Home
ဆောင်းပါး
လူလိုမရှင်သန်နိုင်တော့တဲ့ စစ်ဓားပြတပ်
DVB
·
October 26, 2023

ပြည်သူကို ရက်စက်ကြမ်းကြုတ်စွာ ငရဲတွင်းထဲတွန်းချရင်း စစ်အာဏာရှင်တအုပ်နဲ့ ခါးပိုက်ဆောင် စစ်တပ်ဟာ သူတို့ကိုယ်တိုင် ငရဲတွင်းထဲ ရောက်သွားရတာ ဖြစ်ပါတယ်။ ပြည်သူလူထုကို အကြောက်တရားကြီးစိုးအောင်၊ ကျီးလန့်စာစားဖြစ်အောင် လက်နက်အားကိုးနဲ့ ဖမ်းဆီးညှဉ်းဆဲ ထောင်ချသတ်ဖြတ်ပြီး နည်းအမျိုးမျိုးနဲ့ အနိုင်ကျင့် ဗိုလ်ကျခဲ့ကြတဲ့ စစ်ဓားပြဂိုဏ်းနဲ့ ထောက်ခံသူ လူယုတ်မာတွေဟာ အခုဆို ဝဋ်ပြန်လည်ပြီး လူလိုမရှင်သန်နိုင်တော့ဘဲ ကျီးလန့်စာစားသလို နေရတဲ့ဘဝကို ရောက်ရှိခဲ့ပြီ ဖြစ်ပါတယ်။

စစ်ဓားပြအုပ်စုနဲ့ လက်ခံထောက်ပံ့နေသူတွေဟာ လူတောမတိုး၊ လူလိုမရှင်သန်နိုင်တော့တာဟာ ၂၀၂၁ အာဏာလုယူလိုက်ခဲ့စဥ်ကတည်းကနေ အခုချိန်တင်မက နောင်အနာဂတ်အထိ ဖြစ်သွားပြီဆိုတာ သူတို့ကိုယ်တိုင် သိလာကြပါပြီ။ တပ်ပျက် စစ်ဓားပြဂိုဏ်းချုပ် မအလကိုယ်တိုင် လူရာမဝင်တော့တာကို သက်သေပြနေတာက ကမ္ဘာ့အသိုင်းအဝိုင်း နိုင်ငံအများစုဟာ သူ့ကို တရားဝင် အစိုးရခေါင်းဆောင်အဖြစ် ဘယ်တုန်းကမှ အသိအမှတ်ပြု မခံခဲ့ရပါဘူး။ လူတောအရမ်းတိုးချင်ပေမဲ့ ပြည်တွင်းမှာတောင် ကျည်ကာအင်္ကျီဝတ်ပြီး ကျီးလန့်စာစားသလို ခိုးကြောင်ခိုးဝှက် သွားနေရတာ မဟုတ်လား။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၇/၁၈ ရက်နေ့တွေမှာ ကျင်းပခဲ့တဲ့ တရုတ်ရဲ့ တတိယအကြိမ်မြောက် ခါးပတ်နှင့်လမ်းစီမံကိန်းများ (Belt and Road Initiatives-BRI) ဖိုရမ်မှာ ကမ္ဘာ့နိုင်ငံ ၁၃၀ ကျော်က ခေါင်းဆောင်တွေကို ဖိတ်ကြားပြီး ကော်ဇောနီနဲ့ ကြိုဆိုခံရပေမဲ့ မြန်မာစစ်အကြမ်းဖက် ဓားပြဂိုဏ်းချုပ် မင်းအောင်လှိုင်ကိုတော့ လူရာမသွင်းခဲ့ပါဘူး။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦး‌ဆောင်တဲ့ အရပ်သားအစိုးရ လက်ထက်တုန်းကတော့ နယ်စပ်ကုန်သွယ်ရေးသာမက ကမ္ဘာ့ကုန်စည်စီးဆင်းမှုကို အဓိက ပြောင်းလဲသက်ရောက်မှုရှိစေမယ့် တရုတ်အစိုးရဦးစီးတဲ့ ရပ်ဝန်းတခု၊ လမ်းကြောင်းတခု (One Belt One Road - OBOR) နဲ့ စပ်လျဉ်းတဲ့ အကောင်အထည်ဖော် ဆောင်ရွက်ရေး ဦးဆောင် ကော်မတီကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဥက္ကဋ္ဌအဖြစ် ပါဝင်ဖွဲ့စည်းခဲ့ပြီး ခါးပတ်နှင့်လမ်းစီမံကိန်းများ (Belt and Road Initiatives-BRI) ဒုတိယဖိုရမ်မှာ အလေးထား ဖိတ်ကြားခံရတာမို့ တက်ရောက်ခဲ့ပြီး ကော်ဇောနီနဲ့ အကြိုဆို ဂုဏ်ပြုခံခဲ့ရတယ်။

