထဲမှာ အမြဲပြောလေ့ရှိတယ်။ သူ့လူ အနည်းဆုံး သုံးဆယ်၊ လေးဆယ်လောက် ကျပြီဆိုရင်တော့ လေကြောင်းခေါပြီဆိုတဲ့ ဟာမျိုးပေါ့နော်။ ဒါမှမဟုတ်ရင် သူ့ရဲ့ တပ်ရင်းမှာရှိတဲ့ ခေါင်းပေါင်းလို့ခေါ်တဲ့ တပ်ရင်းမှူးတွေ၊ ဒုတပ်ရင်းမှူးတွေ ထိပြီကျပြီဆိုရင် သူတို့ ခေါ်လေ့ရှိတာပေါ့လေနော်။ အဲဒီအခြေအနေက ဆိုလို့ရှိရင်တော့ သူက တိုက်ပွဲဖြစ်တဲ့နေရာကို လာကြဲတယ်။ တိုက်ခိုက်နေတဲ့ ရှေ့တန်းနေရာကို ကြဲတာပေါ့။ ၂၀၂၁-၂၀၂၂ နှစ်ကုန်ခါနီးအထိပေါ့နော်။”

“ဒီ ၂၀၂၃ ခုနှစ်ထဲမှာဆိုရင် သူ့ရဲ့ လေကြောင်းတိုက်ခိုက်မှုက ဘာဖြစ်သွားလဲဆိုတော့ တိုက်တဲ့နေရာကိုလည်း သူကြဲတယ် ပစ်တယ်။ မတိုက်တဲ့ စစ်ရှောင်စခန်းတွေရှိတယ်။ resident တွေရှိတဲ့ local resident တွေရှိတဲ့ ကျေးရွာတွေကိုလည်း သူက ကြဲတယ်။ စာသင်ကျောင်းတွေကို ကြဲတယ်။ ဆေးရုံတွေကြဲတယ်။ တကယ့် အများပြည်သူ နေရာမျိုးတွေကို သူက target ထားပြီးတော့ သူတို့က ကြဲလာတယ်။ နေ့လည်းလာတယ်။ ညလည်းလာတယ်။ ဒီနောက်ပိုင်းဆိုရင်တော့ ညပိုင်းလာကြဲတာတွေ ပိုများတယ်။ ၂၀၂၂ ထဲမှာလည်း စသုံးပါတယ်။ ကြဲတဲ့အချိန်မှာ ဖျက်အားပြင်းတဲ့ ပေါင် ၅၀၀ လိုမျိုး ဗုံးတွေပေါ့လေ။ သူ့ရဲ့ ဖျက်အားကြီးတဲ့ ဗုံးတွေကိုလည်း နောက်ပိုင်းမှာ ခပ်စိပ်စိပ်လေး သူသုံးလာနေတယ်။ ဆိုတော့ လေကြောင်းတိုက်ခိုက်မှုက အဲလိုမျိုး ရင်ဆိုင်နေရတာတွေ ရှိပါတယ်။ ပြီးတော့ လေယာဉ်အသစ်တွေလည်း သူတို့ ထုတ်သုံးလာတာတွေ ရှိတယ်။ ကျနော်တို့ ၂၀၂၁-၂၀၂၂ ထဲမှာဆိုရင် YAK အမျိုးအစား ပုံဟောင်းတွေပေါ့၊ ခန္ဓာကိုယ် နည်းနည်းသေးတယ်၊ အပြာမျိုး၊ သူက capacity လည်း နည်းတယ်ပေါ့နော်။ ၂၀၂၂ ကုန် ၂၀၂၃ ကနေစပြီးတော့မှ ကျနော်တို့ SU-30 တွေ ကျနော်တို့ တွေ့လာရတယ်။ ပိုပြီးတော့မှ စွာတယ်၊ ပိုကြီးတယ်၊ သူလုပ်တဲ့ capacity က ပိုပြီးတော့ များတယ်ပေါ့နော်။ ဗုံးတွေ၊ သူ့ရဲ့လက်နက်ပစ္စည်းတွေ သယ်ဆောင်နိုင်တဲ့ အင်အားလည်း များတယ်ပေါ့နော်။ ဒီလိုအမျိုးစားတွေ ကျနော်တို့ကြုံရတယ်။ ရဟတ်ယာဉ်ဆိုရင် Mi35 လို ကျနော်တို့ ကြုံရတယ်။ ဒါ တိုက်ခိုက်ရေးရဟတ်ယာဉ်မျိုးပေါ့လေ။”

“လောလောဆယ်ကတော့ ကျနော်တို့အနေနဲ့ သူတို့က ဟန့်တားနိုင်တာ ကျနော်တို့မှာ point 50 တွေရှိတယ်။ အဲတော့ သူ နိမ့်နိမ့်ပျံတဲ့နေ့ကတော့ သူ ငှက်ကင်ဖြစ်မယ့်နေ့ပဲပေါ့။ ကျနော်တို့မှာလည်း ကျနော်တို့ရဲ့ ထိုက်သင့်တဲ့ ပြင်ဆင်ထားရမယ့်ဟာမျိုး၊ ရနိုင်တဲ့ အခြေအနေပေါ့လေ။ အဲဒါကြောင့်မို့လို့လည်း အခုဏ progress ဆိုတာလည်း အဲဒါကိုပြောတာ။ ၂၀၂၁-၂၀၂၂ ထဲမှာ ကျနော်တို့မှာ ဘာမှမရှိဘူး။ လေယာဉ်က ကျနော်တို့ကိုတောင် တခါတလေ show off လုပ်တာပေါ့လေ။ ကျနော်တို့ကို ကြဲပြီးတော့ ပက်လက်လှန်ပြတာတို့၊ ပတ်ချာလည်ပြသွားတာတို့ ဘာတို့တောင်မှ ကျနော်တို့ ကြုံဖူးတယ်။ ဒါပေမဲ့ ဒီ အခု အနာဂတ်မှာ အဲလိုလာလုပ်ရင်တော့ အဲလာလုပ်တဲ့သူကတော့ သူများစကားငှားသုံးရမယ်ဆိုရင် အဲဒီလေယာဉ်မောင်းကတော့ သူ့သားသမီးတွေကိုတော့ သူများတွေ ထိန်းပေးရမှာပေါ့နော်။”

မေး - စစ်ကောင်စီဘက်က အရင်ကထက်စာရင် အင်အားကောင်းတဲ့ လေယာဉ်တွေနဲ့ အသုံးပြုလာတဲ့ အခါကျတော့ ဒီမြေပြင်မှာရှိတဲ့ KNDF ရဲဘော်တွေကတော့ ဒီဒဏ်ကို ကြံ့ကြံ့ခံနေရလား၊ ဘယ်လိုမျိုးအနေအထားတွေရှိလဲ။

