နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရီမြို့နယ် အောင်ဇေယျရပ်ကွက်နဲ့ သာစည်ကျေးရွာမှာ ဒီနေ့မနက် အသက် ၃၂ အရွယ်အမျိုးသမီးတဦးနဲ့ အသက် ၁၄ နှစ်အရွယ် ကလေးငယ်တဦး ဆွဲကြိုးချ သေဆုံးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဇေယျာသီရီမြို့နယ် အောင်ဇေယျရပ်ကွက်မှာ ဒီနေ့မနက်အစောပိုင်းက အသက် ၃၂ အရွယ် အမျိုးသမီးတဦး မိမိကိုယ်ကိုယ် ဆွဲကြိုးချသေဆုံးသွားတယ်လို့ ရပ်ကွက်နေသူတဦးက ဒီဗွီဘီကို ပြောပါတယ်။
"အမေဖြစ်သူ အိမ်ရှေမှာ ဆွဲကြိုးချသေနေတာ သူ့သမီးက တွေ့တာ။ သူ့အဖေက ကားမောင်းတာ အိမ်မှာမရှိဘူး။ ရဲစခန်းက စစ်ဆေးပြီး ဆေးရုံပို့လိုက်တယ်။"
အလားတူပင် ဇေယျာသီရီမြို့နယ် သာစည်ကျေးရွာမှာလည်း မနေ့နေ့လယ် ၁ နာရီက အသက် ၁၄ အရွယ်ရှိ ကလေးငယ်တဦး ဆွဲကြိုးချသေဆုံးခဲ့တယ်လို့ ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။
"လေးတန်းကျောင်းသားလေး ထုတ်တန်းမှာ ကြိုးဆွဲချသေနေတာ၊ ဘာကြောင့်သေလဲတော့ မသိဘူး။ ဒီလထဲမှာ ကြိုးဆွဲချသေတာ လေးယောက်ရှိပြီ။"
ဇေယျာသီရီမြို့မရဲစခန်းမှ ဆွဲကြိုးချသေဆုံးတဲ့ မကေသီနဲ့ မောင်ဘိုဘိုအောင်တို့ သေဆုံးမှုနဲ့ပတ်သက်ပြီး ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ် စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၇ ရက်က ဇေယျာသီရိမြို့နယ် ရေဆင်းအုပ်စု ရွှေကျကျေးရွာမှာ အသက် ၂၈ နှစ်အရွယ် အမျိုးသားတဦး ဆွဲကြိုးချသေဆုံးခဲ့ပါတယ်။
အလားတူပင် အောက်တိုဘာ ၁၂ ရက်ကလည်း ဇေယျာသီရိမြို့နယ် မအူတောအုပ်စု မအူတောကျေးရွာမှာ အသက် ၄၂ အရွယ်အမျိုးသားတဦး မိမိကိုယ်ကိုယ် ဆွဲကြိုးချသတ်သေခဲ့တဲ့ ဖြစ်စဥ်လည်းရှိပါတယ်။