Home
ဆောင်းပါး
နွေဦးပြည်သူတို့အတွက် လက်လှမ်းမီ ဆေးဖက်ဝင် တမာပင်
DVB
·
October 25, 2023

နွေဦးတော်လှန်ရေးကာလ တော်လှန်ရေးစစ်မျက်နှာထက်မှာ ခက်ခဲမှုကိုအံတုရင်း အိုးပစ်အိမ်စွန့် အားသွန်ခွန်စိုက် ထောက်ကူရုန်းကန် တော်လှန်ရေးခရီးကြမ်းကို ပါဝင် တိုက်ပွဲဝင်နေသူ အားလုံးကို လေးစားစွာ မှတ်တမ်းတင်အပ်ပါကြောင်း ဦးစွာ ဖော်ပြအပ်ပါတယ်။

လက်လှမ်းမီဆေးပညာက နွေဦးပြည်သူတို့နဲ့ တသွေးတည်း တသားတည်း ရပ်တည်ပါဝင်ပြီး တော်လှန်တိုက်ပွဲကို လက်တွဲညီညီ ရဲဝံ့ကြိုးပမ်း ရှေ့ဆက်လှမ်းဖို့ သစ္စာကတိ အမြဲရှိထားကြောင်း အသိပေးလိုပါတယ်။

ဒီတပတ် လက်လှမ်းမီဆေးပညာအနေတဲ့ နွေဦးပြည်သူတို့အတွက် ဆေးဘက်ဝင် တမာပင် အကြောင်းကို ရေးသားဖော်ပြသွားမှာ ဖြစ်ပါတယ်။

တမာကို သိပ္ပံအမည်အားဖြင့် (Azadriachata indica) လို့ခေါ်ပြီး အင်္ဂလိပ်လို (Neem) လို့ ခေါ်ပါတယ်။

ဆေးဘက်ဆိုင်ရာမှာ တမာအခေါက်၊ တမာရွက်၊ တမာအပွင့်၊ တမာအသီး၊ တမာအစေ့နဲ့ တမာပင်အမြစ် စတဲ့ တမာပင်ရဲ့ အစိတ်အပိုင်းအားလုံးကို ရောဂါဝေဒနာအလိုက် ကုသရာမှာ  အမျိုးမျိုး အသုံးပြုနိုင်စွမ်း ရှိပါတယ်။

တမာမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းကြွယ်ဝပြီး ကင်ဆာရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်စွမ်း ရှိပြီး ရောင်ရမ်းမှုကို ဆန့်ကျင်တဲ့ cyclooxygenase (COX) နဲ့ lipoxygenase (LOX) အင်ဇိုင်းတွေ ပါဝင်ပါတယ်။

တမာမှာ သွေးတွင်းသကြားဓာတ်ပမာဏကို လျှော့ချပေးနိုင်တဲ့ ဓာတုပစ္စည်းတွေ ပါဝင်တာကြောင့် ဆီးချိုရောဂါကို ထိန်းသိမ်းနိုင်စွမ်း ရှိပါတယ်။

တမာဟာ ဘက်တီးရီးယားနဲ့ ဇီဝရောဂါပိုးမွှားတွေကို သေစေတဲ့ အစွမ်းသတ္တိလည်း ရှိပါတယ်။ တမာမှာ အစာလမ်းကြောင်းကို ကောင်းမွန်စေတဲ့ အစာခြေစွမ်းရည်နဲ့ ဝမ်းပျော့စေတဲ့ အာနိသင်လည်း ပါဝင်တဲ့အပြင် ဆံပင်နဲ့ အရေပြားကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ ဓာတ်ပစ္စည်းတွေလည်း ပါဝင်ပါတယ်။

အရေပြားပြဿနာတွေအတွက် တမာရွက်/တမာခေါက် ပြုတ်ရည်နွေးနွေးနဲ့ ရေချိုးပေးနိုင်ပြီး တမာရွက်သတ္တုရည်ကို နနွင်းမှုန့်နဲ့ရောပြီး နှင်းခူ၊ ပွေး၊ ဝဲယားနာ၊ ယားယံခြင်းနဲ့ အရေပြားပြဿနာတွေကို လိမ်းပေးနိုင်ပါတယ်။