ဖြေ - “စစချင်းအချိန်တွေတုန်းကတော့ ကျနော်တို့လည်း လန့်တာပေါ့။ လန့်တာပေါ့ဆိုတာက မြင်မှမမြင်ဘူးတာ။ ဒီလိုမျိုး အတွေ့အကြုံမှ မရှိဘူးတာ။ လေယာဉ်လာကြဲတယ်။ လေယာဉ်လာပစ်တယ် ဆိုတဲ့ဟာကို။ ဆိုတော့ လူတိုင်းက လေယာဉ်တွေလာပြီဆိုရင် ပုန်းကြ ဝှက်ကြပေါ့လေ။ ဒါပေမဲ့ စစ်ရေးမှာ အချိန်အတိုင်းတာတခု ရလာတဲ့အချိန်မှာတော့ ကျနော်တို့ ဒီလေယာဉ်တွေ လာပြီဆိုလို့ရှိရင် ဘယ်လိုနေရမလဲ၊ ဘယ်လိုထိုင်ရမလဲ၊ ကိုယ့်ဟာကိုယ် ဘယ်လိုကာကွယ်ရမလဲဆိုတဲ့ အစီအမံတွေကိုတော့ ကျနော်တို့ လုပ်ရတာပေါ့။ ရဲဘော်တွေအနေနဲ့ကတော့ အဲလိုမျိုးကိုသွားတယ်။ ဒီ အခုနောက်ပိုင်း ဒီလေယာဉ်လာပြီဟေ့ဆိုရင်တောင်မှ သိပ်ပြီးတော့မှ စိတ်ထဲမှာ ဟို regular ကြီး ဖြစ်လာပြီလေ။ used to ဖြစ်လာတော့ အရမ်းကြီးလန့်နေတာမျိုး၊ ကြောက်နေတာမျိုးတောင် မရှိတော့ဘူး။ လေယာဉ်လာ လာပါစေပေါ့ ဆိုတဲ့ဟာမျိုးတွေတော့ ဖြစ်တာပေါ့။ ဆိုတော့ ဒါကလည်း ကျနော်တို့ထဲက စိတ်ပိုင်းဆိုင်ရာက ပြန်ပြီးတော့မှ defence လုပ်တာပဲ၊ သူတို့ကို ပြန်တိုက်နေတာပဲ။ သူ့ဘာသူ လေယာဉ်မကလို့ ဘာနဲ့ပဲလာလာ ကျနော်တို့ စိတ်ထဲမှာကတော့ ကြောက်မနေတော့ဘူးပေါ့နော်။ ကျနော်တို့ ပြန်လုပ်ရမယ်။ ပြန်ပြီး‌တော့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရမယ်။ ကိုယ့်ပြည်သူကို ကာကွယ်ဖို့ရာအတွက် ကိုယ်က အရှေ့က သေနတ်ကြီးကိုင်ပြီး‌တော့မှ ကြောက်ပြနေရင်လည်း ကိုယ့်ပြည်သူလူထုက ပိုကြောက်တာပေါ့။ ဆိုတော့ အဲလိုမျိုး စိတ်ပိုင်းဆိုင်ရာနဲ့ပဲ ကျနော်တို့ ပြန်ပြီးတော့မှ အားတင်းကြတယ်။ ပြန်ပြီးတော့မှ သူ့ကို မင်းရဲ့ပစ္စည်းတွေ ဘယ်လောက်ဖြစ်ဖြစ် ငါ့တို့မကြောက်ဘူး ဆိုတဲ့ဟာမျိုးကို ကျနော်တို့ ပြတာပါတယ်။”

မေး - ဟုတ်ကဲ့ အခုလက်ရှိ ကရင်နီမှာ စစ်ကောင်စီရဲ့တပ်တွေ အခြေအနေနဲ့ စစ်အုပ်ချုပ်ရေး အခြေအနေ ဘယ်လိုရှိနေသေးလဲ။ ထိန်းချုပ်နိုင်မှု အနေအထား ဘယ်လိုရှိလဲ။

ဖြေ - “မြို့ကြီးပေါ့ လွိုင်ကော်ရယ်၊ ဘောလခဲလောက်ပဲ သူ့ရဲ့  အုပ်ချုပ်ရေး လည်ပတ်နိုင်တယ်။ ကျန်တဲ့နေရာတွေမှာတော့ မရှိတော့ဘူးပေါ့နော်။ ရှမ်းတောင်ဆိုရင်တော့ ဖယ်ခုံလို့ ပြောရဦးမှာပေါ့နော်။ ဒါပေမဲ့ သူ မြို့ပေါ်ကနေ ထွက်တာနဲ့ အချခံရပြီလေနော်။ ဆိုတော့ မြို့ထဲလောက်မှာပဲ သူက နေရဲတော့တယ်။ သူ့ရဲ့အလုပ်တွေကလည်း မြို့ထဲမှာပဲရှိတယ်။ မြို့ရဲ့အပြင် ရွာတွေကိုရင် ဘာ service မှ မရှိတော့ဘူး။ ဘာ administration မှ မရှိတော့ဘူး။ ဒါ ကျနော်တို့ထိန်းချုပ်တဲ့ နယ်မြေတွေ ဖြစ်တယ်ပေါ့လေ။ ဆိုတော့ စစ်ကောင်စီက ကရင်နီမှာ မြို့ပေါ်လောက်ပဲ သူက အကောင်လုပ်နိုင်တယ်ပေါ့။ သူ မြို့ပြင်ရောက်တာနဲ့ အကြိတ်ခံရပါတယ်။”

မေး - ဒီ KNDF က တပြည်နယ်လုံး လွတ်မြောက်တောင် တိုက်နိုင်တဲ့ အနေအထား ရှိတယ်လို့ ပြောလို့ရမလား။

ဖြေ - “ကျနော်တို့မှာ အခုအခြေအနေအထိဆိုရင် ကြီးငယ်လတ်ပေါ့လေ။ ကျနော်တို့ ပစ္စည်းတွေ လုံလောက်တဲ့ အခြေအနေတခု ရှိတယ်လို့ ကျနော်တို့ ပြောလို့ရတယ်။ သူ့ထိုးလာတဲ့ထိုးစစ်တွေ၊ သူဝင်လာတဲ့အချိန်မှာ ကျနော်တို့ တားနိုင်ဖို့ရာအတွက် လုံလောက်သော အရေအတွက်ရှိတယ်။ ဒါပေမဲ့ လူတိုင်းကို ကျနော်တို့ လက်နက်တပ်ဆင်နိုင်ပြီလားလို့ ပြောရင်တော့ ကျနော်တို့ ထပ်ဖြည့်ရဦးမယ်။ လူတိုင်းကို တပ်ဆင်နိုင်တဲ့ တနေ့ကတော့ ခုနက အမမေးတဲ့မေးခွန်း ကျနော်တို့ လွတ်မြောက်အောင် စွမ်းဆောင်နိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ဒီတော်လှန်ရေးမှာပါနေတဲ့ ကျနော်တို့ တပ်ဖွဲ့ဝင်တွေက စစ်ကောင်စီကလိုမျိုး ကျနော်တို့ လမ်းဘေးမှာ သွားခေါ်လာပြီးတော့ ပေါ်တာဆွဲပြီးတော့မှ ထောင်ကျခံမလား၊ စစ်သားလုပ်မလား ဆိုပြီးတော့ ခေါ်လာတဲ့လူတွေ မဟုတ်ဘူး။ ကျနော်တို့လူတွေက သူတို့စိတ်ထဲကနေပြီးတော့မှ ဒီဟာသည် မတရားမှု ဖြစ်တယ်။ ဒီဟာကို ငါတို့က တွန်းလှန်ရမယ်။ တော်လှန်ရမယ်ဆိုတဲ့ စိတ်နဲ့ လာကြတဲ့လူတွေပဲဖြစ်တယ်။ ဒါကြောင့်မို့လို့ စိတ်ဓာတ်ပိုင်းဆိုင်ရာမှာ ကျနော်တို့ အများကြီးသာတယ်။ အဲတော့ ပစ္စည်းတွေရယ်၊ နည်းပညာအထောက်အကူတွေသာ ကျနော်တို့မှာ ထပ်ပြီး တိုးတက်လာမယ်ဆိုရင်တော့ ကျနော်တို့ ယုံကြည်တယ်။ ကျနော်တို့ အနိုင်တိုက်နိုင်မှာ။”

