Home
မြန်မာသတင်း
ဖားကန့်၊ ကွမ်းလုံနှင့် လားရှိုးမြို့နယ်တို့တွင် တိုက်ပွဲများဖြစ်၊ မတ္တရာ ကျေးရွာ ၂ ရွာကို စစ်တပ်က မီးရှို့ 
DVB
·
October 26, 2023

ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ အောက်တိုဘာ ၂၅ ရက် ညက စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်း KPDF တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နမ့်မဖြစ်ကျေးရွာရှိ မြန်မာသူရ ကျောက်စိမ်းကုမ္ပဏီဝင်းအတွင်း တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ကချင်လွတ်မြောက်ရေးတပ်က သွားရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"အဲဒီ ကျောက်စိမ်းကုမ္ပဏီဝင်းထဲမှာ ရဲကော၊ စစ်သားကော တပ်စွဲနေတာ။ ကျနော်တို့ သိသလောက်ဆို  စစ်တပ်ကော၊ ရဲကော ၄၀ ပတ်ဝန်းကျင်ရှိမယ်။ ည ၁၀ နာရီလောက်က KIA နဲ့ PDF က လာပစ်တာ။ နှစ်ဘက် ပစ်ခတ်မှုတွေ ဖြစ်တာပေါ့၊ ဟိုဘက်ကလည်း ပြန်ပစ်တယ်၊  နှစ်ဘက် ထိခိုက်မှုတော့ရှိမှာပဲ။ စကစ နေတဲ့နေရာကိုလည်း KIA/PDF က မီးရှို့သွားတယ်၊ နှစ်ဘက် ထိခိုက်ကျဆုံးမှုကိုတော့ သေချာမသိရဘူး" လို့ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။

စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို ကချင်လွတ်မြောက်ရေးတပ် (KIA) က ဝင်ရောက်စီးနင်း တိုက်ခိုက်နေစဉ်မှာ စစ်ကောင်စီတပ် ဗျူဟာကုန်းကနေ တိုက်ပွဲဖြစ်ပွားရာနေရာကို လက်နက်ကြီး ၁၀ လုံးထက်မနည်း ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲနေထိုင်တဲ့ မြန်မာသူရ ကုမ္ပဏီဝင်းကို KIA/PDF က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထွက်ပြေးသွားပြီးနောက် စခန်းချ နေထိုင်တဲ့ နေအိမ်တလုံးနဲ့ မော်တော်ယာဉ်တစီးကို KIA ပူးပေါင်းတပ်ဖွဲ့က မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်တို့ နှစ်ဘက်တိုက်ပွဲဖြစ်ပွားပြီး ထိခိုက်ကျဆုံးမှုတွေကိုတော့ သက်ဆိုင်ရာ နှစ်ဘက်အဖွဲ့အစည်းက ထုတ်ပြန်ထားတာမရှိသေးပါဘူး။

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွမ်းလုံမြို့နယ်နဲ့ လားရှိုးမြို့နယ်မှာလည်း အောက်တိုဘာ ၂၅ ရက်က စစ်ကောင်စီနဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် ကိုးကန့် (MNDAA) တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေနဲ့ ကိုးကန့်သတင်းဌာနနဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ 

“မနေ့ ညနေပိုင်းကစ ကိုးကန့်ဘက်မှာ တိုက်ပွဲ တော်တော်ပြင်းထန်လာတယ်။ လေယာဉ်နဲ့လည်း ဗုံးလာကြဲတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။ 

အောက်တိုဘာ ၂၅ ရက် နေ့လယ် ၁ နာရီ ၄၃ မိနစ်လောက်မှာ ကိုးကန့် (MNDAA) က ရှိပတ်လင် စာသင်ကျောင်းမှာ စခန်းချထားတဲ့ စစ်ကောင်စီနဲ့ ပတ်စော်ချိန် (ကိုးကန့်ပြည်သူ့စစ်) ပူးပေါင်းအဖွဲ့ရဲ့ ဒရုန်းစခန်းကို သွားရောက်တိုက်ခိုက်ခဲ့တာလို့ အောက်တိုဘာ ၂၅ ရက်မှာ ကိုးကန့်သတင်းဌာနက ထုတ်ပြန်ထားပါတယ်။ 

တိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရ ကျဆုံးသူ အနည်းဆုံး ၈ ဦးရှိပြီး ဒရုန်း ၂  စီး၊ ကား ၄ စီး ဖျက်ဆီးနိုင်ခဲ့ကာ ကျည်ကာအင်္ကျီ ၁ ထည်၊ ကျည်ဘောက် ၃ ခုနဲ့ ကျည်တောင့် ၆၀ သိမ်းဆည်းရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။ 

ဒါ့အပြင် အောက်တိုဘာ ၂၅ ရက်နေ့ မနက် ၁၁ နာရီ ဝန်းကျင်က လားရှိုးမြို့နယ်ရှိ ဟန်ဒေါင် ကုန်းဆာ ရှမ်းရွာအနီး စစ်ကောင်စီ ခလရ-၆၈ တပ်ဖွဲ့နဲ့ MNDAA တို့အကြား မိနစ်အနည်းငယ်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးလာကြဲသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။ 