တမာရွက် သတ္တုရည်ကို ပျားရည်အနည်းငယ်ရောစပ်ပြီး နားရွက် အနာပေါက်တာကို လိမ်းပေးခြင်းဖြင့် သက်သာစေပါတယ်။

သွားနဲ့ ခံတွင်းရောဂါတွေအတွက် တမာခေါက်ပြုတ်ရည်ကို ငုံပေးခြင်းဖြင့် သက်သာစေပြီး ခံတွင်းအနာတွေကိုလည်း ကျက်စေပါတယ်။ တမာရွက်ပြာနဲ့ သွားတိုက်ပေးခြင်းဖြင့် သွားတွေကို ခိုင်ခံ့စေပြီး ဖြူဖွေးလှပစေပါတယ်။

တမာ‌‌စေ့မှာ အူလမ်းကြောင်းကို သန့်စင်ပေးတဲ့ ဂုဏ်သတ္တိတွေ ပါဝင်တဲ့အတွက် တမာစေ့မှုန့် ကော်ဖီ ၁ ဇွန်းခန့် ဖြစ်စေ၊ တမာဆီ ကော်ဖီဇွန်းဝက်ခန့်ဖြစ်စေ တနေ့ ၁ ကြိမ် ၃ ရက်ခန့် သောက်ပေးခြင်းဖြင့် သန်ကောင်၊ တုတ်ကောင် ရောဂါကို ဖယ်ရှားပေးစွမ်းရှိပါတယ်။ ထိခိုက်ပေါက်ပြဲရှနာတွေနဲ့ အနာပေါက်တွေမှာ တမာခေါက်ပြုတ်ရည်နဲ့ ဖန်ဆေးပြီး တမာဆီကို ပျားရည်နဲ့ ဆတူစပ်ပြီး အနာအတွင်း ထည့်ဆေးအဖြစ် အသုံးပြုခြင်းဖြင့် ရောဂါပိုးမွှား အန္တရာယ်ကို ကာကွယ်နိုင်ပြီး အနာကျက်မြန်စေပါတယ်။

တမာဆီကို ဦးရေပြားမှာ လိမ်းပေးခြင်းဖြင့် သန်းတွယ်တာနဲ့ ဖောက်ထတာကို သက်သာပျောက်ကင်းစေပြီး ဆံပင်ကို သန်စွမ်းစေပါတယ်။

အရိုး အဆစ် ကြွက်သား ရောင်ရမ်း နာကျင်ခြင်းတွေအတွက် တမာဆီကို အပူပေးပြီး လိမ်းနယ်ပေးနိုင်ပါတယ်။

တမာရွက်နုကို ပြုတ်တို့တာဟာ အစာကိုကြေစေပြီး ဝမ်းကို မှန်စေတဲ့အပြင် အိပ်ပျော်စေပါတယ်။ ချောင်းဆိုး၊ အဆုတ်ရောင်၊ အဆုတ်ပွ၊ ပန်းနာရင်ကြပ်နဲ့ အဆုတ်တီဘီရောဂါတွေအတွက် တမာရွက်မှုန့် တဆကို လောက်သေရွက်မှုန့်နဲ့ ပဒဲကောမှုန့် ဆတူစပ်ပြီး လူကြီး တခါသောက် ကော်ဖီ ၂ ဇွန်း တနေ့ ၂-၄ ကြိမ်အထိ သောက်ပေးပြီး မြင်းခွာရွက်၊ ကင်ပွန်းချဥ်၊ ကျောက်ဖရုံသီး စတဲ့ နှစ်သက်ရာ အသီးအရွက်တွေကို ဟင်းရည်သောက်ပြုလုပ်ပြီး ဓာတ်စာအဖြစ် စားပေးပါ။

