Home
မေးမြန်းခန်း
“တရားရုံးတင်နိုင်ဖို့ ကြိုးစားလုပ်ဆောင်နေတာ” IIMM အဖွဲ့အကြီးအကဲနှင့် ဒီဗွီဘီ မေးမြန်းချက်
DVB
·
October 25, 2023

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းလိုက်ပြီးကတည်းက လူပေါင်း ၄,၀၀၀ ကျော် အသတ်ခံထားရပြီး အဲဒီအထဲမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေလည်း အမြောက်အမြား ပါဝင်ပါတယ်။

ဒါ့အပြင် လူပေါင်း ၂ သန်းဝန်းကျင်လောက်ကလည်း ဒုက္ခသည်အဖြစ် ရွှေ့ပြောင်း နေထိုင်ရပြီး မီးရှို့ဖျက်ဆီးခံရတဲ့ အိမ်ခြေပေါင်းကလည်း ၇၅,၀၀၀ ကျော်သွားပြီလို့ သိရပါတယ်။ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး အောက်တိုဘာလ ၂၃ ရက်နေ့က ကုလသမဂ္ဂ အထွေထွေညီလာခံ တတိယကော်မတီ အစည်းအဝေးမှာ မြန်မာနိုင်ငံဆိုင်ရာ သီးခြားလွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ (IIMM) အကြီးအကဲ မစ္စတာ နီကိုးလပ်စ် ကွန်ဂျန်းက တင်ပြခဲ့ပါတယ်။  ဒီအကြောင်း အသေးစိတ်သိရှိနိုင်ဖို့အတွက် မစ္စတာ နီကိုးလပ်စ် ကွန်ဂျန်းကို ဒီဗွီဘီသတင်းဌာနမှ မယမင်းမြတ်အေးက  ဆက်သွယ်မေးမြန်းထားပါတယ်။

မေးမြန်းချက်အပြည့်အစုံ—

မေး - ဟုတ်ကဲ့ လူကြီးမင်းကို ကျမတို့ တွေ့ဆုံခွင့်ရလို့ အထူးပဲကျေးဇူးတင်ပါတယ်။  ပထမဦးဆုံး ကျမမေးချင်တာက ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ တတိယကော်မတီ အစည်းအဝေးမှာ အစီရင်ခံစာ တင်သွင်းမယ်လို့ သိရပါတယ်။ ဒီအစီရင်ခံစာမှာ ဘယ်လို အကြောင်းအရာတွေကို ဦးစားပေး ဖော်ပြထားပါသလဲ။

ဖြေ - “အဓိကကတော့ ကျနော်တို့ လုပ်ဆောင်နေတဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပါတယ်။ ဒီအစီရင်ခံစာကို လူ့အခွင့်အရေးကောင်စီမှာ မကြာသေးခင်က တင်ပြခဲ့ပါတယ်။ အခုကတော့ အထွေထွေညီလာခံမှာ တင်ပြတဲ့သဘောပါ။ ကျနော်တို့က မြန်မာစစ်တပ်က ၂၀၁၇ ခုနှစ်က ရခိုင်မှာ နယ်မြေရှင်းလင်းရေး လုပ်စဉ်က ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး စုံစမ်းဖော်ထုတ်ရတဲ့ အဖွဲ့အစည်းပါ။ စစ်တပ်ဟာ ရာဇဝတ်မှုတွေကနေ ကင်းလွတ်ခွင့် ရနေပါတယ်။ ကျနော်တို့အနေနဲ့ကတော့ ဒီလို ကင်းလွတ်ခွင့်ရနေတဲ့ အနေအထားကို ရပ်တန့်ဖို့အတွက် ရည်ရွယ်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာတော့ တတိုင်းပြည်လုံးမှာ ဒီလိုအနေအထားတွေ ဖြစ်နေတဲ့အတွက် အားလုံးနဲ့  ပတ်သက်ဆက်နွှယ်ပြီး လုပ်ဆောင်ဖို့ တာဝန်ယူထားပါတယ်။”

