ကချင်ပြည်နယ်၊ ဒေါ့ဖုန်းယန်မြို့နယ်၊ မြစ်ကြီးနား-ဗန်းမော် ကားလမ်းမဘေးက လယ်တောမှာ အောက်တိုဘာ ၂၄ ရက် မနက်ပိုင်းက အသက် ၃၀ အရွယ် အမျိုးသားတစ်ဦး လယ်တောထဲမှာ မြေမြှုပ်မိုင်း နင်းမိတာကြောင့် ခြေထောက်နဲ့ ခန္ဓာကိုယ်တွေမှာ ဒဏ်ရာပြင်းထန်စွာ ရသွားပါတယ်။
မိုင်းနင်းမိတဲ့ အမျိုးသားဟာ ဒေါ့ဖုန်းယန်မြို့က ဖြစ်ပြီး စပါးရိတ်သိမ်းချိန်နီးလာတာကြောင့် စိုက်ပျိုးထားတဲ့ လယ်တောထဲက စပါးပင်တွေ သွားရောက်ကြည့်ရင်း မိုင်းနင်းမိတာလို့ ဒေါ့ဖုန်းယန်မြို့နယ်က ပြည်သူတစ်ဦးက ပြောပါတယ်။
“အခုစပါးရိတ်သိမ်းချိန်လည်း နီးလာပြီဆိုတော့ လယ်သွားကြည့်တာတဲ့၊ လယ်ထဲရောက်လို့ လယ်တဲပေါ့နော်၊ အဲဒီလယ်တဲနားက ချုံနည်းနည်းရှိတဲ့နေရာမှာ နင်းမိတာတဲ့၊ အဲလိုနင်းမိတော့ ရွာကလူတွေသွားခေါ်တော့ တစ်ဖက်ခြေထောက်က မွှနေပြီ၊ အရိုးတွေ ထွက်နေပြီတဲ့ ခြေထောက်ကော၊ ခန္ဓာကိုယ်တွေမှာကော ထိထားတယ်” လို့ပြောပါတယ်။
မြေမြှုပ်မိုင်းနင်းမိတဲ့ အမျိုးသားကို မြို့ခံတွေရဲ့ အကူအညီနဲ့ ဆေးကုသဖို့ ဗန်းမော်မြို့ကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
လွန်ခဲ့အပတ်က ဒေါ့ဖုန်းယန် ခလရ(၁၄၂)ကထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းက မြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်တဲ့ လယ်တဲမှာ နာခိုးပြီး ထမင်းချက်စားတာတွေရှိခဲ့သလို မြေမြှုပ်မိုင်းဟာ စစ်ကောင်စီတပ်တွေ ထောင်ထားတဲ့ မြေမြှုပ်မိုင်းဖြစ်နိုင်တယ်လို့ ဒေါ့ဖုန်းယန်မြို့နယ်က ဒေသခံက ပြောပါတယ်။
“ဟိုအပတ်တုန်းက ခလရ ၁၄၂ ကနေ ထွက်လာတဲ့ စစ်ကြောင်းတွေ လမ်းမကြီးအတိုင်းမသွားဘဲနဲ့ တောလမ်းတွေကနေ မိုင်းပေါက်ကွဲတဲ့ နေရာကနေ ဖြတ်သွားတာတွေရှိတယ်၊ အဲဒီ မိုင်းကွဲတဲ့ နေရာနားက လယ်တဲမှာကော နားပြီးတော့ ထမင်းဟင်းချက်စားတာတွေရှိတယ်၊ သူတို့စားခဲ့တဲ့ ငါးပိတွေတောင်ချန်ထားတာတဲ့၊ နောက်ပြီး ဒဏ်ရာကို ကြည့်မယ်ဆိုရင်လည်း စစ်တပ်(စကစ)က ထောင်တဲ့မိုင်းပဲဖြစ်မှာ ခြေထောက်ပဲ အဓိက ထိတာ၊ KIA မိုင်းဆိုရင် လူတောင်ရှာရခက်မယ်” လို့ ပြောပါတယ်။
ဒေါ့ဖုန်းယန်မြို့ ပတ်ဝန်းကျင်က လယ်ယာတွေမှာ မြေမြှုပ်မိုင်းတွေရှိနေတာ၊ မြေမြှုပ်မိုင်းတွေ ပေါက်ကွဲတာကြောင့် စပါးရိတ်သိမ်းနိင်ဖို့နဲ့ လယ်ယာတွေကို သွားရောက်ဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ ဒေါ့ဖုန်းယန်မြို့နယ်က အမျိုးသမီးတဦးက ပြောပါတယ်။
“စပါးရိတ်တဲ့ အချိန်ရောက်လာမှ အခုလို လယ်ထဲမှာ မိုင်းကွဲတော့ ဘယ်လိုလုပ်ရမလဲတောင်မသိဘူး၊ မိုင်းက ဘယ်နေရာတွေမှာ ထည့်ထားမှန်းမသိ၊ အလုပ်လုပ်စားဖို့ကလည်း အခက်ခဲတွေ အရမ်းဖြစ်တယ်၊ ကိုယ့်လယ်ကို ကိုယ်သွားရင်တောင် ဘယ်ကနေ ဘယ်လို့ပေါက်ကွဲလာမလဲ ဆိုတာ စိုးရိမ်နေရနဲ့၊ လယ်တောသွားဖို့တောင် အဆင်မပြေတော့ဘူး။”
လွန်ခဲ့တဲ့ အပတ်က ဒေါ့ဖုန်းယန်မြို့အထက် ဒိန်ဂါပတ်ဝန်းကျင်မှာ စစ်ကောင်စီနဲ့ ကချင်လွတ်မြောက်ရေးတပ်မတော်တို့ တိုက်ပွဲဖြစ်ပွားတာကြောင့် လယ်ယာတွေကို သွားရောက်ကြည့်ရှုနိုင်ခြင်း မရှိတာကြောင့် လယ်မြေခြံစည်းရိုး ကျိုးပေါက်ပြီး ကျွဲ၊ နွားတွေ ဝင်ရောက်စားသောက်လို့ စပါးပင်တွေ ပျက်စီးဆုံးရှုံးခဲ့ပါတယ်။
အောက်တိုဘာ ၁၅ ရက်ကလည်း ခလရ ၁၄၂ က ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းက ဒေါ့ဖုန်းယန် အထက်နားက ဒိန်းဂါယန် ကျေးရွာကို မီးရှို့ခဲ့တာကြောင့် ကျေးရွာက ပြည်သူတွေရဲ့နေအိမ် ၁၂ လုံး မီးလောင်ပြာကျခဲ့ပါသေးတယ်။