Home
မြန်မာသတင်း
မန္တလေး-ပြင်ဦးလွင်လမ်း၌ ခရီးသည်တင်ကား ချောက်ထဲကျပြီး ကလေး ၁ ဦးအပါအဝင် ၉ ဦး ဒဏ်ရာရ
DVB
·
October 22, 2023

မန္တလေး-ပြင်ဦးလွင်လမ်းပိုင်းတွင် အောက်တိုဘာ ၂၂ ရက် မနက်ပိုင်းက အန်စာတုံးအမျိုးအစား ခရီးသည်ယာဉ်ကားတစီး ဘရိတ်ပေါက်ပြီး ပေ ၅၀ လောက်နက်တဲ့ ချောက်ထဲကျပြီး ကလေးတဦးအပါအဝင် ၉ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပရဟိတသမားတွေကပြောပါတယ်။

ပခုက္ကူ-မန္တလေး-ပြင်ဦးလွင်ပြေးဆွဲနေတဲ့ ခရီးသည်တင်ကားဟာ ဒီမနက် ၂ နာရီခန့်မှာ ဘရိတ်ပေါက်ပြီး မန္တလေး-ပြင်ဦးလွင်လမ်း ၁၈ မိုင် ၁ ဖာလုံမှာ ချောက်ထဲထိုးကျခဲ့တာပါ။

စေတနာမွန်(အုန်းချော)လူမှုကူညီရေးအသင်းတာဝန်ရှိသူတဦးက "ကားသမားပြောစကားအရဆို ၁၉ မိုင်ကတည်းက ကားဘရိတ်ပေါက်ပြီး ၁၈ မိုင် တဖာလုံမှာ ချောက်ထဲကျသွားတယ်။ အဲဒီနေရာကလည်း ခဏခဏ ဖြစ်နေကျနေရာတွေလေ။ ကျနော်တို့အပါအဝင် မိတ်ဖက်  ၄ဖွဲ့က ချောက်ထဲကနေ ကားကောလူကော ခက်ခက်ခဲခဲဆယ်ယူခဲ့ရပါတယ်။ ထိခိုက်ဒဏ်ရာရရှိတဲ့ အခြေအနေကတော့ အကုန်လုံးပွန်းပဲ့ဒဏ်ရာပဲရရှိခဲ့တယ်ဆိုပေမဲ့ ကလေးက‌ ဒဏ်ရာတော်တော်များတယ်။ မျက်နှာအပါအဝင် တကိုယ်လုံး ဒဏ်ရာတွေအများကြီးနဲ့ အသက်အန္တရာယ် စိုးရိမ်ရပါတယ်" လို့ပြောပါတယ်။

ကားပေါ်ပါလာတဲ့ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၆ ဦးနဲ့ အသက် ၈ နှစ် အရွယ်ကလေးတဦး ဒဏ်ရာရရှိခဲ့ပြီး စေတနာမွန် (အုန်းချော) လူမှုကူညီရေးအသင်းအပါအဝင် မန္တလေး‌တိုင်း လူမှုကူညီရေးအဖွဲ့၊ ချမ်းအေးသာဇံလူမှုကူညီရေးအဖွဲ့နဲ့ ချမ်းမြသာစည်လူမှုကူညီရေးအဖွဲ့‌တို့က ပူပေါင်းကယ်ဆယ်ရေး လုပ်ဆောင်ခဲ့ပါတယ်။

ဒဏ်ရာရရှိတဲ့ ၉ ဦးကို မန္တလေးဆေးရုံကြီးသို့ လူမှုကူ‌ညီရေး ၄ ဖွဲ့မှ လူနာတင်ကား ၄ စီးနဲ့ ပို့ဆောင်ပေးခဲ့ပါတယ်။

Photo.စေတနာမွန်(အုန်းချော)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024