မေး - ဟုတ်ကဲ့။ KNDF နဲ့ NUG ရဲ့ PDF တွေနဲ့ ပူးပေါင်းဆောင်ရွက်မှု အခြေအနေလေးတွေကော ဘယ်လိုတွေရှိလဲ ပြောပြပေးပါလား။

ဖြေ - “ကျနော်တို့ အများကြီး တိုးတက်မှုတွေရှိပါတယ်။ ကျနော်တို့ အနီးကပ်လည်း ပူးပေါင်းဆောင်ရွက်နေတဲ့ ကိစ္စတွေ ရှိတယ်။ ဒီတော်လှန်ရေးကြီးဟာ တဦးတယောက်အတွက် ကောင်းအောင်ပဲ လုပ်လို့မရဘူးဆိုတာ ကျနော်တို့နားလည်တယ်။ တပ်ပေါင်းစုအသွင်သဏ္ဌာန်နဲ့ ကျနော်တို့တွေ သွားကြရမယ်။ စုပေါင်းအားနဲ့ မဟာမိတ်အားတွေနဲ့ ကျနော်တို့ ဘုံရန်သူကို ကျနော်တို့ ဖြိုရမှာ။ ဒါကို ကျနော်တို့သိတယ်။ အဲဒီ ethic လည်း ကျနော်တို့မှာ ရှိတဲ့အတွက်ကြောင့်မို့လို့ အခုဆိုရင် NUG၊ အဓိအားဖြင့် MOD ပေါ့လေ။ သူတို့ရဲ့ လုပ်ငန်းဆောင်တာတွေ၊ ကျနော်တို့ သွားချင်တဲ့လမ်းကြောင်းတွေ၊ များစွာ ညှိနှိုင်းဆောင်ရွက်မှုတွေ၊ များစွာပြောဆိုဆွေးနွေးမှုတွေနဲ့ ကျနော်တို့ မြေပြင်မှာလည်း အတူတကွ လက်တွဲအကောင်အထည်ဖော်တာတွေလည်း ရှိတယ်။ ကျနော်တို့ ကရင်နီမှာလည်း MOD လက်အောက်ခံ တပ်တွေရှိတယ်။ တကယ့်မြေပြင်မှာလည်း အခု ကျနော်တို့ကိုယ်တိုင် အတူတူ စုစည်းပြီးတော့မှ မြေပြင်မှာရှိတဲ့ တပ်တွေက တပ်ပေါင်းစုပုံစံ ကျနော်တို့ သွားနေတဲ့အခြေအနေတွေ ရှိတယ်။ အောင်မြင်မှုတွေလည်း ရထားတာတွေ ရှိတယ်ပေါ့။ ဆိုတော့ ဒီလို ကျနော်တို့ အလုပ်လုပ်ကိုင်နေကြပါတယ်။”

မေး - ဆိုတော့ အနာဂတ်မှာ ဖယ်ဒရယ်တပ် ဖြစ်လာဖို့အတွက် KNDF ဘက်က ဘာတွေ ဘယ်လောက်ထိ ဆွေးနွေးပြီးပြီလဲ။ ပြင်ဆင်ထားပြီးပြီလဲ။

ဖြေ - “ကျနော်တို့ ရှိသင့်ရှိထိုက်သော ပြင်ဆင်မှုတွေ၊ လေ့လာမှုတွေ အခုကတည်းက ကျနော်တို့ လုပ်နေတာရှိတယ်။ ကျနော်တို့ ကြိုတွက်ထားပြီးသား အခြေအနေတွေလည်း ရှိပါတယ်။ ဥပမာ ဒီအခြေအနေတွေပြီးသွားရင် နောက် ဘာဖြစ်လာနိုင်လဲ ဆိုတဲ့ဟာမျိုးတွေကို ကျနော်တို့ ကြိုတွက်ဆထားတယ်။ အဲဒီ တွက်ဆထားပြီးတော့ လိုအပ်တဲ့ လေ့လာသင်ယူမှုတွေ၊ လိုအပ်တဲ့ ပြင်ဆင်မှုတွေလည်း ကျနော်တို့လုပ်နေတယ်။ ကျနော်တို့ ယုံကြည်တာက ဒီတော်လှန်ရေးသည် စစ်ရေးတခုတည်းနဲ့ ပြီးမှာမဟုတ်ဘူးပေါ့လေ။ တခြားသော ရေးရာများစွာလည်း ကျနော်တို့ လိုအပ်သေးတယ်။ တိုးတက်ဖို့လိုတယ်။ တခြားသောရေးရာတွေလည်း ကျနော်တို့မလိုချင်တဲ့ institution ကို ကျနော်တို့ ဖြိုချရမယ်ဆိုတာ ကျနော်တို့ သိတယ်ပေါ့နော်။ နိုင်ငံရေးအရ၊ စီးပွားရေးအရ၊ လူမှုရေးအရ ဒါတွေလည်း ကျနော်တို့ ဒီတော်လှန်ရေးနဲ့ တပါတည်း အောင်မြင်ရအောင် သွားဖို့လိုတယ်ပေါ့။ ကျနော်တို့ အဲလိုတွေးခေါ်တယ်၊ ယုံကြည်မှုတွေ တွက်ချက်မှုတွေ ရှိတဲ့အတွက်ကြောင့်မို့လို့ ဖြစ်သင့်ဖြစ်ထိုက်တဲ့အရာ၊ ဖြစ်တန်ခြေရှိသောအရာ အကုန်လုံး တွက်ချက်ထားတယ်။ အဲဒါတွေနဲ့ ပတ်သက်ပြီး လေ့လာမှုတွေ၊ ဆွေးနွေးမှုတွေ၊ workshop တွေ training တွေ၊ အဆက်မပြတ် လုပ်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နောင်တချိန်မှာ ဒီလူမှုအသိုင်းအဝိုင်းကြီးကို တည်ဆောက်ရမယ့်သူတွေသည် ကျနော်တို့လူတွေပဲဖြစ်တယ်။ ဒီတော်လှန်ရေးထဲမှာ ပါဝင်နေတဲ့လူတွေပဲ ဖြစ်တယ်။ ကျနော်တို့က သတ်သတ် လူတစုမဟုတ်ဘူး။ ကျနော်တို့က ပြည်သူထဲက ပြည်သူပဲ ဖြစ်တဲ့အတွက်ကြောင့်မလို့ ကျနော်တို့ တော်လှန်ရေးပြီးသွားရင် ဒါမှမဟုတ်ရင်လည်း အခြေအနေတခု ပြောင်းသွားရင် သေနတ်ပဲ ပစ်တတ်သွားတယ်ဆိုတဲ့ ဟာမျိုးကြီးက အဓိပ္ပာယ်မရှိဘူးလေ။ အဲတော့ အခုကတည်း ကျနော်တို့ တော်လှန်ရေးနဲ့အတူတူ သိသင့်သိထိုက်၊ ပြင်ရမယ့်တွေကိုလည်း တခါတည်းနဲ့ ကျနော်တို့ လုပ်နေတာရှိပါတယ်။”

မေး - အခုနက ပြောသလို စစ်ကောင်စီက ကရင်နီပြည်ထဲ ထိုးစစ်ဆင်လာတဲ့အခါမှာ တော်တော်များများ တပ်ပျောက်သွားတာမျိုးတို့၊ အကျအဆုံးများတာမျိုးတွေက ဘယ်လိုကြောင့် ဖြစ်တာလဲ။