တနည်းပြောရရင်တော့ စစ်အာဏာလုဓားပြဂိုဏ်းနဲ့ သမ္မတရူး မင်းအောင်လှိုင်တို့ဟာ နိုင်ငံတကာက အသိအမှတ်ပြု မခံရတာမို့ အခုချိန်ထိ တရားမဝင်ဘဲ လူတောမတိုးနိုင် လူလိုမရှင်သန်နိုင်တော့တဲ့ စစ်ဓားပြတပ်အဆင့်နဲ့သာ နိဂုံးချုပ်ရမှာ ဖြစ်ပါတယ်။ တကယ်တော့ မင်းအောင်လှိုင် လူတောမတိုး၊ လူရာမဝင်တာ ခါးပတ်နှင့်လမ်းစီမံကိန်းတင် မဟုတ်တာ အားလုံးအသိပါ။ ကိုယ့်နေရာကိုယ်မသိဘဲ တိုင်းပြည်ခေါင်းဆောင်နေရာကို လက်နက်အားကိုး အကြမ်းဖက် လုယူခဲ့ပြီးကတည်းက လူကြားသူကြားမသွားရဲ၊ ပြည်သူနဲ့ မတွေ့ဆုံရဲတော့ပါဘူး။

အစောင့်အရှောက်တွေ အထပ်ထပ်ချထားတဲ့ စစ်တပ်ထောက်ခံသူတွေ၊ Non CDM ဝန်ထမ်းတွေနဲ့သာ တွေ့ဆုံရဲတော့တာမို့ ကျန်တာက နွားမွေးမြူရေးခြံ၊ ကြက်မွေးမြူရေး၊ ဝက်မွေးမြူရေးခြံတွေသွားပြီး တိရစ္ဆာန်တွေနဲ့သာတွေ့ပြီး လူတောမတိုးရဲခဲ့ပါဘူး။ ရထားပတ်စီးပြတာ၊ ပြည်သူကိုသတ်ဖြတ်နေရင်း အကုသိုလ်စေတီထီးတင်ပြတာ စတဲ့ အနှစ်သာရမဲ့ လူ့အသိုင်းအဝိုင်းနဲ့ ကင်းကွာတဲ့ အလုပ်တွေကို ရသေ့စိတ်ဖြေ လုပ်ရုံပဲ တတ်နိုင်ခဲ့တာပါ။ မင်းအောင်လှိုင်မပြောနဲ့၊ သူ့ဆရာ စစ်အာဏာရှင်သန်းရွှေ၊ ဒီမိုကရေစီမျက်နှာဖုံးစွပ် စစ်ဘောင်းဘီချွတ် သမ္မတဟောင်း သိန်းစိန်တို့လည်း ပြည်သူကြား မသွားမလာရဲဘဲ ဇက်ပု ပါးစပ်ပိတ် တိတ်တဆိတ် ဇာတ်မြှုပ်နေကြရတာပါ။

အာဆီယံအဖွဲ့ကလည်း ပြည်သူကိုလည်း ကိုယ်စားမပြု၊ ကတိလည်းမတည်၊ နိုင်ငံရဲ့ တရားဝင် ရွေးကောက်ခံအစိုးရ မဟုတ်တဲ့ စစ်ဓားပြခေါင်းဆောင်ကို သူတို့ရဲ့ ထိပ်သီးခေါင်းဆောင် အစည်းအဝေးကို မဖိတ်ကြားခဲ့တာမို့ ထိုင်ခုံတလုံး အမြဲလပ်နေခဲ့ပါတယ်။ လူရာဝင်ဖို့ ငမ်းငမ်းတက် လိုချင်‌ပေမဲ့ နိုင်ငံတကာနဲ့ ပြည်တွင်းမှာ သူ့ကို လူလူသူသူ ဘယ်သူကမှ အသိအမှတ် မပြုခဲ့ကြပါဘူး။ ကျင့်ဝတ်မဲ့ အာဏာရှင်နိုင်ငံအချင်းချင်းကတောင် အာဏာလုပွဲ မအောင်မြင်တဲ့ သူ့ကို တန်းတူဆက်ဆံတာ မခံခဲ့ရပါဘူး။