ဒါပေမဲ့ ကံအကြောင်းမလှစွာနဲ့ဘဲ အခြေအနေတွေကလည်း တနေ့တခြား ပိုဆိုးလာပါတယ်။ ဒီတော့ ကျနော်တို့ စုံစမ်းစစ်ဆေးရတဲ့ နယ်မြေဧရိယာကလည်း ပိုကျယ်ပြန့်လာပါတယ်။ တနိုင်ငံလုံးအတိုင်းအတာနဲ့ လူမျိုးစုနယ်မြေတွေအထိ ကျနော်တို့ ပိုပြီး ဖြန့်ကျက် လုပ်ဆောင်နေရတာ ဖြစ်ပါတယ်။ စိန်ခေါ်မှုတွေလည်း အများကြီးရှိပါတယ်။ အထူးသဖြင့် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေကို ဒီနှစ်ပိုင်းထဲမှာ တိုးတိုးပြီး လုပ်ဆောင်လာတာ တွေ့ရပါတယ်။ ရွာတွေကိုဝင်စီး၊ လူတွေကိုဖမ်း၊ ပြီးရင် အစုလိုက်အပြုံလိုက် သတ်ပစ်တာမျိုးတွေ ဖြစ်နေတော့ ကျနော်တို့လုပ်ဆောင်ရတဲ့ အပိုင်းတွေ၊ အထောက်အထားတွေ ရယူရတဲ့ အပိုင်းတွေက ပိုပြီး ကျယ်ပြန့်နက်ရှိုင်းလာပါတယ်။ ဒါပေမဲ့လည်း တနေ့မှာတော့ ကျနော်တို့ရရှိထားတဲ့ အထောက်အထားတွေကို တရားရုံးကို တင်ပြနိုင်မှာဖြစ်ပြီး မြန်မာပြည်သူတွေအတွက် တရားမျှတမှုကို ဖော်ဆောင်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။”

မေး - ပြီးခဲ့တဲ့ အောက်တိုဘာလ ၉ ရက်နေ့တုန်းက ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီးက စစ်ရှောင်စခန်းတခု တိုက်ခိုက်ခံခဲ့ရတဲ့ဖြစ်ရပ် ရှိပါတယ်။ စစ်တပ်ဘက်က သူတို့လက်ချက် မဟုတ်ဘူးလို့ ငြင်းထားပါတယ်။ ဒါနဲ့ပတ်သက်တဲ့ အထောက်အထားတွေ ရရှိထားတာများ ရှိပါသလား။

ဖြေ - “ကျနော်တို့ ဒီဖြစ်ရပ်ကို သတိထားပြီး စောင့်ကြည့်လေ့လာနေပါတယ်။ လူတွေ အများကြီး သေဆုံးကြရတဲ့အပေါ် စစ်တပ်ရဲ့ ကျူးလွန်မှုအဖြစ် စွပ်စွဲပြောဆိုထားတာ တွေ့ရပါတယ်။ ဒီမှာ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့တယ်၊ သေဆုံးမှုတွေ ရှိခဲ့တယ်ဆိုတာနဲ့ ပတ်သက်ပြီး ကျနော်တို့ အထောက်အထားတွေကို ရှာဖွေစုဆောင်းနေပေမဲ့ အခုအချိန်က ဒီရာဇဝတ်မှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေဆဲကာလဖြစ်လို့ ဒါကိုတော့ ပြောပြလို့မရပါဘူး။ ဒီစုံစမ်းစစ်ဆေးမှုက အချိန်ကြာနိုင်တဲ့အတွက် ဒီကြားကာလထဲမှာ ကျနော်တို့ ဘာတွေလုပ်ဆောင်နေတယ်၊ ဘယ်လို အထောက်အထားတွေ ရထားတယ်ဆိုတာတော့ ပြောပြလို့လည်း မရသေးပါဘူး။”

မေး - တကယ်လို့ လူ့အခွင့်အရေးရှုထောင့်က ကြည့်မယ်၊ စစ်ရာဇဝတ်မှုဆိုတဲ့ ရှုထောင့်က ကြည့်မယ်၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုဆိုတဲ့ ရှုထောင့်က ကြည့်မယ်ဆိုရင် လက်ရှိ မြန်မာနိုင်ငံရဲ့ အနေအထားပေါ်မှာ ဘယ်လိုသုံးသပ်လို့ရလဲ။

ဖြေ - “တော်တော်လေးတော့ စိတ်မချမ်းသာစရာ၊ စိတ်ပျက်စရာကောင်းတဲ့ အနေအထားတွေပါ။ ဒါကြောင့် ဒီလိုအခြေအနေတွေကို ရပ်တန့်နိုင်ဖို့ ကြိုးစားကြရင်းနဲ့ ကျနော်တို့လို အဖွဲ့အစည်းတွေ ရှိလာရတာပါ။ ဒီလို အကြမ်းဖက်မှုတွေကို တနည်းနည်းနဲ့ ကန့်သတ် လျှော့ချနိုင်ဖို့ ကြိုးစားနေပါတယ်။ ကျူးလွန်တဲ့သူတွေ သိထားရမှာက ဒီလို ကျူးလွန်ရမ်းကားမှုတွေအတွက် သူတို့နောက်က လိုက်နေတဲ့၊ အထောက်အထားတွေ လိုက်ကောက်နေတဲ့ အဖွဲ့အစည်းတခု ရှိနေတယ် ဆိုတာမျိုးကို သိထားဖို့ပါ။ ဒါ့အပြင် နောက်ဆုံးတနေ့ ဒီအထောက်အထားတွေပေါ် မူတည်ပြီး တရားရုံးတင်နိုင်ဖို့အတွက် ကြိုးစားလုပ်ဆောင်နေတာ ဖြစ်ပါတယ်။ တရားရုံးတွေ အနေနဲ့လည်း ရရှိထားတဲ့ အထောက်အထားတွေကို တည်ပြီးမှပဲ တာဝန်ရှိတဲ့သူတွေကို အရေးယူနိုင်မှာ ဖြစ်ပါတယ်။ လတ်တလောအနေအထားမှာ ကျနော်ပြောနိုင်တာကတော့ ဒီအဆင့်ကို မရောက်နိုင်သေးတဲ့ အတွက် အကြမ်းဖက်မှုတွေ တရက်တခြားတိုးလာပြီး ပြည်သူလူထုတွေက ဒီဒဏ်ကို ခံစားနေကြရတာပဲ ဖြစ်ပါတယ်။”