ဖြေ - “ကျနော်တို့ စစ်ရေးမှာ အရေးကြီးတဲ့ moto တွေရှိတယ်။ ဥပမာ၊ ရွှေ့လာရမယ်၊ ပစ်ရမယ်။ communicate လုပ်ရမယ် ဆိုတာရှိတယ်။ စစ်ရေးကို လုပ်တဲ့လူတိုင်း ဒီ အခြေခံသဘောတရားတွေနဲ့ ကျနော်တို့ သွားကြတယ်။ အဲဒီဟာတွေအပြင် နောက်ထပ် အရေးကြီးတာကတော့ သတင်းအချက်အလက်ပေါ့။ သတင်းအချက်အလက် ဘာမှမရှိဘဲ ကျနော်တို့ ဘာမှလုပ်လို့မရဘူး။ ကျနော်တို့ ရန်သူကို သွားတိုက်မယ်ဆိုရင် ရန်သူက ဘယ်လိုအမျိုးအစားလဲ၊ လူဦးရေဘယ်လောက်ရှိလဲ၊ သူတို့ဆီမှာ ဘာလက်နက်တွေရှိနေလဲ။ သူ့ဗိုလ်နေရာက ဘယ်မှာလဲ၊ သူနဲ့ စထိတွေ့မယ့်နေရာက ဘယ်နေရာလဲ၊ ဘယ်လောက်လဲ၊ မိုင်းဘယ်နားမှာရှိလဲ၊ ဒီအခြေခံ သတင်းအချက်အလက်တွေပေါ့။ ဒါပေမဲ့ အဲလို information တွေထက် နောက်ထပ် အရေးကြီးတဲ့ information တွေ ရှိပါသေးတယ်။ ဥပမာ သူ့စစ်ကြောင်းတွေ လာတော့မယ်။ သူ့ရဲ့ယာဉ်တန်းတွေ လာတော့မယ် ဆိုတဲ့ဟာမျိုးတွေ ပေါ့လေ။ ဒါမျိုးတွေကို သတင်းအချက်အလက် ကြိုတင်ရယူနိုင်မှုပေါ့နော်။ ဒါတွေကလည်း အရေးကြီးတယ်။ ဒါတွေကို ကျနော်တို့ ရအောင်လုပ်နိုင်တဲ့ အတွက်ကြောင့်မို့လို့လည်း ကရင်နီမှာရှိတဲ့ တိုက်ပွဲတွေ အတော်တော်များများမှာ ကျနော်တို့က အသာစီးရကြတယ်ပေါ့။ အဲဒါဆိုရင်တော့ ကျနော်တို့ ဒီမှာ ထပ်ပြောချင်တဲ့ဟာကတော့ ဒီလိုမျိုး သတင်းအချက်အလက်တွေကို ဘယ်လိုရယူလဲပေါ့။ ကျနော်တို့ ကြားဖြတ်တွေ လိုက်တာတွေ ရှိတာပေါ့။ အဲထက် ပိုအရေးကြီးတာကတော့ ကျနော်တို့ ဖရဲသီးလို့ပြောတဲ့ ပြည်သူ့ဘက်သားတွေပေါ့လေ။ ဒီနောက်ပိုင်းဆိုလို့ရှိရင် ပြည်သူ့ဘက်သားတွေအဖြစ် ပြောင်းလာဖို့အတွက်တော့ အခက်အခဲတွေ အများကြီးရှိတဲ့သူတွေလည်း ရှိနေသေးတယ်။ အဲထဲမှာဆိုရင် ဗိုလ်ချုပ်တွေ၊ ဗိုလ်မှူးချုပ်အဆင့်တွေအထိ၊ ဗိုလ်မှူးကြီးအဆင့်တွေအထိ ပါတယ်။ ကျနော်တို့ ဒီသတင်းအချက်အလက်တွေက ဒီလိုမျိုး အရေးကြီးတဲ့ စစ်ယာဉ်တန်းတွေ၊ အရေးကြီးတဲ့ ထိုးစစ်တွေကို အောက်ခြေ ရဲဘော်လေးတွေကနေ ရလေ့ရထမရှိဘူး။ အောက်ခြေရဲဘော်က ဘာမှမသိဘူး။ အဲတော့ အဆင့်အတန်း ကြီးကြီးမားမား ရှိတဲ့လူတွေက ကျနော်တို့ကို ပြောပြတယ်။ ဒီလို ဒီလိုတွေ ဖြစ်လာပြီး ဒီလိုတွေ လာလိမ့်မယ်။ မင်းတို့ဒေသ ဘယ်လိုလာမယ်ဆိုတဲ့ ဟာမျိုးတွေပေါ့နော်။ အဲဒီသတင်းအချက်အလက်တွေက ကျနော်တို့ကို အသာစီးရစေတာ ဖြစ်ပါတယ်။”

မေး - ဒီလိုမျိုး ဖရဲသီးတွေရဲ့ အကူအညီလည်း အများကြီးပါတယ်။ သူတို့ စစ်တပ်အရာရှိ အကြီးအကဲတွေတောင် ဒီလိုဖြစ်လာနေတဲ့ အခြေအနေမျိုးမှာ တော်လှန်ရေး အောင်မြင်နိုင်မှု အခြေအနေက ဘယ်လောက်ရှိပြီလို့ ခန့်မှန်းလို့ရမလဲ။

ဖြေ - “ပြောရတော့ ခက်ပါတယ်။ စစ်ရေးအရဆိုရင် ကျနော်တို့ ကရင်နီမှ မဟုတ်ဘူး၊ တတိုင်းပြည်လုံးမှာ တိုးတက်မှုရှိနေတယ်။ ကျနော်တို့လက်ထဲမှာ ဘာမှမရှိခင်ကနေ အခု ရှိလာပြီ။ ကျနော်တို့ ဘာမှမတိုက်တတ်ခင်ကနေ သူတို့တပ်ရင်းတွေ ပြုတ်အောင် ကျနော်တို့ အများကြီး တိုက်နိုင်လာပြီ။ ကျနော်တို့မှာ အခု Brutal regime ကို ဖြုတ်ချနိုင်ဖို့က နည်းပညာတွေ၊ လက်နက်ခဲယမ်း အထောက်အကူတွေ ထပ်ရရှိလာမယ်ဆိုရင် မြန်မြန်ဖြုတ်နိုင်မယ်။ သေချာတာတခုက ကျနော်တို့ ဒီခေတ် လူငယ်တွေကတော့ တော်လှန်ရေးကို နှစ်ရှည်လများ ဆွဲသွားချင်တဲ့သူ တယောက်မှမပါဘူး။ မြန်မြန်ဖြတ်ချင်တယ်။ ပထမတချက် မြန်မြန်ဖြတ်ချင်တာ ဘာလဲဆိုတော့ ကျနော်တို့အားလုံးက စစ်သွေးကြွတွေ မဟုတ်ဘူး။ စစ်တိုက်ခြင်းနဲ့ အသက်မွေးဝမ်းကျောင်း လုပ်ချင်တဲ့သူတွေလည်း မဟုတ်ဘူး။ စစ်သားလည်း မလုပ်ချင်ဘူး။ လူတွေကို ပစ်ခတ် သတ်ဖြတ်ချင်တာလည်း မလုပ်ချင်ဘူး။ ကျနော်တို့အားလုံးဟာ ကျနော်တို့ရဲ့ ငြိမ်းချမ်းသော အိပ်မက်တွေ ရှိကြတယ်။ နံပါတ်နှစ်က စစ်တိုက်ပြီဆိုတာနဲ့ ပြည်သူလူထုက မြေစာပင် ဖြစ်လေ့ရှိတယ်။ ပြည်သူလူထု ဆင်းရဲဒုက္ခရောက်နေတဲ့အချိန်ကို အတိုဆုံး ချုံ့ချင်တယ်။ မြန်မြန်ပြီးရင် ပြည်သူလူထု အေးချမ်းသွားမယ်။ ဒါပေမဲ့ ဒီအခြေအနေကြီးနဲ့ စစ်ကောင်စီရဲ့ လက်အောက်မှာ အေးအေးဆေးဆေး နေဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတာ လူတိုင်းသိတယ်။ တချို့လူတွေ အေးအေးဆေးဆေး နေကြတဲ့သူတွေလည်း အများကြီး တွေ့ပါတယ်။ ဒါပေမဲ့ ဒီဟာတွေက ရေရှည်မခံဘူး။ ကောင်းမွန်တဲ့ လူမှုအသိုက်အဝန်းတခု မရဘူး။ အာဏာပါဝါရှိတဲ့သူက အမြဲတမ်း ဗိုလ်ကျမှာပဲ။ သေနတ်ရှိတဲ့သူက အမြဲမှန်တာပဲ ပတ်ဝန်းကျင်မျိုးမှာပဲ သူတို့နေရမှာ။ ကျနော်တို့ကတော့ အဲဒီလိုနေရာမျိုးမှာ မနေချင်ဘူး။ ကျနော်တို့ လူပီသစွာ နေချင်တယ်။ လူတွေရဲ့ အသိုင်းအဝိုင်းမှာ တကယ် စည်းတွေ ကမ်းတွေနဲ့၊ လူလူချင်း တန်ဖိုးထားကြတဲ့၊ လူလူချင်း နှိပ်စက်ညှဉ်းပန်းမှုတွေ မရှိတဲ့၊ အာဏာပါဝါပြတာမရှိတဲ့ ပတ်ဝန်းကျင်မျိုးကိုပဲ ကျနော်တို့ သွားချင်တယ်။ အဲဒီအတွက် ကျနော်တို့ ကြိုးစားနေတယ်။ အမြန်ဆုံး ဖြတ်နိုင်အောင်လည်း ကျနော်တို့ လုပ်ဆောင်နေတယ်။ ရာခိုင်နှုန်းနဲ့ပြောဖို့တော့ ခက်ပါတယ်။”