စစ်ဓားပြခေါင်းဆောင် ကိုယ်တိုင်တောင် လူတောမတိုးရ၊ လူလိုမရှင်သန်ရတော့ သူ့ရဲ့ နောက်လိုက် လက်ပါးစေ စစ်ဗိုလ်၊ စစ်သား၊ ရဲသား၊ ထွေအုပ်၊ ကြံ့ဖွံ့၊ မဘသ၊ Non CDM ဝန်ထမ်းတွေ၊ ထောက်ခံ‌ပေါင်းစား‌နေတဲ့ ဝိသမစီးပွားရေးသမားဘဝတွေဟာလည်း ပြည်သူလူထုအကြား ကျီးလန့်စာစားသလို၊ အသက်ဘဝ မလုံမခြုံတဲ့ အခြေအနေတွေ၊ လူ့အသိုင်းအဝိုင်းမှာ ဖယ်ကြဉ်ခံရတာ၊ လူမှုရေးအပြစ်ဒဏ်ခတ်ခံရတာ၊ အရင်လို ပြောင်ပြောင်တင်းတင်း မသွားမလာရဲတော့ဘဲ ခိုးကြောင်ခိုးဝှက် သွားလာကြရပါတော့တယ်။

သာမန်ပြည်သူတွေ စိတ်သန့်သန့်နဲ့ သွားလာလှုပ်ရှား၊ စားသောက်နေထိုင်နိုင်ပေမဲ့ စစ်ဓားပြတပ် အသိုင်းအဝိုင်းနဲ့ ဝန်းရံသူ၊ အလုပ်လုပ်ပေးနေသူတွေဟာ စိတ်လုံခြုံမှုမရှိဘဲ လွတ်လွတ်လပ်လပ် မသွားလာနိုင်တော့ပါဘူး။ ပြည်သူကြားမှာ လက်ဖက်ရေဆိုင် အေးအေးလူလူ မထိုင်နိုင်တော့သလို ဈေးဝယ်၊ ရုံးသွား၊ ကွမ်းယာဆိုင် သွားရင်တောင် စိတ်ဖြောင့်ဖြောင့် မသွားရဲတော့တဲ့ဘဝ ရောက်ခဲ့ရပါတယ်။

အကြမ်းဖက် ပြည်သူသတ် စစ်ခေါင်းဆောင်ကို မင်းဆရာဖြစ်ချင်တဲ့ စိတ္တဇကြောင့် မင်းကောင်းမင်းမြတ်ဆိုပြီး ဖားယား မြှောက်ပင့် ဝန်းရံပေးခဲ့တဲ့ သီတဂူနဲ့ လူထုကကျွေးတဲ့ ထမင်းစားပြီး ဓားပြ‌တပ်ကို ထောက်ခံကြတဲ့ တခြားသော သင်္ကန်းရုံထားသူတွေဟာလည်း တကယ့် သံဃာအစစ်တွေလို ပြည်သူလူထုကြား တရားမဟောနိုင်ကြတော့ဘဲ လူတောမတိုးရဲကြတာဟာ အခုချိန်မှာတင် မဟုတ်ပါဘူး။ နောင်လည်း ဘယ်တော့မှ အစောင့်အရှောက်မပါဘဲ တရားမဟောနိုင်တော့ပါဘူး။