မေး - ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့က ငါးကြိမ်မြောက် နှစ်ပတ်လည် အစီရင်ခံစာကို လူ့အခွင့်အရေးကောင်စီမှာ တင်ခဲ့တုန်းက လူကြီးမင်းတို့ အဖွဲ့အစည်းအနေနဲ့  သံသယရှိတဲ့ တဦးချင်းကိုဖြစ်စေ၊ သက်ဆိုင်ရာ အစုအဖွဲ့တွေကိုဖြစ်စေ သူတို့ရဲ့ ငွေကြေးစီးဆင်းမှု လမ်းကြောင်းတွေကို စုံစမ်းနေတာမျိုး ရှိတယ်လို့ ပြောခဲ့တာ သတိထားမိပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဘယ်လိုအထောက်အထားတွေ တွေ့ရှိထားတယ် ဆိုတာကိုများ ပြောပြလို့ရမလား။

ဖြေ - “ကျနော်တို့ လုပ်နေတာကတော့ ခေါင်းစဉ်အမျိုးမျိုးနဲ့ ဆက်စပ်ပတ်သက်နေတဲ့  အထောက်အထားတွေကို စုဆောင်းရတာမျိုးပါ။ ဒါကလည်း တနေ့မှာ ဒီအထောက်အထားတွေကို တည်ပြီး တာဝန်ရှိတဲ့သူတွေ၊ ပူးပေါင်းပါဝင်တဲ့သူတွေကို တရားစွဲဆိုနိုင်ဖို့ ရည်ရွယ်ပါတယ်။ ဥပမာ လူတွေ အစုလိုက်အပြုံလိုက် အသတ်ခံရတဲ့ အခါမျိုးမှာဖြစ်စေ၊ အခြေအမြစ်မရှိ ပရမ်းပတာ ဖမ်းဆီးထောင်ချခံရတာမျိုးဖြစ်စေ၊ တရားဥပဒေနဲ့အညီ စီရင်ဆုံးဖြတ်ခွင့်မရဘဲ ထောင်ထဲကို အတင်းထည့်လိုက်တာမျိုးပဲဖြစ်စေ၊ မတော်မတရား နှိပ်စက်ညှဉ်းပန်းတာတွေနဲ့ ပတ်သက်ရင်ဖြစ်စေ ဒါတွေကို မှန်ကန်ကြောင်း ပြသနိုင်ဖို့ အထောက်အထားလိုပါတယ်။ ဘာတွေဖြစ်ပျက်ခဲ့သလဲ၊ ဖြစ်ခဲ့တာတွေက ရာဇဝတ်မှုမြောက်လား ဆိုတာနဲ့ ဒါတွေ ကျူးလွန်ဖို့အတွက် ဘယ်သူတွေက ထောက်ပံ့ကူညီနေတာလဲ ဆိုတာထိ ပေါ်လွင်အောင် လုပ်ဆောင်ရတာမျိုးပါ။”

“ကျနော်တို့အနေနဲ့ ဒီထက်ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် လေ့လာရတဲ့အပိုင်းတွေကတော့ အဖြစ်အပျက်တခုကို ချဉ်းကပ်တဲ့အခါ လက်ရှိဖြစ်နေတာတွေဟာ ထိပ်ပိုင်းခေါင်းဆောင်တွေက မူတခုချမှတ်ထားပြီး လုပ်ဆောင်နေတာလား ဆိုတာမျိုးအထိ သိဖို့လိုအပ်ပါတယ်။ အလားတူပဲ ဒီလို ရာဇဝတ်မှုတွေကို ကျူးလွန်ဖို့အတွက် ငွေကြေးထောက်ပံ့နေတဲ့ အစုအဖွဲ့တွေကော ရှိနေသလား၊ ဒါမှမဟုတ် ဒီလုပ်ဆောင်ချက်တွေကနေ အကျိုးအမြတ်ခံစားနေရတဲ့ တဦးချင်းသော် လည်းကောင်း၊ အစုအဖွဲ့နဲ့သော်လည်းကောင်း ရှိနေသလား ဆိုတာမျိုးအထိ သိရှိနိုင်ဖို့ လိုပါတယ်။ ဒါကြောင့် ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေရဲ့ အရင်းခံ အကြောင်းတရားတွေ ပေါ်လွင်ဖို့အထိ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ရပါတယ်။ ဥပမာဆိုရင် လူမှုကွန်ရက်တွေပေါ်မှာ တက်လာတာတွေကအစ ကျနော်တို့ စောင့်ကြည့်ပါတယ်။ တခါ ငွေကြေးစီးဆင်းမှုတွေကိုလည်း စောင့်ကြည့်ရတယ်။ ဒါမှသာ ဘာတွေဖြစ်နေသလဲဆိုတဲ့ ဖြစ်ရပ်ကြီးတခုလုံးက ခြုံငုံပြီး ရှင်းရှင်းလင်းလင်း မြင်နိုင်တွေ့နိုင်မှာ ဖြစ်ပါတယ်။”