တမာရွက်မှုန့် တဆကို ချင်းမှုန့်နဲ့ ငရုတ်ကောင်းမှုန့် ၄ ပုံ ၁ ပုံစပ်ပြီး အအေးမိဖျားနာခြင်း၊ ထိခိုက်ဒဏ်နာများကြောင့် ဖျားခြင်း၊ အနာမန်းဝင်ပြီး ဖျားခြင်းနဲ့ ငှက်ဖျားရောဂါတို့အတွက် အဖျားကျဆေး၊ အခိုးပွင့်ဆေးအဖြစ် တခါသောက် ကော်ဖီ ၂ ဇွန်းကို ကွမ်းရွက်ပြုတ်ရည်ပူပူနဲ့ တနေ့ ၂-၄ ကြိမ် သောက်ပေးနိုင်ပါတယ်။

ဆီးချိုရောဂါအတွက် တမာရွက် သတ္တုရည် ကော်ဖီ ၁ ဇွန်းမှ ၂ ဇွန်းကို သွေးတွင်း သကြားဓာတ် အနိမ့်အမြင့်ပေါ် မူတည်ပြီး တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။

တမာရွက်ရေနွေးကြမ်း ပုံမှန်သောက်ပေးခြင်းဖြင့် ကိုယ်တွင်းခုခံအားတိုးခြင်းနဲ့ အသက်ရွယ်ကြီးရင့်လာချိန် အယ်လ်ဇိုင်းမားရောဂါ ဖြစ်နိုင်ခြေကို လျော့ကျစေပြီး အသည်းကျန်းမာရေးကို ကောင်းမွန်စေခြင်းနဲ့ သွေးကို သန့်စင်စေတဲ့အပြင် အမျိုးသမီးများ ရာသီလာစဥ် နာကျင်ကိုက်ခဲခြင်းကို သက်သာစေပါတယ်။

သတိပြုရန်

တမာကို အသင့်အတင့် စားသုံးတာက ထူးခြားတဲ့ ပြဿနာမရှိသော်လည်း “တန်ဆေး လွန်ဘေး” အနေနဲ့ သတိပြုရမှာက တမာကို အလွန်အကျွံ စားသုံးမိမယ်ဆိုရင် မူးဝေခြင်း၊ အော့အန်ခြင်းနဲ့ ဝမ်းလျှောခြင်းတို့ ဖြစ်စေနိုင်ပါတယ်။ ကလေးငယ်များ စားသောက်မိပါက အိပ်ငိုက်ခြင်း၊ တက်ခြင်း၊ သတိလစ်ခြင်းတို့ ဖြစ်တတ်တဲ့အတွက် ၅ နှစ်အောက်ကလေးများ တမာထွက်ပစ္စည်းများ စားသောက်ခြင်းကို ရှောင်ကြဥ်သင့်ပါတယ်။

တမာစေ့ကို အလွန်အကျွံစားသုံးခြင်းဟာ သုပ်ပိုးဆဲလ်တွေကို သေစေနိုင်တဲ့အတွက် အမျိုးသားများ မျိုးပွားခြင်းကို အနှောင့်အယှက် ပေးနိုင်ပါတယ်။ သားသမီးယူဖို့ အစီအစဉ်ရှိတဲ့ မိခင်လောင်းတွေနဲ့ ကိုယ်ဝန် (၄-၅ လ) အတွင်းရှိတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ အနေနဲ့လည်း တမာကို စားသောက်ခြင်း ရှောင်ကြဥ်သင့်ပါတယ်။

ဒါ့ကြောင့် တမာပင်ရဲ့ ကောင်းကျိုး/ဆိုးကျိုး အစွမ်းသတ္တိတွေကို သိရှိပြီး လိုအပ်သလို သင့်တင့်စွာ ရယူသုံးစွဲပြီး နွေဦးပြည်သူတို့ ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေဖို့ ရေးသားဖော်ပြလိုက်ရပါတယ်။

တော်လှန်ရေးခရီးကို ကျန်းကျန်းမာမာနဲ့ ချီတက်နိုင်ပြီး ပန်းတိုင်မှာ အတူဆုံဖို့ ဆန္ဒပြုပါတယ်။

သာဇဏ် (CDM တိုင်းရင်းဆေးပညာရှင်၊ ကျန်းမာရေးဝန်ထမ်း)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024