အဲ့ဒီထက်ပိုဆိုးတာကတော့ ပြည်သူကို လူမဆန်စွာ ရက်ရက်စက်စက် သတ်ဖြတ်နေတဲ့ ဓားပြဂိုဏ်းက စစ်ဗိုလ်စစ်သား ရဲမှူး ရဲတပ်သားတွေဟာ ပြည်သူလူထုကြားမှာရှိတဲ့ ကိုယ့်ရပ်ကိုယ့်ရွာ၊ ကိုယ့်ဇာတိ၊ မိဘရပ်ထံ၊ ဆွေမျိုးသားချင်းတွေရှိတဲ့အရပ်ကို မပြန်ရဲကြတော့ပါဘူး။ ဒါဟာ ခဏတဖြုတ်မဟုတ်ပါဘူး။ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်နေသမျှ ကာလပတ်လုံး၊ စစ်ရာဇဝတ်ကောင်တွေကို ထိုက်တန်တဲ့အပြစ် မပေးနိုင်မခြင်း အဲ့ဒီဘဝ နေကြရမယ့်အပြင် နွေဦးတော်လှန်ရေး အောင်ပွဲခံပြီးတဲ့နောက် သမိုင်းဖြစ်ရပ်မှန်တွေ ဖော်ထုတ်လာကြတဲ့အခါ စစ်ရာဇဝတ်ဂိုဏ်းရဲ့ ဆိုးယုတ်တဲ့ သမိုင်းတွေကို ကျောင်းသင်ခန်းစာတွေမှာ ပြန်လည်သင်ကြားလာကြရတဲ့အခါ သားစဉ်မြေးဆက် မျက်နှာငယ်၊ အောက်တန်းကျကြရဦးမှာ ဖြစ်ပါတယ်။

ဒီဆောင်းပါးကို နိဂုံးချုပ်ရရင် ပြည်သူက အလိုမတူဘဲ တိုင်းပြည်ခေါင်းဆောင်နေရာကို လက်နက်အားကိုးလုယူပြီး နိုင်ငံကို ညက်ညက်ကြေအောင် ဖျက်ဆီးခဲ့တဲ့ စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင်နဲ့ စစ်ဓားပြဂိုဏ်းတဖွဲ့လုံး၊ သူတို့ကို ဝိုင်းရံထောက်ခံနေကြတဲ့ လူယုတ်၊ ရဟန်းယုတ်တွေ၊ အမှားနဲ့အမှန် မခွဲခြားတတ်သူ လူမိုက်တွေ၊ သတ္တိမရှိတဲ့ Non CDM တွေ၊ စစ်တပ်နဲ့ ပေါင်းစားနေဆဲ ဝိသမစီးပွားရေးသမားတွေအားလုံးဟာ ပြည်သူလူထုက လက်မခံဘဲ ဘက်ပေါင်းစုံက ဆန့်ကျင်လာကြတာမို့  စိတ်မလုံခြုံ၊ အသက်ဘဝ မလုံခြုံတဲ့ ဘဝတွေနဲ့ လူတောမတိုးရဲတော့ဘဲ သာမန်လူလို မရှင်သန်နိုင်တော့ပါဘူး။

ဒါဟာ ခေတ်အဆက်ဆက်က စစ်အာဏာရှင်တို့သွားရာ တခုတည်းသောလမ်းသာ ဖြစ်ပါတယ်။ သူတို့အားလုံးဟာ ပြည်သူကို ဗိုလ်ကျသတ်ဖြတ် အနိုင်ကျင့်ရင်း ပြည်သူနဲ့ကင်းကွာပြီး လူတောမတိုး၊ လူ့အသိုင်းအဝိုင်းကနေ တိတ်တဆိတ် ဇာတ်မြှုပ်ထွက်ခွာ ပျောက်ကွယ် ဇာတ်သိမ်းကြရတာချည်း ဖြစ်ပါတယ်။ အဲ့ဒီလို ခိုးကြောင်ခိုးဝှက် သွားလာနေထိုင်ရင်း အသက်ဘဝ မလုံခြုံတဲ့၊ ပြည်သူလူထုရဲ့ လူမှုရေးအပြစ်ဒဏ် ခတ်ခံရတဲ့ လောကငရဲတွင်းထဲက လွတ်မြောက်နိုင်မယ့် တခုတည်းသောနည်းလမ်းကလည်း စစ်အာဏာရှင်စနစ်ဆိုးကို အပြီးရိုက်ချိုးနေတဲ့ နွေဦးတော်လှန်ရေးကြီးမှာ လှေနံနှစ်ဖက်နင်းတာမျိုး မဟုတ်ဘဲ ပြတ်ပြတ်သားသား ပြည်သူနဲ့လက်တွဲ၊ ပြည်သူ့ဘက် ရပ်တည်ခြင်းသာလျှင် ဖြစ်ပါကြောင်း။

မင်းကောင်းချစ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024