ဂါဇာကမ်းမြောင်ကို လောင်စာဆီဝင်ရောက်ခွင့်ပြုမှာမဟုတ်ဘူးလို့ အစ္စရေးစစ်ဘက် ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ်ကြီး ဒန်နီယယ်ဟာဂါရီက အောက်တိုဘာ ၂၄ ရက်မှာ ပြောကြားခဲ့ပါတယ်။
ဟားမတ်စ်တွေဟာ ကုလသမဂ္ဂကယ်ဆယ်ရေးအေဂျင်စီ (UNRWA)ထံကနေ ခိုးယူခဲ့တဲ့ လောင်စာဆီတွေနဲ့ ထောက်ပံ့ရေးပစ္စည်းတွေကို သူ့အဖွဲ့ရဲ့ စစ်ဘက်ဆိုင်ရာ အခြေခံအ ဆောက်အအုံအတွက် သုံးစွဲနေတာဖြစ်ပြီး အဲဒါတွေကို ပြန်ပေးအပ်ပြီးတော့ ဆေးရုံတွေကို လျှပ်စစ်ဓာတ်အားရအောင် လုပ်ပေးသင့်တယ်လို့လည်း ဟာဂါရီက ပြောပါတယ်။
ဂါဇာရှိ ဆေးရုံတွေအားလုံးကတော့ လျှပ်စစ်စွမ်းအင်ရဖို့ သူတို့ရဲ့ လျှပ်စစ်ဓာတ်အားပေးစက်တွေမှာ ထည့်စရာ လောင်စာဆီ လုံးဝမရှိတော့တာကြောင့် ဒဏ်ရာရသူတွေနဲ့ ဖျားနာသူတွေကို ကုသဖို့ မတတ်နိုင်တော့ဘူးလို့ ပြောပါတယ်။
ဆေးဘက်ဆိုင်ရာဌာန ၄၀ ကျော်ဟာ လုပ်ငန်းတွေ ရပ်ဆိုင်းထားကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
တချိန်တည်းမှာပဲ ဂါဇာကမ်းမြောင်ဒေသကို ထောက်ပံ့ကူညီဖို့ အီဂျစ်ကနေ ရာဖာကို ဖြတ်ကျော်ဝင်ရောက်သွားတဲ့ ကုန်တင်ကား အစီး ၂၀ ဟာ အင်္ဂါနေ့က နယ်မြေထဲကို မရောက်ခဲ့ဘူးလို့ ကုလသမဂ္ဂက ပြောပါတယ်။
အကြောင်းပြချက်ကို မပြောခဲ့ပေမဲ့ ဗုဒ္ဓဟူးနေ့မှာတော့ အကူအညီယာဉ်တန်းဟာ ဂါဇာကို ဝင်ရောက်နိုင်မယ်လို့ မျှော်လင့်ကြောင်း ကုလသမဂ္ဂက ပြောကြားခဲ့ပါတယ်။
Source/Photo-Reuters