“ဟိုပန်ဘက် ပစ်ခတ်တဲ့ အသံကြားနေရတယ်” လို့ ဒေသခံ အမျိုးသားတဦးက ပြောပါတယ်။ 

အောက်တိုဘာ ၂၅ ရက်ည ၁၀ နာရီဝန်းကျင်ကလည်း ကွမ်းလုံ ဟိုပန်ဘက် ပစ်ခတ်သံ ကြားနေရတယ်လို့ ဆိုပါတယ်။ 

ကိုးကန့်ဒေသ လောက်ကိုင်မြို့ဘက်လည်း MNDAA ဘက်က အင်အားဖြည့်တင်းလာနေတာ တွေ့ရတယ်လို့ ဆိုပါတယ်။ 

အောက်တိုဘာ ၂၄ ရက်မှာ MNDAA က စစ်ပွဲဖြစ်ပွားတဲ့ နေရာကို ရှင်းလင်းရေးလုပ်ဆောင်ချိန် စစ်ကောင်စီရဲ့ လက်နက်ခဲယမ်းအချို့နဲ့ သိမ်းဆည်းရရှိတဲ့ ပစ္စည်းတွေထဲမှာ မူးယစ်ဆေးဝါး စိတ်ကြွပြား ၄ ထုပ် ပါဝင်ကြောင်း၊ ယခင်က ဖမ်းဆီးရရှိထားတဲ့ စစ်ကောင်စီ စစ်သုံ့ပန်း တွေမှာလည်း စိတ်ကြွဆေးပြား ၃၁ ထုပ် သိမ်းဆည်းရရှိခဲ့ကြာင်းနဲ့ ကိုးကန့်ပြည်သူ့စစ်အဖွဲ့ဝင်ဘက်က ကျဆုံးသွားတဲ့ ရုပ်အလောင်းတွေကို အလျင်စလို မြှုပ်နှံခဲ့လို့ မိုးရေကြောင့် အလောင်းရဲ့ လက်တဖက် ပြန်ပေါ်လာတာ တွေ့ရကြောင်း ကိုးကန့်သတင်းမှာ ဖော်ပြထားပါတယ်။ 

စစ်ကောင်စီနဲ့ ကိုးကန့်ပြည်သူ့စစ်အဖွဲ့ပူးပေါင်းအဖွဲ့တို့နဲ့ ကိုးကန့် (MNDAA) တို့အကြား အောက်တိုဘာ ၂၃ ရက် ည ၁၀ နာရီ မိနစ် ၅၀ လောက်ကလည်း  ဟူဗန်နဲ့ ဂွန်ဆန်ခရိုင်နဲ့ အောက်တိုဘာ ၂၁ ရက်က ကိုးကန့်ဒေသ ရှင်ဝမ်ဘက်တို့မှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက်ကလည်း MNDAA ၃၁၁ စခန်းရှိရာဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ စကခ - ၁၂၊  တပ်ရင်း ၃၃၅ အဖွဲ့ နဲ့ MNDAA တို့အကြား တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၁၆ ဦး သေဆုံး၊ ၇ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ 

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်က သဖန်းဒေါင့်ကျေးရွာနဲ့ ငယ်တိုးရွာတွေကို စစ်ကောင်စီတပ် စစ်သားတွေက အောက်တိုဘာ ၂၅ ရက် နေ့လယ် ၂ နာရီဝန်းကျင်လောက် မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မန္တလေးဘက်ကနေ သံခွန်မော်တော်နှစ်စီးနဲ့ ဆန်တက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ သဖန်းဒေါင့်ရွာနဲ့ ငယ်တိုးရွာကြားမှာ အောက်တိုဘာ ၂၅ ရက် မနက် ၁၁ နာရီဝန်းကျင်က တိုက်ပွဲဖြစ်ပွားခဲ့သေးတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။ 

“နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ၁၅ မိနစ်လောက်ကြာခဲ့တယ်၊ သူတို့ဘက်က သင်္ဘောတစီး ထိမှန်ခဲ့တယ်လို့ သိရတယ်။ တိုက်ပွဲ ဖြစ်ပြီးတော့ ရွာတွေကို မီးရှို့တာ၊ ရွာထဲ ပိတ်မိနေခဲ့သူတွေလည်း ရှိတယ်။" 

စစ်ကောင်စီတပ် စစ်သားတွေဟာ ဧရာဝတီမြစ်ကြောင်းအတိုင်း မြစ်ကမ်းဘေးရွာတွေကို လက်နက်ကြီး ပစ်ခတ်ပြီး ဝင်ရောက်လာတာကြောင့် ဒေသခံတွေထွက်ပြေးခဲ့ရပေမယ့် အခုချိန်မှာ စစ်ကြောင်းထွက်သွားတာကြောင့် ရွာထဲ ပြန်ဝင်နေကြပြီလို့ သိရပါတယ်။

စစ်ကောင်စီတပ်စစ်သားတွေ မီးရှို့တာကြောင့် သဖန်းဒေါင့်ရွာက နေအိမ်တလုံးနဲ့ ငယ်တိုးရွာက နေအိမ် ၈ လုံး၊ စုစုပေါင်း ၉ လုံး မီးလောင်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024