မေး - အခု ၃ နှစ်ထဲ ဝင်လာပြီဆိုတော့ တော်လှန်ရေးကာလ ကြာလာတဲ့အခါမှာ အနိုင်အရှုံး ပေါ်ပေါ်လွင်လွင် မရှိသေးတော့ ဆွေးနွေးပွဲလမ်းကြောင်းပေါ်ကိုရော သွားဖို့ အစီအစဉ်ရှိလား။

ဖြေ - “အခုလက်ရှိ အခြေအနေမှာတော့ ကျနော်တို့ အိပ်မက်ထဲတောင် မတွေးဖူးဘူးပါဘူး။”

မေး - အခုရက်ပိုင်း သတင်းတွေကြားနေတာ စစ်ကောင်စီက ကရင်နီပြည်နယ်ကို ထိုးစစ်အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတယ်။ ဘော်လခဲထိ ရောက်နေပြီ ကြားတယ်။ မယ်စဲ့ကို ပြီးခဲ့တဲ့လပိုင်းတွေက တိုက်ခိုက်ထားတဲ့အတွက် သူတို့က မယ်စဲ့ကို ပြန်ပြီးသိမ်းယူဖို့အတွက် နေရာပြန်ချနိုင်ဖို့ သူတို့ ကြိုးစားနေတယ်လို့ ကြားရတယ်။   ဒီအခြေအနေကို ဘယ်လိုပြောလို့ရမလဲ။

ဖြေ - “ဟုတ်ပါတယ်။ ၆ လပိုင်းလောက်ကစပြီး မယ်စဲ့နဲ့ အနီးတဝိုက် တပ်စခန်းကုန်းတွေကို ကျနော်တို့ တပ်ပေါင်းစုတွေနဲ့ သိမ်းပိုက်လိုက်တဲ့ အခြေအနေတွေ ရှိပါတယ်။ အခု စစ်ကောင်စီက မယ်စဲ့မြို့ ပြန်ရဖို့ ကြိုးစားနေတဲ့ အခြေအနေရှိတယ်။ ကျနော်တို့ဘက်ကလည်း ပြင်ဆင်သင့်တာ ပြင်ဆင်ထားတယ်။ လုပ်ဆောင်သင့်တာတွေ လုပ်ထားတယ်။ သူတို့ဝင်လာတဲ့အခြေအနေကို ကျနော်တို့ စောင့်နေတယ်။ သူတို့တွေ လာမယ်ဆိုရင် သူတို့တပ်ရင်း ၂ ရင်းစာလောက် ချိုင်းထောက်နဲ့ပဲ အိမ်ပြန်ရမယ့်သူတွေ ဖြစ်သွားမယ်။ အဲဒီအချိန်လောက်မှ သူတို့ မယ်စဲ့ကို ရချင်ရမယ်။ ကျနော်တို့ဘက်က ပြင်ဆင်မှုအား အဲဒီလောက်ထိရှိတယ်။ ဒါကတော့ စစ်ရေးအရ တချို့ဟာတွေ ပြောလို့မရတာ ရှိပေမဲ့ အခုလို ပြောလို့ရတာတော့ ကျနော်တို့ ပြောတယ်။ မယ်စဲ့ကနေ စပြီး တခြားမြို့တွေကို ကျနော်တို့ ဆက်လက်တိုက်ခိုက် သိမ်းပိုက်သွားမယ်။ ကျနော်တို့လုပ်နိုင်တာ အကုန်လုံး စစ်ကောင်စီရဲ့ ယန္တရား ပြုတ်ကျသွားဖို့အထိ ကျနော်တို့ လုပ်သွားမယ်။ စစ်ကောင်စီ ပြုတ်ကျသွားတဲ့ အခြေအနေမျိုးကို ကျနော်တို့ ဖန်တီးဆောင်ရွက်သွားဖို့ ရှိတယ်။ အဲဒီတော့ မကြာမီမှာလည်း နောက်ထပ် မြို့တွေ ဆက်လာပါမယ်။ ကျနော်တို့ ပြင်ဆင်ရမှာတွေ ပြင်ဆင်ရမယ်။ ပြည်သူလူထုအနေနဲ့လည်း စစ်ကောင်စီနဲ့ အတူယှဉ်တွဲနေထိုင်မယ်ဆိုတာ လုံးဝမဖြစ်နိုင်တဲ့ ကိစ္စမို့လို့ ဒီတော်လှန်ရေးကို မြန်မြန်ဖြတ်နိုင်ဖို့ ပူးပေါင်းဆောင်ရွက်ပေးပါ။ ကျနော်တို့နဲ့အတူတူ တော်လှန်ရေးပန်းတိုင်ကို အရောက်သွားဖို့ နိုင်တဲ့ဘက်က ပါဝင်ပေးပါ။”

မေး - ကရင်နီပြည်နယ်အပြင် ကရင်နီပြည်နယ်နဲ့ ဆက်စပ်နေတဲ့ တခြားနေရာ ဒေသတွေကိုရော စစ်မျက်နှာဖွင့်ဖို့ အစီအစဉ်ရှိလား။

ဖြေ - “စစ်ကောင်စီလာတဲ့ လမ်းကြောင်းတွေ၊ ကျနော်တို့ဆီလာမယ့် စစ်ကောင်စီကို ထောက်ပို့လုပ်နေတာတွေ၊ သူတို့ရဲ့တပ် အခြေပြုတဲ့နေရာတွေကို ကျနော်တို့ တိုက်ခိုက်ဖို့ရှိပါတယ်။”

မေး - NUG ကလည်း ပြောထားတယ်ပေါ့နော်။ လမ်းများအားလုံး နေပြည်တော်သို့ ဆိုတာ။ ဒီအပေါ်မှာရော မာဝီတို့အနေနဲ့ ဘယ်လိုပြောချင်လဲ။

