တောင်တရုတ်ပင်လယ်အတွင်း အငြင်းပွား ဧရိယာထဲမှာ ဖိလစ်ပိုင် အစိုးရရဲ့ ထောက်ပံ့ရေး လုပ်ငန်းဆောင်တာတွေကို တရုတ်က ပိတ်ဆို့ဖို့ ကြိုးစားချက်ဟာ ဆိုးရွားတဲ့ ရလဒ်တွေ ဖြစ်လာနိုင်တယ်လို့ သတိပေးရင်း ရန်စတဲ့ လုပ်ရပ်တွေကို ရပ်တန့်ဖို့ ဖိလစ်ပိုင်အစိုးရက အောက်တိုဘာ ၂၃ ရက်မှာ ထပ်ပြီး သတိပေးလိုက်ပါတယ်။
ဖိလစ်ပိုင်အစိုးရရဲ့ ပြန်ထောက်ပံ့ရေး စစ်ဆင်ရေးကို တရုတ်က အောက်တိုဘာ ၂၂ ရက်က ကြားဝင် နှောင့်ယှက်ခဲ့လို့ ဖိလစ်ပိုင်အစိုးရရဲ့ လှေတွေထဲက တစီး ပျက်စီးခဲ့ပေမဲ့ တယောက်မှတော့ ဒဏ်ရာမရဘူးလို့ ဖိလစ်ပိုင် အမျိုးသားလုံခြုံရေးကောင်စီရဲ့ ပြောခွင့်ရ ဂျိုနသန် မာလာယာက သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။
ဖိလစ်ပိုင်ကမ်းတက်တပ်ဖွဲ့အတွက် အခြေစိုက်စခန်းအဖြစ် သုံးနေတဲ့ Second Thomas ရေတိမ်သောင်ခုံမှာ ကျောက်ချထားတဲ့ စစ်သင်္ဘောဟောင်း BRP ဆီအယ်ရာမာဒရေ အတွက် ရိက္ခာ ပြန်ဖြည့်တင်းနေတဲ့ သင်္ဘော ပျက်စီးခဲ့တာပါ။ ရေတိမ်သောင်ခုံဟာ ဖိလစ်ပိုင်ရဲ့ သီးသန့်စီးပွားရေးဇုန်ထဲမှာ ရှိနေပါတယ်။
တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့က သူ့သင်္ဘော တစင်းနဲ့ ဖိလစ်ပိုင်သင်္ဘော တစင်းကြား နည်းနည်း တိုက်မိခဲ့တယ်လို့ ပြောပါတယ်။
စစ်သင်္ဘောဆီ တရားမဝင် ဆောက်လုပ်ရေးပစ္စည်းတွေ မသယ်ဖို့ ဖိလစ်ပိုင်သင်္ဘောကို တရားဝင် ပိတ်ဆို့ထားတယ်လို့ တရုတ် ကမ်းခြေစောင့်တပ်ဖွဲ့က ပြောခဲ့ပါတယ်။
Source/Photo-Reuters