Home
မြန်မာသတင်း
ထိုင်းတွင် မြန်မာနိုင်ငံသား ၆ ဒသမ ၈ သန်း နေထိုင်၊ ထိုင်းစီးပွားရေးအတွက် နှစ်စဉ်ဝင်ငွေ ဘတ်သန်းပေါင်း ၈၂၈,၀၀၀ ကျော် ရှာပေးနေ
DVB
·
October 25, 2023

ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသားပေါင်း ၆ ဒသမ ၈ သန်းလောက် ဝင်ရောက်နေထိုင်နေပေမဲ့ တရားဝင် ရွှေ့ပြောင်းအလုပ်သမား မှတ်ပုံတင်ထားသူက ၁ ဒသမ ၈ သန်းပဲရှိတယ်လို့  Media Intelligence Group (MIG) ရဲ့စစ်တမ်းကို ကိုးကားပြီး MONO Thai သတင်းမှာ ဖော်ပြပါတယ်။

ထိုင်းမှာရှိတဲ့ နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမား စုစုပေါင်း ၈,၂၈၀,၀၀၀ အနက် ၆၇ ရာခိုင်နှုန်းဟာ မြန်မာလုပ်သားတွေဖြစ်ကြောင်း MIG ရဲ့ “မြန်မာလုပ်သားများရဲ့ သိုက်ကို တူးဆွကြည့်ခြင်း” ဆိုတဲ့ စစ်တမ်းအစီရင်ခံစာမှာ ဖော်ပြထားတယ်လို့ ဆိုပါတယ်။

အဆိုပါ မြန်မာလုပ်သားတွေကနေ ထိုင်းနိုင်ငံရဲ့ စီးပွားရေးအတွက် နှစ်စဉ်ဝင်ငွေ ဘတ်သန်းပေါင်း ၈၂၈,၀၀၀ ကျော် ရရှိတယ်လို့ ဆိုပါတယ်။

မြန်မာလုပ်သားတွေဟာ ဘာကြောင့် ထိုင်းနိုင်ငံမှာ အများအပြား ဝင်ရောက်လုပ်ကိုင်ရသလဲ ဆိုရင် ထိုင်းနိုင်ငံက လုပ်အားခဟာ သူတို့နိုင်ငံထက် အနည်းဆုံး ၃ ဆကနေ အများဆုံး ၁၅ ဆထိ ရကြတယ်၊ မြန်မာလုပ်သားတွေရဲ့ ပျမ်းမျှ အနိမ့်ဆုံးလစာဟာ ၁၀,၀၀၀ မှ ၁၅,၀၀၀ ထိ (တနေ့ ဘတ် ၅၀၀) ခန့်ရရှိပြီး မြန်မာပြည်မှာတော့ အနိမ့်ဆုံးလစာ တလကို ဘတ် ၁,၀၀၀ မှ ၂,၀၀၀ ခန့်သာ ရရှိကြတယ်လို့ ဆိုပါတယ်။

အလုပ်လုပ်ချိန်မှာ ထိုင်းအလုပ်သမားတွေက တနေ့ကို ၈ နာရီနဲ့ တပတ်ကို ၅ ရက်သာ လုပ်ကိုင်ကြပြီး မြန်မာလုပ်သားတွေကတော့ အချိန်ပို (အိုဗာတိုင်) ဆင်းကြတဲ့အတွက် တနေ့ကို ၁၀ နာရီလုပ်ပြီး တပတ်ကို ၆ ရက် လုပ်ကြတယ်။

သူတို့လုပ်တဲ့အလုပ်တွေက စက်ရုံအလုပ်ရုံတွေမှာ ၃၉ ရာခိုင်နှုန်း၊ ဆောက်လုပ်ရေးမှာ ၁၈ ရာခိုင်နှုန်း၊ စျေးရောင်းအကူ ၁၅ ရာခိုင်နှုန်း၊ စိုက်ပျိုးရေးမှာ ၁၈ ရာခိုင်နှုန်းနဲ့ ကျန်တဲ့ အထွေထွေလုပ်ငန်းတွေမှာ ၉ ရာခိုင်နှုန်း ဝင်လုပ်တယ်လို့ ဆိုပါတယ်။

အမျိုးသားဦးရေက အမျိုးသမီးထက် ပိုများပြီး အသက် ၂၅ မှ ၃၄ နှစ်ကြား အများဆုံးရှိတယ်၊ အလုပ်သမား ပထမအုပ်စုက ထိုင်းမှာအနေကြာပြီး အိမ်တွေ၊ လျှပ်စစ်ပစ္စည်း၊ တယ်လီဖုန်းဆင်းကတ်တွေ ဝယ်ကြတယ်၊ ဒုတိယအုပ်စုက အလုပ်သမားကတ်ကို လိုလားပြီး တယ်လီဖုန်းတွေဝယ်တယ်၊ ရွှေထည်တွေ ဝယ်စုတယ်၊ ရွှေတွေကို ဘတ် ၁၆,၀၀၀ ကနေ ၈၀,၀၀၀ ထိ စုပြီးဝယ်တယ်၊ တတိယအုပ်စုက မြန်မာပြည်ကိုပြန်ဖို့ ကြိုးစားနေသူတွေ ဖြစ်တယ်လို့ စစ်တမ်းကဆိုပါတယ်။

မြန်မာအလုပ်သမားတွေဟာ ရလာတဲ့ဝင်ငွေရဲ့ ၃ ပုံ ၁ ပုံကိုသာ မိမိစားဝတ်နေရေးအတွက်သုံးပြီး ကျန်ငွေကို မြန်မာပြည်က မိသားစုထံ ပြန်ပို့တယ်၊ သူတို့အသုံးစရိတ်ဟာ တနေ့ကို ဘတ် ၂၀၀ ခန့်သာရှိပြီး အဲဒီငွေထဲမှာ ရုပ်ရှင်ကြည့်၊ အွန်လိုင်းအသုံးပြုတာလည်း ပါတယ်၊ သူတို့ဟာ အွန်လိုင်းကနေလည်း ပစ္စည်းဝယ်ပြီး အများဆုံးက Lazda ကနေဝယ်ကာ ဖေ့စ်ဘွတ်ခ်၊ Shopee နဲ့ Titok တွေထဲကနေလည်း ဝယ်ယူတယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံမှာ နေ့တွက်လုပ်အားခ တနေ့ကို ဘတ် ၄၀၀ ထိ တိုးပေးမယ်ဆိုရင် မြန်မာပြည်က လူတွေ ပိုပြီး လာရောက်လုပ်ကိုင်ကြလိမ့်မယ်လို့ မြန်မာလုပ်သားတွေက ပြောပါတယ်။

ဒါကြောင့် မြန်မာရွှေ့ပြောင်းလုပ်သားတွေဟာ ထိုင်းနိုင်ငံရဲ့ စီးပွားရေး တိုးတက်ဖွံ့ဖြိုးဖို့ အတွက် အဖိုးတန်တဲ့ အခန်းကဏ္ဍမှာ ပါဝင်တယ်၊ ထိုင်းအလုပ်သမားတွေ မလုပ်ချင်တဲ့ ဥပမာ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ မြန်မာရွှေ့ပြောင်းလုပ်သားတွေကိုပဲ အားထားရတယ်လို့ ထိုင်းသတင်းမှာ ဖော်ပြထားပါတယ်။

Source - Mono News - ข่าวโมโน

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024