Home
မြန်မာသတင်း
မြောင်မြို့နယ်နှင့် ကလေးမြို့နယ်တွင် မျက်စိနာရောဂါ အဖြစ်များနေ
DVB
·
October 23, 2023

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်နဲ့ ကလေးမြို့နယ်တောင်ပိုင်းမှာ ဒေသခံတွေနဲ့ စစ်ဘေးရှောင်ပြည်သူတွေ မျက်စိနာရောဂါ ကူးစက်ဖြစ်ပွားနေတယ်လို့ မြို့ခံတွေနဲ့ ကျန်းမာရေးကူညီစောင့်ရှောက်ပေးနေသူတွေက ပြောပါတယ်။

မြောင်မြို့နယ်ထဲက ပြည်သူတွေဟာ မျက်ဝတ် မျက်ချေးထွက်တာ၊ မျက်စိနီတာ၊ မျက်ရည်ပူကျတာ စတဲ့ မျက်စိနာလက္ခဏာတွေခံစားနေကြရတာ ဖြစ်ပါတယ်။

မြောင်မြို့နယ် ဒေသခံတစ်ဦးက ''မြို့တွေမှာကော ရွာတွေမှာပါ အကုန်လုံးလိုလို ဖြစ်နေကြတယ်။ ကွမ်းရွက်တို့ကပ်ကြတယ်။ တချို့ကျ သနပ်ခါးအမြစ်ကွင်းတာ၊ တချို့က အပူစုပ်တဲ့ snowtower အေးတာလေး ကပ်ကြတယ်။ ဆေးမြီးတိုနဲ့ကုကြတာပေါ့'' လို့ ပြောပါတယ်။

စစ်ဘေးရှောင် မိသားစုတွေ အများအပြားဟာလည်း လက်ကိုင်ပဝါ၊ မျက်နှာသုတ်သဘက် စတဲ့ တကိုယ်ရေသုံးပစ္စည်းတွေ မျှဝေသုံးစွဲရလို့  ကူးစက်ခံနေရကာ မျက်စိနာဝေဒနာကို တပတ်လောက်ခံစားရပြီး  အများစုကတော့ ဆေးမြီးတိုနဲ့  ကုသနေရပါတယ်။

ဆေးမြီးတိုနဲ့ မပျောက်လို့ ဆေးရုံကိုလာရောက်ပြသတဲ့အခါမှာ ရေအေးဝတ်နဲ့  ၂ နာရီခြား တခါအုပ်တာ၊ မျက်ရည်တုမျက်စဉ်းခတ်ပေးတာနဲ့ မျက်ချေးမျက်ဝတ်တွေကို သန့်ရှင်းရေး လုပ်ဆောင်ပေးတယ်လို့ ကလေးတောင်ပိုင်း PHN -Kalay ရဲ့ တာဝန်ရှိသူ ဒေါက်တာ ဂျိုရွှာက ပြောပါတယ်။

''တပတ်‌ဆယ်ရက်လောက်ထိ မသက်သာတာတွေရှိကြတယ်။ အရမ်းနာပြီး ရောင်နေတာမျိုးပေါ့။ ပိုးသတ်ဆေးပေးမှ သက်သာကြတယ်။ မနေ့ကပဲ ကျနော့် ဆေးအဖွဲ့ လွှတ်ထားရတယ်။ နာတဲ့အိမ်ကို မရှိတော့ဘူး အကြောင်းကြားလာတယ်။”

မျက်စိနာကူးစက်မှုရဲ့ အဓိကလမ်းကြောင်းက လက်ဖြစ်လို့ မျက်စိကို လက်နဲ့ခဏခဏ မကိုင်ဖို့နဲ့ မျက်စိကို မကိုင်ခင်နဲ့ ကိုင်ပြီးတိုင်း လက်ဆေးဖို့၊ မျက်နှာသုတ်ပဝါသီးသန့်ခွဲသုံးဖို့လည်း  ဒေါက်တာဂျိုရွှာက အကြံပြု တိုက်တွန်းပါတယ်။

စစ်ရှောင်တွေထဲမှာ ရေရှင်ရွာက စစ်ရှောင်တွေက မျက်စိနာရောဂါ အဖြစ်များကာ ရောဂါဖြစ်ပွားသူ ၄၀၀ နီးပါး ရှိနေပါတယ်။

စစ်ကောင်စီရဲ့ကျန်းမာရေးဝန်ကြီးဌာနကလည်း မြန်မာနိုင်ငံအတွင်း မျက်မြှေးရောင်ရောဂါ သို့မဟုတ် မျက်စိနာရောဂါ ကူးစက်မှုမြင့်နေတယ်လို့  ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024