Home
မြန်မာသတင်း
မြန်မာစစ်တပ်ကို လက်နက်ရောင်းချမှု တားမြစ်ရေး ကမ်ပိန်းတွင် ပါဝင်ရန် နှိုးဆော်
DVB
·
October 23, 2023

စင်ကာပူနိုင်ငံအနေနဲ့ မြန်မာအကြမ်းဖက်စစ်တပ်ကို လက်နက်ရောင်းချနေတာတွေ တားမြစ် ပိတ်ပင်အရေးယူပေးဖို့  စစ်အာဏာသိမ်းရက် ၁,၀၀၀ ပြည့်အနေနဲ့ စင်ကာပူအစိုးရဆီ စာပို့တောင်းဆိုတဲ့ ကမ်ပိန်းမှာ အားလုံးပါဝင်နိုင်ကြဖို့ နှိုးဆော်ထားပါတယ်။

ဒါ့အပြင် စင်ကာပူနိုင်ငံရဲ့ ဘဏ္ဍာရေးစနစ်တွေမှာ အကြမ်းဖက်စစ်အုပ်စုကို အသုံးပြုခွင့် ပေးနေတာတွေကို ရပ်တန့်ပေးဖို့လည်း တောင်းဆိုသွားကြမယ်လို့ ဆိုပါတယ်။

ပြည်သူတယောက်ချင်းစီတိုင်း လက်မှတ်ရေးထိုးပြီး ပါဝင်နိုင်တဲ့ ရက်သတ္တပတ် လှုပ်ရှားမှုကို စတင်လိုက်ပြီး စစ်အာဏာသိမ်း ရက် ၁,၀၀၀ ပြည့်တဲ့ လာမယ့် အောက်တိုဘာ ၂၉ ရက်မှာ စင်ကာပူအစိုးရဆီ ပေးပို့တောင်းဆိုသွားမယ်လို့ Democratic Youth Council- ဒီမိုကရက် တစ်လူငယ်ကောင်စီက ပြောထားပါတယ်။

စင်ကာပူနိုင်ငံဟာ  မြန်မာစစ်တပ်အတွက် လက်နက်ရောင်းချနေတဲ့ တတိယအများဆုံးနိုင်ငံ ဖြစ်သလို စစ်အုပ်စုရဲ့ နိုင်ငံခြားဝင်ငွေတွေ လက်ခံသိမ်းဆည်းပေးထားတဲ့ အဓိကနိုင်ငံဖြစ်ပြီး အကြမ်းဖက်စစ်တပ်ဟာ အဆိုပါအရင်းအမြစ်တွေကို အသုံးပြုကာ နေ့စဉ် ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ် စစ်ရာဇဝတ်မှုတွေကို ကျူးလွန်နေတာလို့ဆိုပါတယ်။

တကယ်လို့သာ စင်ကာပူအစိုးရက မြန်မာစစ်တပ်ကို လက်နက်တွေ ရောင်းချတာတွေကို ရပ်တန့်လိုက်မယ်ဆိုရင် သူတို့ရဲ့ စစ်ရာဇဝတ်မှုတွေ ဆက်လက်လုပ်ဆောင်နိုင်စွမ်းကို အကြီးအကျယ် ထိခိုက်သွားမှာဖြစ်တယ်လို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တွမ် အန်ဒရူးက မှတ်ချက်ပြုထားခဲ့ပါတယ်။

ဒါကြောင့်မို့ သွေးစွန်းငွေဖြတ်တောက်ရေး လှုပ်ရှားမှုနဲ့အတူ ပြည်တွင်းနဲ့ နိုင်ငံခြား မိတ်ဘက်အဖွဲ့အစည်းတွေက စင်ကာပူအစိုးရဆီ အိတ်ဖွင့်ပေးစာပေးပို့ပြီး လက်နက်ကုမ္ပဏီတွေကို စစ်ဆေးမှုပြုလုပ်ဖို့၊ လက်နက်တွေ ရောင်းချနေတာကို ပိတ်ဆို့တားဆီးပေးဖို့၊ စင်ကာပူဘဏ္ဍာစနစ်တွေ သုံးစွဲခွင့်ကို ပိတ်ဆို့ပေးဖို့ စတာတို့ကို တောင်းဆိုသွားမယ်လို့ ဆိုပါတယ်။

