Home
မြန်မာသတင်း
အကျဉ်းထောင်များတွင် ထောင်ဝင်စာ လူတွေ့ခွင့် ပြန်လည်ခွင့်ပြုနိုင်
DVB
·
October 22, 2023

မန္တလေးအိုးဘိုထောင်နဲ့ သာယာဝတီထောင် အပါအ၀င် အကျဉ်းထောင်တချို့မှာ အောက်တိုဘာ ၂၄ ရက်ကစပြီး ထောင်ဝင်စာလူတွေ့ခွင့် ပြန်လည်ခွင့်ပြုတော့မယ်လို့ အကျဉ်းထောင် အသိုက်အဝန်းကနေ သိရပါတယ်။

ဒီဗွီဘီက စုံစမ်းသိရသလောက် သရက်ထောင်၊ မကွေးထောင်၊ မန္တလေးထောင်၊  မြင်းခြံထောင်၊ ပြည်ထောင်နဲ့ သာယာ၀တီထောင်တွေက  အောက်တိုဘာ ၂၄ ရက်၊ ရန်ကုန် အင်းစိန်ထောင်နဲ့  ကျိုက်စကောထောင်တွေကတော့ နိုဝင်ဘာ  ၄ ရက်လောက်မှ ထောင်ဝင်စာတွေ့ခွင့် ရနိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက "သရက်၊ မကွေး၊ မန္တလေး၊ မြင်းခြံ၊ ပြည်နဲ့ သာယာ၀တီထောင်တွေက အောက်တိုဘာလ ၂၄ ရက်နေ့လို့တော့ မိသားစုတွေထံက သိထားတယ်၊ သူတို့လည်း တရားဝင်တော့ ကြေညာလိမ့်ထင်တယ်။ တခြားထောင်တွေကော၊ ပေးရမှာပါ။ ရက်အတိအကျတော့ လိုက်စုံစမ်းနေတုန်းပဲ" လို့ ပြောပါတယ်။

မြန်မာနိုင်ငံတဝန်းမှာ ကိုဗစ်-၁၉ ရောဂါစတင်ဖြစ်ပွားချိန်ကတည်းက ထောင်ဝင်စာတွေ့ခွင့် ၃ နှစ်နီးပါး ပိတ်ထားရကနေ ထောင်ဝင်စာ လူတွေ့ခွင့်တွေကို အခုရက်ပိုင်းမှာ ပြန်လည် ခွင့်ပြုပေးတော့လို့  ပုံမှန်ပါဆယ်သွားပို့နေတဲ့ နိုင်ငံရေးအကျဉ်းသားမိသားစုကလည်း ပြောပါတယ်။

သာယာ၀တီ အကျဉ်းထောင်ကတော့ ထောင်ဝင်စာလာတွေ့မယ့် သူတွေ လိုက်နာဆောင်ရွက်ရမယ့် အချက်တွေကို ပါဆယ်ပို့တဲ့နေရာမှာ  ဗွီနှိုင်းနဲ့ ရိုက်ပြီးကပ်ထားတယ်လို့ သာယာ၀တီထောင်ကို ပါဆယ်ပို့ပြီး ပြန်လာသူ နိုင်ငံရေးအကျဉ်းသား တယောက်ရဲ့ မိခင်က ပြောပါတယ်။

ထောင်ဝင်စာတွေ့လိုသူတွေဟာ မှတ်ပုံတင်၊ အိမ်ထောင်စု ဇယားမူရင်း၊ တပတ်အတွင်း ပြုလုပ်ထားတဲ့ ရပ်ကွက်အတွင်းနေထိုင်ကြောင်းထောက်ခံစာနဲ့ ရဲစခန်းထောက်ခံစာ၊ ကိုဗစ် ဆေး ၂ ကြိမ်ထိုးထားပြီးကြောင်းလက်မှတ်၊ တားမြစ်ထားတဲ့ ပစ္စည်းတွေ ယူမလာရ၊ ထောင်ဝင်စာ အစားအသောက်တွေကို အိပ်အကြည်(သို့မဟုတ်) ကော်ဘူးအကြည်နဲ့ ထည့်လာရမယ်၊ သတ်မှတ်ထားတဲ့ ထောင်ဝင်စာပစ္စည်းအမျိုးအစား အရေအတွက်ထက် ကျော်လွန်ပြီးယူဆောင်မလာရ စတဲ့ အချက်တွေကို လိုက်နာရမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တာဝန်ရှိသူတွေ စစ်ဆေးမေးမြန်းတဲ့အခါ မသင်္ကာဖွယ်ရာပစ္စည်းတွေ ဖွင့်ဖောက် စစ်ဆေးတာကို ကြည်ဖြူစွာလက်ခံရယ်၊ သတ်မှတ်ထားတဲ့ နေရာမှအပ တခြားနေရာတွေကို သွားလာခွင့်မပြု၊ ပါးစပ်နဲ့ နှာခေါင်းစည်း တပ်ထားရမယ်၊ Mask ချွတ်ခိုင်းရင် ကြည်ဖြူစွာ လက်ခံရမယ်၊ ကိုယ်အပူချိန်တိုင်းတာကို လက်ခံရမည်၊ သတ်မှတ်အပူချိန်ထက်ပိုနေ၊ ကိုဗစ်သံသယရှိ၊ ဖျားနာနေပါက တွေ့ခွင့်မပြုစတဲ့ အချက်တွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

အခုလိုထောင်ဝင်စာ လူတွေ့ခွင့်တွေပြန်ပေးတဲ့  ကိစ္စနဲ့ပတ်သက်ပြီး ပြည်အကျဉ်းထောင်က ထောင်ဝန်ထမ်းတယောက်ကို ဒီဗွီဘီက တယ်လီဖုံးနဲ့ ဆက်သွယ်မေးမြန်းခဲ့ကြည့်ရာမှာတော့ သူက တရားဝင် ထုတ်ပြန်ထားတာမရှိသေးဘူးလို့  ဖြေကြားခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024