မေး - စစ်ကောင်စီကို လက်နက်ရောင်းဝယ်နေတဲ့ ကိစ္စတွေနဲ့ ပတ်သက်ရင်လည်း စောင့်ကြည့်လေ့လာမှုတွေ ရှိနေတယ်လို့ သိရပါတယ်။ ကျမ အဓိကသိချင်တာ ဘယ်နိုင်ငံတွေက လက်နက်တွေ အဓိကဝင်ရောက်နေတာလဲ ဆိုတာနဲ့ ဒါကို ရပ်တန့်ဖို့ ဘာကြောင့် ခက်ခဲနေတာလဲ ဆိုတာပါ။

ဖြေ - “ကျနော်တို့ အထောက်အထားတွေရဖို့ စပြီးလုပ်ဆောင်နေတုန်းပါ။ ကျနော်တို့ လုပ်တဲ့အလုပ်က ရာဇဝတ်မှုဆိုင်ရာကိစ္စရပ်တွေ ဖြစ်နေတဲ့အတွက် အထောက်အထားကို ထုတ်ပြောလို့ မဖြစ်နိုင်သေးပါဘူး။ ဒါပေမဲ့ ကုလမှာ ဒီကိစ္စနဲ့ပတ်သက်ပြီး တင်သွင်းတဲ့ အစီရင်ခံစာတွေ ရှိပါတယ်။ ဥပမာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်ရဲ့ တင်သွင်းချက်တွေထဲမှာဆိုရင်လည်း ဒီလက်နက်တွေ ဘယ်နိုင်ငံတွေက ဝင်ရောက်လာတယ်၊ ဘယ်လိုဖြတ်သန်းစီးဆင်းနေတယ်ဆိုတာ တင်သွင်းထားရှိပါတယ်။ ဟုတ်ပါတယ်၊ ကျနော်တို့ဘက်ကလည်း နိုင်ငံတွေကို သူတို့ရရှိထားတဲ့ သတင်းအချက်အလက် တွေကို ပေးဖို့ တောင်းဆိုထားတာတွေ ရှိတယ်ဆိုတာလောက်တော့ ပြောလို့ရပါတယ်။”

မေး - တချို့ အာဆီယံနိုင်ငံတွေပေါ့လေ၊ သူတို့လည်း မြန်မာစစ်တပ်ကို လက်နက်ထောက်ပံ့နေတဲ့ အထဲမှာ ပါတယ်ဆိုပြီး မကြာသေးခင်ကပဲ တိုင်းမ်မဂ္ဂဇင်းမှာ ဒါကို ဖော်ပြသွားတာ တွေ့ရတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ကော သတင်းအချက်အလက်တွေ ရရှိထားတာ ရှိပါသလား။

ဖြေ - “ဒါကလည်း စုံစမ်းစစ်ဆေးနေတုန်းလို့ပဲ ပြောပါရစေ။ ကျနော်တို့အဖွဲ့ရဲ့ တာဝန်ကတော့ ရာဇဝတ်မှုကျူးလွန်တဲ့ သူတွေကိုပဲ တရားစွဲဆိုနိုင်အောင် လုပ်ဆောင်ပေးရတာမျိုးပါ။ တခြား ယူအန် အဖွဲ့အစည်းတွေနဲ့ လုပ်ဆောင်ရတဲ့ ပုံစံချင်းတော့ မတူပါဘူး။ တာဝန်ရှိတဲ့သူတွေကို အရေးယူနိုင်ဖို့ ဆိုတာကပဲ ကျနော်တို့ အဓိကထားပါတယ်။ အကြောင်းကြောင်းတွေကြောင့် အသေးစိတ်တွေကို ကျနော်တို့ ပြောလို့မရတာတွေ ရှိပါတယ်။ ကျနော်တို့ လုပ်ဆောင်နေတာနဲ့ ပတ်သက်ပြီး သူတို့ ကြိုတင်သတင်းရသွားမှာမျိုး မဖြစ်စေချင်ပါဘူး။ အဲလိုရရှိသွားရင် သူတို့က အလွယ်တကူ ရှောင်ထွက်နိုင်ဖို့ ကြိုးစားသွားမှာပါ။”