ဖြေ - “နေပြည်တော်ကို တိုက်မလား၊ မတိုက်မလားဆိုတဲ့ အစီအစဉ်ကတော့ ရှိပါတယ်။ လုပ်ဖြစ်တဲ့နေ့ဆိုရင် အားလုံးသိပြီပေါ့လေ။ ကျနော်တို့ လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်ထားပါတယ်။ ရန်သူ့ရဲ့ နောက်တန်းစခန်းကို ကျနော်တို့ တိုက်ခိုက်နိုင်မှသာလျှင် ကျနော်တို့ရဲ့ တိုက်ပွဲ စစ်ရေးအရ အောင်မြင်မယ်ဆိုတာ နားလည်တယ်။ အဲဒီလိုမျိုး ဖြစ်နိုင်ဖို့ ကျနော်တို့ အများကြီး ပြင်ဆင်ထားတယ်။ လုပ်ဖို့လည်း ရှိလာပါလိမ့်မယ်။”

မေး - အခု တိုက်ပွဲတွေ ဆက်ပြီးဖြစ်လာတာနဲ့အတူ ဒေသခံတွေ အများကြီးလည်း ထွက်ပြေး တိမ်းရှောင်နေရတယ်။ လူသားချင်းစာနာမှု အကူအညီတွေလည်း အများကြီး လိုအပ်နေတယ်။ KNDF ကနေဖြစ်ဖြစ်၊ ကရင်နီပြည် ကြားကာလကောင်စီကနေပဲဖြစ်ဖြစ် ကရင်နီ ဒေသခံတွေအတွက် လူသားချင်းစာနာမှု အကူအညီတွေ ကူညီနိုင်ဖို့ နည်းလမ်းတွေ ရှာတွေ့ပြီလား။

ဖြေ - “လူသားချင်းစာနာမှု အကူအညီတွေ ဝင်လာတာတွေ ရှိတယ်။ တကယ့်စစ်ရှောင်တွေဆီ မရောက်တာရှိတယ်။ စစ်တပ်ရဲ့ရိက္ခာပဲ ဖြစ်သွားတာ အများကြီးရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ စစ်တပ်ရဲ့ ကျောပိုးအိတ်တွေထဲမှာ သူတို့စားနေတဲ့ အစားအစာတွေ၊ ကျနော်တို့ သိမ်းဆည်းရမိတဲ့ အချိန်မျိုးမှာ တကယ်ဆိုရင် အဲဒီအစားအစာတွေ၊ ပစ္စည်းတွေက စစ်ရှောင်တွေလက်ထဲကို ရောက်ရမယ့်ပစ္စည်းတွေ ဖြစ်တယ်။ တချို့ဆို ဆီတွေ၊ ဆားတွေပေါ့။ ဒီလိုမျိုးတွေ စစ်ကောင်စီလက်ထဲ ရောက်သွားတာ။ စစ်ကောင်စီက သူပဲလုပ်မယ်၊ သူတို့ပဲ ဝေပေးမယ် ဆိုတာမျိုး သွားနေတယ်။ အခုလောလောဆယ်က တရာ ပေးရင် တဆယ်၊ နှစ်ဆယ်လောက်ပဲ တကယ့်စစ်ရှောင်တွေဆီ ရောက်တယ်။ ခုနစ်ဆယ်နီးပါးက စစ်တပ်က သူတို့ရိက္ခာ လုပ်လိုက်တယ်။ အဲဒါကြောင့်မို့ အမြဲပြောတာ။ ကျနော်တို့နဲ့ တိုက်ရိုက်ဆက်သွယ်ပေးဖို့ လိုတယ်။ ကျနော်တို့မှာ ကြားကာလအုပ်ချုပ်ရေးကောင်စီ အစိုးရတရပ်လည်း ရှိလာပြီ။ ကျနော်တို့ အုပ်ချုပ်ရေးကောင်စီနဲ့ ဆက်သွယ်ပြီး လုပ်ဖို့။ ကျနော်တို့ပြည်နယ်မှာ လူဦးရေ ၃ သိန်းကျော်ရှိတယ်။ ၂ သိန်းကျော်လောက်က စစ်ရှောင်ဖြစ်နေရပြီ။ ဒီစစ်ရဲ့ကာလ ကြာလာတာနဲ့အမျှ စစ်ရှောင်ပြည်သူလူထုက ပိုပိုပြီး စစ်ဒဏ်ကို ခံစားလာရတယ်။ စားနပ်ရိက္ခာတွေ နည်းပါးလာတယ်။ သူတို့ရဲ့ အခြေခံရပ်တည်ဖို့ လိုအပ်တာတွေ ကျနော်တို့ ဖြည့်ပေးရမှာက ပိုပိုများလာတယ်။ အရင်တုန်းက ရှိတာလေးနဲ့၊ သယ်လာတာလေးနဲ့ စားလို့ရသေးတယ်။ အခုနောက်ပိုင်းက စိုက်လည်း စိုက်လို့မရတွေ ဖြစ်လာတယ်။ ကျနော်တို့ တကယ့် UN အဖွဲ့တွေ၊ NGO၊ iNGO အဖွဲ့တွေကို ဒီကနေ ပြောချင်ပါတယ်။ ပြည်သူလက်ထဲ တကယ်ထည့်ချင်ရင် ခင်ဗျားတို့ ပိုက်ဆံတွေ၊ ခင်ဗျားတို့ပစ္စည်းတွေကို အလဟဿမဖြစ်အောင်၊ စစ်တပ်ရိက္ခာ မဖြစ်စေချင်ဘူးဆိုရင် ကျနော်တို့နဲ့ အလုပ်လုပ်ဖို့ လိုပါတယ်။ ကျနော်တို့နဲ့ ဆက်သွယ်ပြီး အလုပ်လုပ်ဖို့ လိုပါတယ်။ ကျနော်တို့ကို ပေးဖို့ ပြောတာမဟုတ်ဘူး။ ကျနော်တို့ စီမံပေးနိုင်တယ်။ ခင်ဗျားတို့ကိုယ်တိုင်ကိုယ်ကျ လာရောက်ပြီး တကယ်လိုအပ်နေတဲ့ ပြည်သူတွေလက်ထဲကို ထည့်ပေးလို့ရတယ်။ ကျနော်တို့ကြားထဲကနေ ငါတို့ကို ပုံပေးလိုက်ပါ၊ ငါတို့လုပ်ပေးလိုက်ပါဆိုတဲ့ အလုပ်မျိုး ကျနော်တို့ မလုပ်ဘူး။ ကျနော်တို့ ပြည်သူတွေ ဘယ်လိုဖြစ်နေလဲဆိုတာ ကျနော်တို့ သိတယ်။ တကယ့်နည်းလမ်းတွေက ရှိပါတယ်။ ဒါပေမဲ့ အဲဒီ NGO နဲ့ iNGO တွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေကလည်း သူတို့ရဲ့ အဖွဲ့အစည်း မူဝါဒနဲ့ပဲ သူတို့ ရုန်းကန်နေတဲ့ အနေအထားမျိုးတွေ ရှိတယ်။ စစ်ကောင်စီကိုလည်း မြွေမသေ တုတ်မကျိုး ဆက်ဆံနေရတဲ့ အခြေအနေ ဖြစ်နေတယ်။ သို့သော် သူတို့ပစ္စည်းတွေကို ပြည်သူလူထုကို သတ်ဖို့ အားဖြည့်ပေးလိုက်တဲ့ ပစ္စည်းတွေ ဖြစ်သွားတယ်ဆိုတာ သတိကြီးစွာထားဖို့ ပြောချင်ပါတယ်။”

