Home
မြန်မာသတင်း
မုံရွာမြို့ TTC ကျောင်းရှေ့တွင် စစ်တပ်ပစ်ခတ်မှုကြောင့် ဇနီးမောင်နှံ ၂ ဦး သေဆုံး
DVB
·
October 25, 2023

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ သာစည်‌လမ်းမပေါ်ရှိ ပညာရေးကောလိပ် (TTC) ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ‌တပ်တွေက ပေါက်ကွဲမှုအသံကြားလိုက်လို့ ရမ်းသန်းပစ်ခတ်ရာကနေ လမ်းမပေါ်သွားလာနေတဲ့ လင်မယားနှစ်ယောက်ကို ကျည်ထိမှန်ကာ ပွဲချင်းပြီးသေဆုံးသွားပါတယ်။

အောက်တိုဘာ ၂၃ရက် မနက် ၁၀ နာရီကျော်‌‌က စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့်  မုံရွာမြို့ အောင်ချမ်းသာရပ်ကွက် နယ်မြေ (၄) မှာ နေထိုင်တဲ့ အသက် ၂၃ နှစ်အရွယ် ကိုနေမျိုးအာကာနဲ့ အသက် ၂၂ နှစ်အရွယ် မသီသီအောင်တို့ သေဆုံးသွားတာဖြစ်ပြီး တစ်နှစ်ခွဲအရွယ် သားလေးတစ်ယောက်ကျန်ရှိခဲ့တယ်လို့ မုံရွာမြို့ခံတွေက  ပြောပါတယ်။

မျက်မြင်တွေ့ရှိသူ အမျိုးသမီးတစ်ဦးက "သူတို့သွားတဲ့အချိန်မှာ ‌ဗုံးအသံလို ပေါက်ကွဲမှုဖြစ်လိုက်လို့ စစ်သားတွေက ရမ်းပစ်တဲ့ကျည်မှန်သွားတယ်။ ပြီးမှ PDF တပ်ဖွဲ့ဝင်တွေက အဲဒီစစ်တပ်ဂိတ်ကို ဝင်ပစ်သွားတာ နှစ်ဘက်က ပစ်တဲ့ကြားထဲ ဝင်သွားတာမဟုတ်ဘူး။ PDF တွေလာမပစ်ခင်ကတည်းက စစ်သားတွေပစ်တဲ့ကျည်နဲ့ နေရာမှာပဲ သေသွားကြတာပါ"လို့ ‌ ပြောပါတယ်။

ပစ်ခတ်မှုအပြီးမှာ အနီးနားမှာရှိတဲ့ ကုန်စုံဆိုင်၊ အထည်ဆိုင်၊ စားသောက်ကုန်ဆိုင်တွေ အကုန်ပိတ်ထားလိုက်ရတယ်လို့ သိရပါတယ်။

သေဆုံးသွားတဲ့ ဇနီးမောင်နှံနှစ်ယောက်ရဲ့ ရုပ်အလောင်းတွေကို အောက်တိုဘာ ၂၄ ရက် ညနေ ၃ နာရီက မြို့မသုသာန်သို့ ပို့ဆောင်သင်္ဂြိုဟ်ခဲ့ပါတယ်။

မုံရွာမြို့ခံတစ်ဦးက"ကျမတို့မုံရွာမြို့မှာ အခုလို ရင်ကွဲစရာအဖြစ်အပျက်တွေနဲ့ သေကွဲကွဲကြရတာတွေ အများကြီးပဲ။ မုံရွာမြို့က လုံခြုံမှုဆိုတာမရှိတော့ဘူး။ အချိန်မရွေး သေသွားနိုင်တဲ့ အခြေအနေဖြစ်နေတယ်။ ဘယ်အချိန် လုယက်ခံရမလဲ၊ ဘယ်အချိန် ဓား ပြလာတိုက်သွားမလဲ၊ ဘယ်ချိန်ပစ်ခံရမလဲ အကုန်တွေးပူနေရတယ်။ ပိုက်ဆံရှိတဲ့လူတချို့ကတော့ မုံရွာမှာ မရှိကြတော့ဘူး။ ပြောင်းရွှေ့နေထိုင်နေကြပြီ"လို့ ပြောပါတယ်။

မုံရွာမြို့ သာစည်လမ်းမဟာ မြို့ရဲ့ အဓိကလမ်းမကြီးတွေထဲက တစ်ခုဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်တွေဟာ မုံရွာမြို့ရဲ့ အဓိလမ်းမကြီးတွေဖြစ်တဲ့ နေရာတွေမှာသာ အဓိကထားတပ်စွဲပြီး စစ်ဂိတ်တွေဖွင့်ကာ လမ်းသွားလမ်းလာပြည်သူတွေကို ဖမ်းဆီးငွေညှစ်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

စစ်တပ်အာဏာ သိမ်းပြီးနောက် စစ်ကောင်စီတပ်တွေရဲ့ ရမ်းသန်းပစ်ခတ်မှုကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ ပြည်သူတွေ ထောင်နဲ့ချီသေဆုံးခဲ့ရတာဖြစ်ပြီး  ဒီလိုသေဆုံးမှုတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီအနေနဲ့ တာဝန်ယူ တာဝန်ခံခြင်းမရှိသလို ကျန်ရစ်သူမိသားစုတွေအတွက် တရားမျှတမှုဖော်ဆောင်ပေးခြင်းလည်း မရှိပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024