“လက်နက်ကိစ္စနဲ့ပတ်သက်ရင် ကျနော်ပြောလိုတာက ကျနော်တို့ စိတ်ဝင်စားတဲ့အပိုင်းက ဒီလက်နက်တွေကို ရာဇဝတ်မှုတွေကို ကျူးလွန်တဲ့နေရာမှာ ဘယ်လိုအသုံးပြုလဲ၊ ဘယ်လိုအမျိုးအစား လက်နက်တွေကို အသုံးပြုထားသလဲ စသဖြင့်ပါ။ ပြီးတော့မှ ဒီလက်နက်တွေကို ထောက်ပံ့ခြင်းအားဖြင့် ဘယ်သူတွေက အကျိုးအမြတ် ရရှိနေသလဲ၊ ဒီလက်နက်တွေကို ရာဇဝတ်မှု ကျူးလွန်တဲ့နေရာမှာ အသုံးချဖို့ဆိုတာကို ကြိုသိရဲ့သားနဲ့ လုပ်တာမျိုးလား၊ အမှန်တော့ သိခဲ့ရင်တောင် ဘယ်သူကမှ ရာဇဝတ်မှုကျူးလွန်ဖို့ ဝယ်တာပါ ဆိုတာမျိုး ဘယ်တော့မှ ပြောမှာမဟုတ်ဘူး။ ဒီလိုပုံစံမျိုးနဲ့ပဲ သွားနေကြတာပါ။ ပြီးတော့မှ ရာဇဝတ်မှုတွေမှာ ဒီလက်နက်တွေကို အသုံးချကြတာမျိုးပါ။ တကယ်တော့ ငွေရလိုမှု တခုတည်းကြောင့် လုပ်တယ်ဆိုရင်တောင် ဒါက နိုင်ငံတကာဥပဒေအရ ရာဇဝတ်မှု မြောက်ပါတယ်။”

မေး - ကုလရဲ့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မစ္စတာ ဗော်ကတော့ခ် (Mr. Volker Türk) အပါအဝင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ တွမ်အင်ဒရူးတို့ အနေနဲ့ မကြာသေးခင်ကလည်း မြန်မာကိစ္စကို လုံခြုံရေးကောင်စီကနေ နိုင်ငံတကာ ရာဇဝတ်မှုတရားရုံး (ICC) ကို လွှဲပြောင်းပေးဖို့ဆိုပြီး တောင်းဆိုထားတာလည်း တွေ့ရပါတယ်။ ဒါပေမဲ့ အခုထိတော့ မဖြစ်လာသေးပါဘူး။ အကြီးမားဆုံး အတားအဆီးလို့ ပြောရင် ဘာကိုပြောမလဲ။

‌ဖြေ - “ဟုတ်ပါတယ်။ နိုင်ငံတကာ ရာဇဝတ်မှုတရားရုံး (ICC) ကိုလွှဲတဲ့ကိစ္စမှာ ICC ရဲ့ တရားစီရင်ပိုင်ခွင့်နဲ့ ပတ်သက်ရင် လုပ်လို့ရတဲ့ နည်းလမ်းတချို့တော့ ရှိပါတယ်။ တခုက စာချုပ်အရ တရားစီရင်ပိုင်ခွင့် ရှိနေတာမျိုးပါ။ ရောမစာချုပ်မှာ ဖော်ပြထားတာက စာချုပ်မှာ လက်မှတ်ထိုးထားတယ်ဆိုရင် စာချုပ်အဖွဲ့ဝင်နိုင်ငံတွေထဲမှာ ရာဇဝတ်မှု ကျူးလွန်တာတွေ ဖြစ်ခဲ့ရင် နိုင်ငံတကာ ရာဇဝတ်တရားရုံးက စီရင်ပိုင်ခွင့် ရှိပါတယ်။”

“တကယ်လို့ မြန်မာကလည်း ဒီစာချုပ်မှာ လက်မှတ်ထိုးထားခဲ့မယ် ဆိုရင်တော့ မြန်မာကို  စီရင်ပိုင်ခွင့်ရှိပါမယ်။ လတ်တလောမှာတော့ NUG က ICC ရဲ့ တရားစီရင်ပိုင်ခွင့်ကို လက်ခံတယ် ဆိုတာမျိုး တင်ထားတာ ရှိပါတယ်။ ဒီကိစ္စကို တရာရုံးက ဆိုင်းငံ့ထားတဲ့ အဆင့်မှာ ရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီး လူသိရှင်ကြား ဆုံးဖြတ်ချက် မချရသေးပါဘူး။ နောက်တနည်းကတော့ လုံခြုံရေးကောင်စီ (UNSC) ကနေ ICC ကို လွှဲတဲ့နည်းပါ။ အဲလို လွှဲနိုင်တယ်ဆိုရင်တော့ ICC မှာ စီရင်ပိုင်ခွင့် ရှိသွားပါပြီ။ အဲဒါမျိုး ဖြစ်ခဲ့တာတွေ ရှိပါတယ်။ ဥပမာဆိုရင် ဆူဒန်နိုင်ငံအနောက်ပိုင်းက ဒါဖောဒေသ ဥပမာရှိပါတယ်။”

