ဘေးလွတ်ရာရှောင်ကြဖို့ အစ္စရေးစစ်တပ်က လေကြောင်းကနေ လက်ကမ်းစာစောင်တွေ ကြဲချသတိပေးထားပေမဲ့ ဂါဇာဒေသခံတွေက လုံးဝထွက်မသွားဘူးလို့ တုံ့ပြန်လိုက်ပါတယ်။
ကြဲချထားတဲ့ စာတွေထဲမှာ “ဂါဇာကမ်းမြောင်ဒေသခံတွေအတွက်၊ ဂါဇာကမ်းမြောင် မြောက်ပိုင်းမှာ ရှိနေတာကိုက အသက်အန္တရာယ်ကို ကျရောက်စေပြီး အကြမ်းဖက်အဖွဲ့အစည်းရဲ့ တစိတ်တပိုင်းအဖြစ် သတ်မှတ်ခံရနိုင်တာကြောင့် တောင်ပိုင်းဒေသကို အမြန်ထွက်ခွာကြဖို့” နှိုးဆော်ထားပါတယ်။
ဂါဇာမြောက်ပိုင်းမှာ လူပေါင်း ၁ သန်းကျော် နေထိုင်ကြပြီး အမြောက်ပစ်ခတ်မှုတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ထောင်သောင်းချီတဲ့ လူတွေဟာ တောင်ပိုင်းရှိ ယာယီခိုလှုံရေးစခန်းတွေဆီကို ထွက်ခွာသွားကြတာဖြစ်ပြီး တောင်ပိုင်းဒေသမှာ လက်နက်ထိမှန်မှုတွေ ရှိနေတာပါ။
အစ္စရေးတွေက လုံခြုံတယ်လို့ အာမခံထားတဲ့ နယ်မြေတွေဆီ သွားရောက်ရာမှ လူတွေ သတ်ဖြတ်ခံခဲ့ရတာတွေ ရှိတာကြောင့် ဒါဟာ လိမ်လည်ပြီးတော့ နိုင်ငံသားတွေကို လှည့်စားမှုတခုဖြစ်ကြောင်း၊ ဒီမြေဟာ ဘိုးဘွားတွေပိုင်ဆိုင်ခဲ့တဲ့ မြေဖြစ်တာကြောင့် ထွက်မသွားနိုင်ဘူးလို့ အိုးမဲ့အိမ်မဲ့ ပါလက်စတိုင်း မိုဟာမက် ဟန်နီယာက ပြောပါတယ်။
မြို့ခံတဦးဖြစ်တဲ့ အဘူ ရာမာဒန် ကတော့ ဘယ်ကိုမှ ပြောင်းရွှေ့ထွက်ခွာတော့မှာ မဟုတ်ဘဲ ကိုယ့်မြို့ ကိုယ့်အရပ်မှာပဲ ဗုံးခွဲခံရလည်း ခံတော့မယ်၊ နေအိမ်တွေဆုံးရှုံး၊ ဘဝတွေ ပျက်စီးသွားခဲ့ပြီးတော့မှ ဘယ်ကိုမှ ထွက်သွားတော့မှာ မဟုတ်ဘူးလို့ ပြောပါတယ်။
“အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု ဘာပဲလုပ်လုပ်၊ ဂါဇာမှာရှိတဲ့ ငါတို့အားလုံးက မင်းကို အရှေ့ကနေ အနောက်အထိ ခုခံတော်လှန်နေတယ်။”
ဂါဇာကမ်းမြောင်ဒေသကို တိုက်ခိုက်မှုအတွင်း ဟားမတ်စ်တိုက်ခိုက်ရေးသမား ဒါဇင်နဲ့ချီ သေဆုံးခဲ့တယ်လို့ အစ္စရေးက အောက်တိုဘာ ၂၄ ရက်မှာ ပြောကြားလိုက်ပြီး ဝိုင်းရံပိတ်ဆို့ထားတဲ့ ပါလက်စတိုင်းနယ်မြေအပေါ် ဗုံးကြဲတိုက်ခိုက်မှုကို ဖြေလျှော့ဖို့ ရည်ရွယ်ချက်မရှိဘူးလို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း အဲဒီ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် လူပေါင်း ၄၃၆ ဦး သေဆုံးခဲ့ကြောင်း ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
Source/Photo-Reuters