မေး - အခု တော်လှန်ရေး ၂ နှစ်ခွဲကျော် အခြေအနေကို ပြန်သုံးသပ်ရင် ပြည်သူတွေအတွက် ဘာအကျိုးတွေရှိလဲ၊ အနာဂတ် မျှော်လင့်ချက် ဘာတွေရှိမလဲ။

ဖြေ - “ပြည်သူတွေအတွက် ဘာအကျိုးရှိလဲဆိုတော့ စစ်ကောင်စီက ကျနော်တို့ လူမှုအသိုက်အဝန်းထဲမှာ မနေသင့်တဲ့ အဖွဲ့အစည်းမျိုး ဖြစ်တယ်ဆိုတာ သက်သေပြလိုက်နိုင်တယ်။ တနိုင်ငံလုံး လူထုက သိသွားတယ်။ လူတန်းစားပေါင်းစုံ ဒီဟာကြီးကို Standard လုပ်ကြတယ်။ မြန်မာပြည်ရဲ့သမိုင်းမှာ တခါမှမရှိခဲ့ဘူးတဲ့ အခြေအနေမျိုးမို့ ကျနော်တို့တိုင်းပြည်ဟာ ပြုပြင်ပြောင်းလဲရမယ်၊ ဒီလိုမျိုး ဆက်သွားလို့ မရဘူးဆိုတာ အားလုံးက သက်သေထူလိုက်တဲ့ အနေအထားဖြစ်တယ်။ အနာဂတ်အတွက်ကတော့ ကျနော်တို့ ကြိုးစားမှုပေါ် မူတည်ပြီး ကျနော်တို့လိုချင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီကို ရမယ်လို့ ကျနော်တို့ ယုံကြည်တယ်။ အဲဒီလိုရအောင်လည်း ကျနော်တို့ ကြိုးစားမယ်။ ဖက်ဒရယ်ဒီမိုကရေစီလို့ ပြောထားပြီး သူများကို မျှော်ကိုးလို့မရဘူး။ ကိုယ်တိုင်ထုဆစ်ရမယ်။ ကိုယ့်လက်ထဲမှာပဲ ရှိကြတယ်။ ကိုယ်က နှင်းဆီပန်းလေး မြင်ချင်ရင် နှင်းဆီပန်းစိုက်ဖို့ လိုတယ်။ ကန်စွန်းဥ စားချင်ရင် ကန်စွန်းပင် စိုက်ဖို့လိုတယ်။ ကိုယ်က စားချင်တဲ့ အသီးအပွင့်က တမျိုး၊ ကိုယ်က ဘာမှမလုပ်ဘူး၊ မြေလည်းမပေါက်၊ မျိုးစေ့လည်းမချ၊ ရေလည်းမလောင်းဘူးဆိုရင်တော့ ဘာမှဖြစ်မလာဘူး။ သူများဆီက တောင်းစားရမှာပေ့ါ။ ကိုယ်စိုက်ပျိုးတဲ့ အသီးအပွင့်ကို ကိုယ့်ဘာသာ စိုက်ပျိုး စားသောက်ခြင်းက အသန့်ရှင်းဆုံး ဖြစ်တယ်။ ကိုယ်လည်း စိတ်ကျေနပ်မှုရှိမယ်။”

မေး - အခု ကရင်နီပြည်နယ်မှာ တိုက်ပွဲတွေလည်း ဖြစ်တယ်၊ စစ်ကောင်စီဘက်ကလည်း အများကြီး ထိခိုက်ကျဆုံးသလို၊ ဒီဘက်က တော်လှန်ရေးရဲဘော်တွေလည်း ထိခိုက်ကျဆုံးမှုတွေ ရှိတယ်ဆိုတော့ လက်နက်ကိုင်တော်လှန်ရေး စတင်တဲ့အချိန်ကနေစပြီး ဒီအချိန်ထိ KNDF တပ်ဖွဲ့ဝင်တွေ ဘယ်လောက်ထိ ကျဆုံးသွားပြီလဲ။ သူတို့နဲ့သက်ဆိုင်တဲ့ မိသားစုဝင်တွေကိုရော KNDF က ဘယ်လိုမျိုး ပံ့ပိုးမှုတွေ လုပ်ဆောင်ပေးနေလဲ။

ဖြေ - “ကျနော်တို့ ၂ နှစ်ခွဲကာလ KNDF တခုတည်း ကျဆုံးတဲ့ရဲဘော် ၁၇၆ ယောက် ရှိပါတယ်။ ၁၇၆ ယောက်ဆိုတာ နည်းတဲ့လူဦးရေ မဟုတ်ဘူးပေါ့နော်။ အဲဒီလူတွေက ဒီတော်လှန်ရေးအတွက် ဘာမှ မျှော်ကိုးတာမျိုးမရှိဘဲ ကိုယ့်ဒေသ၊ ကိုယ့်လူမျိုး၊ မတရားမှုတခုကို ရင်ဆိုင်ရင်းနဲ့ သူတို့အသက်တွေ ပေးဆပ်ခဲ့ရတာ။ တပ်ဖွဲ့ရဲ့အနေနဲ့လည်း ကျနော်တို့ရဲ့ ကျဆုံးသွားတဲ့ ညီအစ်ကိုတွေ၊ ရဲဘော်ရဲဘက်တွေရဲ့ မိသားစုတွေကို အတတ်နိုင်ဆုံး စားနပ်ရိက္ခာတွေ ပံ့ပိုးပေးတဲ့အစီအစဉ်တွေ လုပ်ဆောင်ထားတယ်။ မူဝါဒလည်း ရှိတယ်။ ကျနော်တို့ အကောင်အထည်ဖော်နေတယ်။ ဒါပေမဲ့ ကျနော်တို့ ပံ့ပိုးရတာ မပြည့်စုံပါဘူး။ ဒါကြောင့်မို့လို့ ကျနော်တို့ နိုင်ရမယ်။ ကျနော်တို့ နိုင်မှလည်း ပေးဆပ်သွားရတဲ့လူတွေရဲ့ မိသားစုတွေ၊ မိဘတွေ၊ သားသမီးတွေ သူတို့ရဲ့ မိဘ၊ သားသမီးတွေကို ကောင်းမွန်တဲ့ ပြန်လည်တုံ့ပြန်မှုတွေ လုပ်ပေးနိုင်မှာ။”

မေး - စစ်ကောင်စီဘက်က ဟိုးအရင်ကတည်းက ကျင့်သုံးလာတဲ့ ပွင့်လင်းရာသီမှာ ထိုးစစ်ဆင်လေ့ရှိတယ်။ အခုက ပွင့်လင်းရာသီ ရောက်တော့မယ်။ ကရင်နီပြည်နယ်ဘက်ကိုရော တိုက်ပွဲတွေ ပိုလာနိုင်တဲ့ အနေအထား ရှိလား။