“အဲဒီတုန်းကလည်း လူမျိုးတုံးသတ်ဖြတ်မှု ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေအပေါ်မှာ ကိုင်တွယ်ဆုံးဖြတ်ရတဲ့အခါ ICC က ဒီလိုပုံစံမျိုးနဲ့ တရားစီရင်ပိုင်ခွင့် ရသွားခဲ့ပါတယ်။ အဲလိုပဲ လစ်ဗျားမှာလည်း ဖြစ်ခဲ့ပါတယ်။ လစ်ဗျားခေါင်းဆောင် ကဒါဖီနဲ့ သူ့ကို နန်းချဖို့ကြိုးစားတဲ့ အင်အားစုတွေကြားထဲမှာ ဒီလိုပြဿနာတွေ ပေါ်ပေါက်လာတော့ လုံခြုံရေးကောင်စီကနေ ICC ကို လွှဲခဲ့တာ ရှိပါတယ်။”

“ဒါကြောင့်လည်း ICC ဟာ လစ်ဗျားကိစ္စမှာ တရားစီရင်ပိုင်ခွင့် ရှိသွားခဲ့ပါတယ်။ လစ်ဗျားကတော့ တရားရင်မဆိုင်တာတော့ ရှိပါတယ်။ ဟုတ်ပါတယ်။ မစ္စတာ ဗော်ကာတော့ရော၊ မစ္စတာတွမ်အင်ဒရူးတို့ နှစ်ယောက်လုံး  လုံခြုံရေးကောင်စီကို တိုက်တွန်းနေတာ ရှိပါတယ်။ ဒါပေမဲ့ လုံခြုံရေးကောင်စီမှာ မဲအပြည့်အဝ ရရှိဖို့တော့ လိုပါတယ်။”

ဒီကိစ္စ နိုင်ငံအများစု မဲပေးတယ်ဆိုတာမျိုးနဲ့ သွားလို့လည်း မရပါဘူး။  အဓိက အမြဲတမ်းအဖွဲ့ဝင် ငါးနိုင်ငံလုံးက ထောက်ခံဖို့လိုပါတယ်။ အားလုံးသိတဲ့အတိုင်း ယူကေ၊ ပြင်သစ်၊ အမေရိကန်၊ တရုတ်၊ ရုရှားတို့အားလုံး သဘောတူညီဖို့ လိုပါတယ်။ လေ့လာစောင့်ကြည့်တဲ့သူတွေရဲ့ အဆိုအရ ဆိုရင်တော့ တရားရုံးအနေနဲ့ ဒီလမ်းကနေတဆင့် တရားစီရင်ပိုင်ခွင့်ရရှိဖို့  ဖြစ်နိုင်ခြေက နည်းလှပါတယ်။ တင်မယ်ဆိုရင်လည်း ဗီတိုနဲ့ ပယ်ချမှာမျိုး ဖြစ်နိုင်ပါတယ်။”

မေး - တခြားကော အရေးယူဆောင်ရွက်ဖို့အတွက် အတားအဆီးဖြစ်နေတဲ့ အကြောင်းအရာတွေ ရှိသလား၊ ရှိတယ်ဆိုရင် ဘယ်လိုအရာမျိုးတွေ ဖြစ်မလဲ။

ဖြေ - “အတားအဆီးတွေကတော့ အများကြီးပါပဲ။ အဓိက အခြေခံကျတဲ့ အကြောင်းတရား တခုကတော့ မြန်မာနိုင်ငံထဲကို ကျနော်တို့ သွားခွင့်မရတာပါ။ ကျနော်တို့ ၂၀၁၉ လောက်ကတည်းက ခွင့်ပြုချက် တောင်းခဲ့ပါတယ်။ ဒါပေမဲ့ လက်မခံခဲ့ပါဘူး။ အခုလည်း ကျနော်တို့ စစ်ကောင်စီကို တောင်းဆိုနေပါတယ်။ ဒါပေမဲ့ အခုထိတော့ ခွင့်ပြုချက် မရပါဘူး။ အကြောင်းလည်း မပြန်ပါဘူး။ ဒါကြောင့် မျက်မြင်သက်သေတွေကို စုဆောင်းရတဲ့နေရာမှာ အတော်‌လေး ခက်ခဲပါတယ်။ ဘာကြောင့်လဲဆိုတော့ မျက်မြင်သက်သေတွေက ပြည်တွင်းထဲမှာ ရှိနေတဲ့သူတွေ ဖြစ်ပါတယ်။ စစ်ရာဇဝတ်မှုပဲဖြစ်ဖြစ်၊ လူသားမျိုးနွယ်ကို ကျူးလွန်တဲ့ ရာဇဝတ်မှုမှာပဲဖြစ်ဖြစ် ဒီလိုသက်သေခံချက်တွေ စုဆောင်းရတာဟာ ကျနော့်အတွ့အကြုံ ၂၀ ကျော် ကာလအတွင်းမှာတော့ ကြီးမားတဲ့ အတားအဆီးတွေပါပဲ။”