အိတ်ဖွင့်ပေးစာမှာ ပါဝင်လိုကြတဲ့ ပြည်သူတွေအနေနဲ့ ဖော်ပြပါ လင့်ခ်ကတဆင့် လက်မှတ်ရေးထိုး ပါဝင်နိုင်မှာဖြစ်ပြီး လက်မှတ်ထိုးသူရဲ့ အမည်အရင်းကို ဖော်ပြဖို့မလိုဘဲ ပုဂ္ဂိုလ်ရေးရာ အချက်အလက်တွေကို လုံခြုံစိတ်ချမှုရှိစေဖို့လည်း တာဝန်ယူသွားမယ်လို့ ဆိုပါတယ်။

မြန်မာစစ်တပ်အတွက် စစ်လက်နက်တင်ပို့ရာမှာ နောက်ထပ် စင်ကာပူကုမ္ပဏီ ၉၁ ခု ပါဝင်ပတ်သက်နေတယ်လို့ ပြီးခဲ့တဲ့ ဇူလိုင်လဆန်းတုန်းက စင်ကာပူအခြေစိုက် ချန်နယ်နယူးစ်အေးရှ သတင်းမှာ ဖော်ပြပါတယ်။

အရင်က စစ်အုပ်စုဆီ လက်နက်တင်သွင်းရာမှာ စင်ကာပူကုမ္ပဏီ ၄၇ ခု ပါဝင်ပတ်သက်နေကြောင်း ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ် အန်ဒရူးစ်က ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက်မှာ နောက်ထပ် ကုမ္ပဏီ ၉၀ ကျော်ကို ထပ်မံ ဖော်ထုတ်တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

ဒါနဲ့ပတ်သက်ပြီးတော့ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာခရစ်ရှ်နန်ကို စင်ကာပူ လွှတ်တော်အမတ် ၂ ယောက်က မေးမြန်းခဲ့ရာမှာတော့ စင်ကာပူအနေနဲ့  မြန်မာနိုင်ငံအပေါ် အထွေထွေကုန်သွယ်မှု ပိတ်ပင်ထားတာမျိုး လုပ်ဆောင်ဖို့ မရှိဘူးလို့ ဝန်ကြီးက ဖြေကြားထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံနဲ့ တရားဝင်ကုန်သွယ်မှု ပိတ်ဆို့ရေးက စင်ကာပူအစိုးရရဲ့ မူဝါဒ မဟုတ်ဘူးလို့လည်း  ဒေါက်တာ ဘာလာခရစ်ရှ်နန်က ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်းမှာတော့ စင်ကာပူ-မြန်မာ နှစ်နိုင်ငံအကြား စုစုပေါင်း ကုန်သွယ်မှု ပမာဏဟာ စင်ကာပူဒေါ်လာ ၅ ဒသမ ၈ ဘီလီယံ (အမေရိကန်ဒေါ်လာ ၄ ဒသမ ၂ ဘီလီယံ) ရှိနေခဲ့တာ ဖြစ်ပါတယ်။

လက်မှတ်ရေးထိုး ပါဝင်ရန်လင့်ခ်-

https://docs.google.com/forms/d/e/1FAIpQLSdVjdnrE6CPgmm9gM4e5818RjNKVQjqw-TKUfNflfEIffCbbQ/viewform?fbclid=IwAR0VMyJ1LhOTZU89w1VAIsybT-7gPdzRdAxSEarcox0jiy2qLQrnoUpO_l8

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024