ဖြေ - “ရှိနိုင်ပါတယ်။ ဒီနှစ်ထဲမှာ ကျနော်တို့ Second wave ကြုံနေရတယ်။ First wave က တလပိုင်း၊ နှစ်လပိုင်းလောက်က ဖြစ်ခဲ့တယ်။ ဖယ်ခုံကနေစပြီး ဒေါတမကြီး၊ ဒေါငြိမ်းခူ၊ ဘော်လခဲကနေပြီးပေါ့။ တလျှောက်လုံးပေ့ါ၊ ဒီးမော့ဆိုဘက်တွေရော အကုန်လုံး နေရာအနှံ့အပြား စစ်ကောင်စီ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ခဲ့တယ်။ အခုက ၇ လပိုင်းကုန်ကစပြီး Second Wave သူတို့ ထိုးစစ်ဆင်နေတယ်။ အခုလည်း ပွင့်လင်းရာသီ ရောက်လာတာနဲ့ Third Wave က ဆက်လာဦးမှာပါ။ ကရင်နီမှာ တပ်မ ၆၆ အပါအဝင် တပ်မ ၅၅၊ စကခ ၂၊ ကျန်တဲ့ ထုတ်နုတ်အင်အားတွေ ပေါင်းလိုက်ရင် တပ်မ ၅ မစာလောက် ထိုးစစ်ဆင်နေတာပေ့ါ။ အဲဒီလောက် အင်အားအလုံးအရင်းနဲ့ ကျနော်တို့ဆီမှာ ရောက်နေတယ်။ ကျနော်တို့ဘက်ကလည်း လုပ်နိုင်တာတွေကို ပြန်ထိုးစစ်ဆင်နိုင်ဖို့ လုပ်နေတယ်။ ရှေ့လျှောက်လည်း ပိုပြင်းထန်တဲ့ တိုက်ပွဲတွေ ဖြစ်လာပါလိမ့်မယ်။”

မေး - ဒီလိုမျိုး ဖြစ်လာနိုင်တဲ့ အနေအထားမှာ KNDF တော်လှန်ရေးတပ်ပေါင်းစုတွေ၊ ပြည်သူတွေအနေနဲ့ ဘာတွေပြင်ဆင်သင့်သလဲ၊ ဘာတွေ သတင်းပေးချင်လဲ။

ဖြေ - “စစ်ဖြစ်တယ် ဆိုကတည်းက လူထုက မြေစာပင်ဖြစ်တယ်၊ ဒုက္ခရောက်စမြဲပဲ။ စားနပ်ရိက္ခာတွေ ပြင်ဆင်သင့်တယ်။ လေကြောင်းတိုက်ခိုက်မှုတွေ ရှိလာနိုင်တယ်။ ညပိုင်းတွေ ဗုံးကြဲတိုက်ခိုက်တာတွေ ရှိလာနိုင်တယ်။ ကျနော်တို့ဘက်က ကာကွယ်ဖို့ လက်နက်ခဲယမ်းမရှိတော့ ကိုယ့်ကိုယ်ကိုယ် မထိခိုက်အောင် ကာကွယ်ဖို့ ဘန်ကာကျင်းတွေ၊ အဆောက်အဦတွေမျိုးပေ့ါ။ သူတို့ ဗုံးကြဲလာရင် ကိုယ့်ကို မထိအောင်လို့ အဲဒီလိုမျိုး အစီအမံတွေ ပြင်ဆင်ထားကြဖို့ လိုမယ်။ စားနပ်ရိက္ခာတွေ စုဆောင်းထားကြဖို့။ လိုအပ်တဲ့ တကယ့် အခြေခံအစားအသောက်တွေ စိုက်ဖို့၊ စားလို့မရသော ပိုက်ဆံပဲဝင်တဲ့ သီးနှံတွေ ပြောင်းလို မစိုက်ဖို့။ ရှိသမျှ မြေတခင်းလုံး ပြောင်းတွေပဲ စိုက်တာမျိုးဆိုရင် အဆင်မပြေဘူး။ ကျနော်တို့ အသက်ရှင်ဖို့ စားဖို့လိုတယ်။ စားလို့ရတဲ့ အခြေခံ အစားအစာတွေကို စိုက်ပျိုးဖို့ လိုတယ်။ ပြည်သူတွေအနေနဲ့ အသက်ရှင်ရပ်တည်ဖို့ လိုအပ်တဲ့ စားသောက်ကုန်မျိုးတွေ စုဆောင်းဖို့ စိုက်ပျိုးထုတ်လုပ်ဖို့ လိုပါတယ်။”

“ကျနော်တို့ တော်လှန်ရေးသည် မြင့်မြတ်တယ်။ တော်လှန်ရေးက မကောင်းတဲ့ လူမှုအသိုက်အဝန်းတခုကို ကောင်းအောင်လုပ်နေတာ၊ ထုဆစ်နေတာ ဖြစ်တယ်။ ကျနော်တို့ ပေးဆပ်ရမှာတွေ ရှိတယ်။ အခက်အခဲ ကြုံရမှာတွေ ရှိတယ်။ ကြုံလည်း တွေ့ကြုံနေရတယ်။ ဆက်လည်း တွေ့နိုင်တယ်။ ဒါပေမဲ့ ကျနော်တို့ စခဲ့တဲ့၊ ကျနော်တို့ လုပ်ခဲ့တဲ့အလုပ်၊ ကျနော်တို့ရဲ့အိပ်မက်ကို အဆုံးသတ်ဖို့ အကောင်အထည်ပေါ်အောင်လုပ်ဖို့ လိုပါတယ်။ ကျနော်တို့ တဦးတယောက်တည်းရဲ့ အကျိုးမဟုတ်ဘူး။ လူမှုအသိုက်အဝန်းတခုလုံးရဲ့ အကျိုးဖြစ်တယ်။ တနိုင်ငံလုံးရဲ့ အကျိုးဖြစ်တယ်။ ဒီနိုင်ငံမှာ လူပီသစွာ နေနိုင်ဖို့ ကျနော်တို့အားလုံး ကိုယ်လုပ်နိုင်တဲ့၊ ကိုယ်ကျွမ်းကျင်တဲ့ဘက်က ဒီတော်လှန်ရေးကို contribute လုပ်ဖို့ လိုပါတယ်။”

“စစ်ခေါင်းဆောင်ကတော့ သူ့လမ်းကုန်နေပြီ။ အန်စီအေလိုမျိုးကို ပြန်ဖော်လာတယ်။ သက်ကြားအိုတွေနဲ့ အသက်သွင်းလာတယ်။ ငါတို့လည်း ဖက်ဒရယ်ဒီမိုကရေစီ သွားတာပါ၊ ရည်ရွယ်ချက် တူပါတယ်၊ ဆွေးနွေးကြပါ ဆိုတဲ့လမ်းတွေ ဖော်နေတယ်။ လွန်ခဲ့တဲ့တနှစ်က အပြုတ်တိုက်မယ် ကြေညာပြီး အခုကျတော့ ဆွေးနွေးချင်ရင် လာခဲ့ပါ ဆိုတာမျိုး ပြောနေတယ်။ ကျနော်တို့ကတော့ လူထုကိုမကြည့်တဲ့လူနဲ့ ဘာမှ ဆွေးနွေးစရာမရှိဘူး။ ဒီလူက ကျနော်တို့ မြန်မာပြည်အတွက် တကယ်အန္တရာယ်ကြီးမားတဲ့လူ ဖြစ်တယ်။ သူ့ဘာသာ ဘယ်လောက် ဘုရားတည်နေ၊ ကျောင်းဆောက်နေ ကျနော်တို့ ကရင်နီမှာ သက်သေပဲ။ အစုလိုက်အပြုံလိုက် သတ်ခံရတာတွေ။ မကြာသေးခင်က လိုင်ဇာနားမှာ ပစ်ခတ်ခဲ့တာတွေ၊ မြန်မာပြည်အလယ်ပိုင်း စစ်ကိုင်း၊ မကွေးဘက်မှာ ဖြစ်ခဲ့တာတွေက သူ တာဝန်ခံရမှာတွေ ဖြစ်တယ်။ တနေ့ကျရင် သူလုပ်ခဲ့တဲ့ အပြစ်တွေအတွက် သူတင်မဟုတ်ဘူး၊ သူ့ Institution မှာ ပါဝင်ခဲ့သူအားလုံးက ဒီရဲ့ တရားမျှတမှုကို သူတို့ ရင်ဆိုင်ရမယ်လို့ ပြောချင်ပါတယ်။”

ကျေးဇူးတင်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024