“ပြီးတော့လည်း အမှုတခုမှာ ထိပ်ပိုင်းက အဆင့်မြင့်အရာရှိတွေရဲ့ ပါဝင်ပတ်သက်မှု ရှိမရှိ ဆိုတာကို ခိုင်မာအောင် တည်ဆောက်ရတဲ့အပိုင်းက အတော်လေး ခက်ခဲပါတယ်။ ကျနော် က‌မ္ဘောဒီးယားမှာ၊ ဘော့စနီးယားမှာ ကြုံတွေ့ခဲ့ရတဲ့ အနေအထားတွေအရလည်း အတော်လေး ခက်ခက်ခဲခဲ လုပ်ရတာမျိုး ဖြစ်ပါတယ်။ တရားစွဲခံရတဲ့သူတွေရဲ့ နောက်ကွယ်မှာ သူတို့ကို ခိုင်းစေတဲ့ အရာရှိတွေ ရှိနေတတ်ပါတယ်။ ဒါပေမဲ့ တကယ်တမ်း အခင်းဖြစ်ပွားတဲ့ နေရာတွေမှာတော့ အဲဒီ ထိပ်ပိုင်းက အရာရှိတွေ ရှိမနေတတ်ကြပါဘူး။ အသတ်ခံရတဲ့သူတွေ၊ မုဒိမ်းကျင့်ခံရတဲ့ရွာတွေမှာ သူတို့ကိုယ်တိုင် ရှိနေတာမျိုး မဟုတ်ပါဘူး။ အောက်ခြေမှာ တကယ်လုပ်တဲ့သူကလည်း အပေါ်ကို အစီရင်ခံတဲ့အထဲမှာ အဲဒါတွေကို တင်ပြလေ့မရှိပါဘူး။ ဆိုတော့ ဘယ်သူ့မှာ တာဝန်ရှိတယ် ဆိုတာမျိုး ပြရမယ်ဆိုရင် ဘယ်လိုသက်သေပြမလဲ ဆိုတာပါပဲ။”

“ဒါကြောင့်လည်း အမှုကို တည်ဆောက်လို့ရရင်တောင် ဘယ်လောက်အထိ အဆင့်မြင့် အရာရှိတွေ ပူးပေါင်းပါဝင်နေသလဲ၊ ပတ်သက်မှုရှိနေသလဲ ဆိုတာ သက်သေပြဖို့ ကြိုးစားတဲ့အခါ ဖြစ်နိုင်ခြေကိုပဲ တွက်ကြည့်ရတာပါ။ ဒါကြောင့် ဖြစ်နိုင်ရင်တော့ ရနိုင်သလောက် အထောက်အထားတွေကို စုဆောင်းနိုင်ဖို့၊ အမိန့်ပေး ခိုင်းစေထားခြင်း ရှိမရှိဆိုတဲ့ အထောက်အထားတွေ ရရှိဖို့နဲ့ သက်ဆိုင်ရာ အစီရင်ခံစာတွေကိုပါ ခြုံငုံကြည့်နိုင်ဖို့ လိုပါတယ်။ ဘယ်သူက အမိန့်ပေးတာလဲ၊ ပေါ်လစီနဲ့ လုပ်တာလား၊ ဒီလို ကျူးလွန်တဲ့သူတွေကို အထက်က တာဝန်ရှိတဲ့သူတွေက စုံစမ်းစစ်ဆေးတာမျိုး၊ အပြစ်ပေး အရေးယူထားတာမျိုး ရှိလားဆိုတာမျိုးကအစ လိုက်ရပါတယ်။ ဒါတွေက ကျနော်တို့ လုပ်ဆောင်ရတဲ့ ကြီးမားတဲ့ အခက်အခဲတွေပါ။”

