ဂါဇာကမ်းမြောင်ဒေသက ကလေးဦးရေ တသန်းလောက်ဟာ အကာအကွယ်နဲ့ လူသားချင်းစာနာမှု အကူအညီတွေ အရေးပေါ် လိုအပ်နေတယ်လို့ ကုလသမဂ္ဂ ကလေးသူငယ် စောင့်ရှောက်ရေးအဖွဲ့ကြီး (ယူနီဆက်ဖ်)ရဲ့ ပါလက်စတိုင်းဆိုင်ရာ အထူးကိုယ်စားလှယ် လူစီယာ အယ်လ်မီက ပြောလိုက်ပါတယ်။
အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခက ဆက်လက်ဖြစ်ပွားနေလို့ ဒေသခံတွေ ဆင်းရဲဒုက္ခနဲ့ စစ်ပွဲထဲမှာ ပိတ်မိနေပြီး နေ့စဉ်လိုအပ်ချက်နဲ့ အထောက်အပံ့အမျိုးမျိုး ရှားပါး ပြတ်လပ်နေပါတယ်။
ရာဖယ်တောင်ကြားစခန်းကနေ ဖြတ်ပြီး ဂါဇာကိုလာတဲ့ အထောက်အပံ့တွေက မလုံလောက်တာမို့ အဝိုင်းခံ ကမ်းမြောင်ဒေသထဲကို လုံလောက်တဲ့ အကူအညီတွေ ထပ်ပြီး ပို့နိုင်ဖို့ ချက်ချင်း အပစ်အခတ်ရပ်စဲဖို့ကိုလည်း သူက တောင်းဆိုလိုက်ပါတယ်။
ကုန်ကားတွေပေါ်မှာ အီဂျစ်နိုင်ငံ လခြမ်းနီအသင်းနဲ့ အရပ်ဘက်ဖွံ့ဖြိုးရေး အမျိုးသား မဟာမိတ်အဖွဲ့က လှူတဲ့ ဆေးဝါးအကူအညီတွေကို တင်ထားတာပါ။
ဂါဇာလူဦးရေရဲ့ ၆၀ ရာခိုင်နှုန်းဖြစ်တဲ့ လူဦးရေ ၁ ဒသမ ၆ သန်းကတော့ အစ္စရေးရဲ့ ဆက်တိုက် တိုက်ခိုက်မှုကြောင့် နေရပ်စွန့်ခွာ ရွှေ့ပြောင်းခဲ့ပြီးပြီလို့ ကုလသမဂ္ဂလူသားချင်းစာနာမှုရေးရာ ညှိုနှိုင်းဆောင်ရွက်ရေးရုံးက စနေနေ့မှာထုတ်ပြန်ပါတယ်။
Source/Photo-Reuters