Home
မြန်မာသတင်း
ချောင်းသာ ဟိုတယ်များ သီတင်းကျွတ်ပိတ်ရက်အတွက် အခန်းများပြည့်
DVB
·
October 22, 2023

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ချောင်းသာကမ်းခြေက ဟိုတယ်တွေမှာ သီတင်းကျွတ် ပိတ်ရက်အတွက် အခန်းအားလုံး ဘွတ်ကင်ပြည့်နေပြီလို့ ခရီးသွား အေဂျင်စီတွေကနေ တဆင့် သိရပါတယ်။

ချောင်းသာကမ်းခြေက ဟိုတယ်တွေအားလုံး အခန်းပြည့်နီးပါး ဧည့်သည်လက်ခံထားပြီလို့ ကမ်းခြေခရီးသွား ဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သူတယောက်က ပြောပါတယ်။

“အောက်တိုဘာလ အစပိုင်းတည်းက ကြိုမှာထားကြတာ။ နာမည်ကြီး ဟိုတယ်တွေ မှာတော့ အခန်းတွေပြည့်နေပြီ။ တခြား တည်းခိုခန်းလေးတွေမှာလည်း အခန်း နည်းနည်းပဲ ကျန်တော့တယ်။”

ခရီးသည်တင်ကားလက်မှတ်နဲ့ အခန်းစျေးနှုန်းတွေ မြင့်တက်သွားပေမဲ့ လာရောက် လည်ပတ်သူတွေကတော့ အရင်နှစ်တွေကထက် လျော့နည်းသွားတာမျိုး မရှိဘူးလို့ သိရပါတယ်။

ချောင်းသာကမ်းခြေမှာ မိုးရာသီအတွင်း ခရီးသွားဝင်ရောက်တာ နည်းပါးခဲ့ပေမဲ့ အောက်တိုဘာလဆန်းပိုင်းက စတင်ကာ ခရီးသွားဝင်ရောက်မှု ပြန်လည်များပြား လာတာဖြစ်ပြီး စနေနဲ့ တနင်္ဂနွေနေ့တွေမှာ ဧည့်သည်လာရောက်မှု အများဆုံးဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပွင့်လင်းရာသီရောက်လာတာ‌‌ကြောင့် နိုင်ငံတဝန်းမှာ ခရီးသွားလာတာများလာလေ့ရှိပြီး တော်လှန်ရေးကာလ ခရီးသွားလာတာဟာ စစ်အာဏာရှင်ကို တော်လှန်နေတဲ့ ပြည်သူ့ကာကွယ်ရေး တပ်တွေအတွက် အနှောင့်အယှက် ဖြစ်စေတယ်လို့ ပြည်သူတချို့က ‌ဝေဖန်တာတွေလည်း ရှိပါတယ်။

ရန်ကုန်ဒေသခံတယောက်က “ဒီလိုအချိန်မျိုးမှာ အပျော်ခရီးသွားတာက ကိုယ့်အသက် အန္တရာယ်အတွက်လည်း အာမခံချက်မရှိသလို တဖက်က စစ်ကောင်စီကို ဖိအားပေး တိုက်ခိုက်မှုတွေလုပ်နေတဲ့ တော်လှန်ရေးအင်အားစုတွေအတွက်လည်း အဟန့်အတား ဖြစ်စေတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် ပွင့်လင်းရာသီမှာ မဖြစ်မနေသွားတာမျိုးကလွဲလို့ ခရီးမသွားဖို့ကိုလည်း ဧရာဝတီ ဒေသကာကွယ်ရေးတပ်ဖွဲ့က ရဲဘော်တယောက်က ပြောပါတယ်။

ချောင်းသာကမ်း‌ခြေအပြင် ‌ မြန်မာနိုင်ငံက တခြားနာမည်ကြီး ကမ်းခြေတွေက ဟိုတယ်တွေမှာလည်း သီတင်းကျွတ် ပိတ်ရက်အတွက် ကြိုတင်မှာယူထားတဲ့သူတွေ များပြားနေတာကြောင့် အခန်းခစျေးနှုန်းတွေကို နှစ်ဆနီးပါးပေးပြီး ဝယ်ယူနေရတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024