မေး - ကုလသမဂ္ဂရဲ့ အရေးယူဆောင်ရွက်မှုဆိုတဲ့ ခေါင်းစဉ်အောက်ကဖြစ်ဖြစ်၊ နိုင်ငံတကာ ကြားဝင်ဖြေရှင်းရေး ဆိုတာနဲ့ ပတ်သက်ရင်ပဲဖြစ်ဖြစ် ယေဘုယျအားဖြင့်တော့ တရုတ်နဲ့ ရုရှားတို့က ကန့်ကွက်ပါတယ်။ တလောကတော့ အီရန်နိုင်ငံတောင် ပါလိုက်ပါသေးတယ်။ သူတို့ ကန့်ကွက်တဲ့ အခါမျိုးမှာလည်း အချုပ်အခြာအာဏာဆိုတဲ့ စကားကို အသုံးချပြီး တားဆီးကန့်ကွက်တာမျိုးပါ။ နိုင်ငံတကာရဲ့ ကြားဝင်ဖြေရှင်းမှု၊ ကုလသမဂ္ဂရဲ့ ကြားဝင်ဖြေရှင်းမှု မပါဘဲ စစ်တပ်ကကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကို တခြားနည်းနဲ့ ဖြေရှင်းလို့ ရနိုင်တယ်လို့ ယူဆပါလား။

ဖြေ - “ဒီမေးခွန်းက အတော်လေး ဖြေဖို့ခက်ခဲတဲ့ မေးခွန်းပါ။ ဒါပေမဲ့ နည်းလမ်းမျိုးစုံနဲ့ ချဉ်းကပ်ဆောင်ရွက်နိုင်ဖို့၊ အလားအလာရှိတဲ့ နည်းလမ်းအားလုံးကို အသုံးချနိုင်ဖို့ လိုတယ်လို့ မြင်ပါတယ်။ ကုလသမဂ္ဂရဲ့ နိုင်ငံတွေအများစုကို သူ စည်းရုံးလှုံ့ဆော်နိုင်ဖို့ လိုသလို နိုင်ငံတကာ ပြည်သူတွေပါ ပူးပေါင်းပါဝင်လာဖို့ လိုအပ်ပါတယ်။ ဥပမာ စီးပွားရေးပိတ်ဆို့ပြီး ဘဏ္ဍာရေးအရ ဖိအားတွေပေးတာ အပါအဝင်၊ လက်နက်ရောင်းဝယ်မှု ပိတ်ပင်ကန့်သတ်တာကလည်း အရေးကြီးတဲ့ လုပ်ဆောင်ချက်တွေပါ။ အကြမ်းဖက်မှုတွေ ရပ်တန့်အောင် လုပ်နိုင်သမျှ ကြိုးစားပြီး လုပ်ရမှာပါ။ တနေ့ကျရင် မြန်မာနိုင်ငံမှာ အခုလို ရာဇဝတ်မှုတွေကို ကျူးလွန်တဲ့ အစိုးရမျိုး မရှိစေရေး၊ ပြည်သူလူထုရဲ့ အခွင့်အရေးကို လေးစားလိုက်နာတဲ့ အစိုးရတရပ် ပေါ်ပေါက်ရေးနဲ့ ပြစ်မှုကျူးလွန်တဲ့သူတွေ သေချာပေါက် တာဝန်ခံရမယ် ဆိုတဲ့အဆင့် ရောက်ရှိရေးအထိ သွားနိုင်ဖို့ မျှော်လင့်ပါတယ်။”

“ကျနော်ထင်ပါတယ်၊ ပြစ်မှုကျူးလွန်တဲ့သူတွေ ကင်းလွတ်ခွင့်ရနေတာမျိုးကို အဆုံးသတ်ဖို့နဲ့ သူတို့ကို အပြစ်ပေးအရေးယူခံရဖို့ ဆိုတာကလည်း အရေးကြီးတဲ့ နည်းလမ်းတခုပါပဲ။ ဒါပေမဲ့ ဒီလိုလုပ်နိုင်ရင် ပြဿနာတွေအားလုံး ပြီးသွားပြီဆိုတာမျိုးတော့ မဟုတ်ပါဘူး။ ဒီလို လုပ်နိုင်ဖို့ဆိုတာ ယန္တရားတခုလုံးရဲ့ အစိတ်အပိုင်းတခုပါ။ ကျနော်တို့လည်း ဒီရည်ရွယ်ချက်နဲ့ အကောင်းဆုံး လုပ်ဆောင်သွားမှာပါ။ ဒါကြောင့် တရားခံတွေနဲ့ပတ်သက်တဲ့ အထောက်အထားတွေကို များနိုင်သမျှ များများရအောင် စုဆောင်းနေပါတယ်။ ကျနော်တို့ အလုပ်ကို ကျနော်တို့ ဆက်ပြီးလုပ်သွားမှာပါ။ တနေ့မှာ မြန်မာပြည်သူတွေ သူတို့လိုချင်တဲ့ တရားမျှတမှုကို ဖော်ဆောင်ပေးနိုင်ဖို့ ကျနော်တို့ ကြိုးစားနေပါတယ်။”

Photo-UN

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024