ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဝက်ဖြူရေရွာအနီး ကလော-မိတ္ထီလာသွား လမ်းမပေါ်မှာ အောက်တိုဘာ ၂၂ ရက် ညပိုင်းက ဘုရားဖူးကားတစီး တိမ်းမှောက်ခဲ့တာကြောင့် လူ ၁၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ အောင်ပန်းမြို့ နာရေးကူညီမှုအသင်းက ပြောပါတယ်။
လူ ၂၇ ဦးပါ ကန်တာအမျိုးအစားယာဉ်ဟာ ကလောမြို့အထွက် တောင်အဆင်းလမ်းမှာ ည ၉ နာရီလောက်က အရှိန်မထိန်းနိုင်ဘဲ တပတ်လည် တိမ်းမှောက်ခဲ့တာ ဖြစ်ပါတယ်။
အောင်ပန်းမြို့ နာရေးကူညီမှုအသင်း တာဝန်ရှိသူက “ကန်တာ ၆ ဘီးကားနဲ့ သူတို့က တောင်ကြီးနဲ့ အင်းလေးကို လာလည်တဲ့ ကားပါ။ မိတ္ထီလာကို ပြန်တဲ့လမ်းမှာ ဖြစ်တာပါ။ မိုးကလည်း ရွာနေတော့ ဘရိတ်အုပ်လိုက်တဲ့အချိန်မှာ တပတ်လည်ပြီး မှောက်ကြတာ။ ကားက လမ်းပေါ်မှာပဲ လဲသွားလို့၊ ဟိုးအောက်ဘက်မှာဆို ချောက်ရှိတယ်။ အားလုံး ၂၇ ယောက်မှာ ၁၃ ယောက်က တော်တော်လေး နာသွားတယ်။ ၁၃ ယောက်ထဲမှာမှ ၃ ယောက်က ဒဏ်ရာပြင်းထန်သွားတယ်” လို့ ပြောပါတယ်။
အဆိုပါကားဟာ မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်ကနေ တောင်ကြီး-အင်းလေး-ကလော ခရီးစဉ်ကို မောင်းနှင်ခဲ့တာဖြစ်ပြီး ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းအမျိုးသား ၁ ဦး၊ ကလေး ၅ ဦးနဲ့ အသက် ၂၅ နှစ်ကျော်အရွယ် အမျိုးသမီး ၇ ဦးတို့ ဒဏ်ရာရရှိခဲ့ပါတယ်။
ထိခိုက်မိသူ ၁၃ ဦးအနက် အမျိုးသမီး ၃ ဦးမှာ ဦးခေါင်း၊ လက် ထိခိုက်မှု ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့ပြီး လိုက်ပါလာသူတွေဟာ ပန်းထိမ်ကုန်းရွာနဲ့ မြာရဝေရွာမှာ နေထိုင်သူတွေလို့ သိရပါတယ်။
ယာဉ်တိမ်းမှောက်တဲ့နေရာကို အောင်ပန်းနာရေးကူညီမှုအသင်းနဲ့ အနီးအနား ရှိသူတွေက ပူးပေါင်းကူညီခဲ့ကြပြီး ဒဏ်ရာရရှိသူတွေကို ကလောပြည်သူ့ဆေးရုံ အရေးပေါ်ဌာနကို ပို့ဆောင်ပေးခဲ့ကြပါတယ်။
ရှမ်းပြည်နယ်မှာပဲ အောက်တိုဘာ ၂၃ ရက်၊ မွန်းလွဲ ၂ နာရီခန့်က ကျောက်မဲမြို့နယ်၊ ဂုတ်တွင်း ကျွန်းတောကွေ့၊ ပြည်ထောင်စုလမ်းမကြီးပေါ်မှာ လူ ၇ ဦးပါ ခရီးသည်တင် အေဒီဗန်ကားတစီး လမ်းချော်ပြီး တိမ်းမှောက်ခဲ့ပါတယ်။