Home
မြန်မာသတင်း
မြောက်ပိုင်းတိုင်း တိုင်းမှူးဟောင်း ဗိုလ်ချုပ်ကိုကိုမောင်ကို ထောင်ဒဏ် ၁၀ နှစ်ချ
DVB
·
October 25, 2023

ကချင်ပြည်နယ်၊ မြစ်ကြီးနားအခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) တိုင်းမှူးဟောင်း ဗိုလ်ချုပ်ကိုကိုမောင်ကို စစ်ခုံရုံးက ထောင်ဒဏ် ၁၀ နှစ်ချ မှတ်လိုက်တယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်က သိရပါတယ်။

တပ်တွင်းမိတ်ဆုံစားပွဲမှာ တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင် အပါအဝင် စစ်ဘက်ဆိုင်ရာ အဆင့်မြင့် အရာရှိ ၆ ဦးကို နေပြည်တော်တိုက်ရိုက်အမိန့်နဲ့ ဇူလိုင် ၁၃ ရက်မှာ လာရောက် ဖမ်းဆီးခဲ့တာဖြစ်ပြီး  အောက်တိုဘာလလယ်မှာ စစ်ခုံရုံးက  ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်တာ ဖြစ်ပါတယ်။

မပခတပ်တွင်း နီးစပ်သူ အမျိုးသားတစ်ဦးက "ကျနော်တို့သိရတာကတော့ အောက်တိုဘာ ၂၄ ရက်မှာသိရတာ။  မပခ တိုင်းမှူး ကိုကိုမောင်ကို နေပြည်တော်က တိုက်ရိုက်အမိန့်နဲ့ ဖမ်းပြီး ဒီအောက်တိုဘာလလယ်ပိုင်း (၂၀ ရက် ပတ်ဝန်းကျင်)မှာ  စစ်ခုံရုံးက ထောင်ဒဏ် ၁၀ နှစ်ချလိုက်တယ်လို့ သိရတယ်။ ကျန်တဲ့ အရာရှိ ၆ ဦးကိုတော့ ဘယ်လို ပြစ်ဒဏ်ပေးလဲ တိတိကျကျ မသိရသေးဘူး" လို့  ပြောပါတယ်။

ဗိုလ်ချုပ်ကိုကိုမောင်နဲ့ စစ်ဘက်ရေးရာ အဆင့်မြင့်အရာရှိ ၆ ဦးကို အမိန့်မနာခံမှု တရားမဝင် ကိစ္စတွေမှာ ပါဝင်ပတ်သက်မှုတွေနဲ့ ဖမ်းဆီးခဲ့ကာ ဇူလိုင် ၂၁ ရက် မှာတော့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးအဖြစ် ဗိုလ်ချုပ်စိုးလှိုင်ကို အစားထိုး ခန့်အပ်ခဲ့ပါတယ်။

ဗိုလ်ချုပ်ကိုကိုမောင်ကို ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်တာနဲ့ ပတ်သက်ပြီး စစ်ကောင်စီ လက်အောက်ခံ သတင်းမီဒီယာတွေမှာ ထုတ်ပြန်ကြေညာတာ မတွေ့ရသေးပါဘူး။

ဒါ့အပြင် စစ်ဘက်ရေးရာ အဆင့်မြင့်အရာရှိကြီးတွေဖြစ်တဲ့ ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနဲ့ ဗိုလ်မှူးချုပ် ရန်နောင်စိုးတို့ကိုလည်း  ရာထူးနဲ့ လုပ်ပိုင်ခွင့်တွေကို အကြောင်းပြ ငွေကြေး အလွဲသုံးစားလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထောင်ဒဏ်တသက်တစ်ကျွန်း ချမှတ်ခဲ့ကြောင်း စစ်ကောင်စီက အောက်တိုဘာ ၁၀ ရက်ညက  ထုတ်ပြန်ကြေညာခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024