Home
မြန်မာသတင်း
ယင်းမာပင်တွင် ရွာ ၁၀ ရွာခန့် ထွက်ပြေးနေရ၊ လွိုင်ကော်ဒေသခံများ ရေဘေးရှောင်
DVB
·
October 21, 2023

ကရင်နီ(ကယား)ပြည်နယ်မှာ ဘီလူးချောင်းရေတက်လာလို့ လွိုင်ကော်ရပ်ကွက်တချို့က ပြည်သူတွေ ရေဘေးရှောင်နေရပြီး စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ စစ်ကောင်စီက စစ်ကြောင်းထိုးနေလို့ ရွာ ၁၀ ရွာလောက်က ဒေသခံတွေထွက်ပြေးနေရပါတယ်။

ယင်းမာပင်မြို့နယ်၊ အနောက်မြောက်ခြမ်းကို အောက်တိုဘာ ၁၈ ရက်‌ မနက်ပိုင်းက စလို့ ပုလဲမြို့နယ်နဲ့ ယင်းမာပင်မြို့ကထွက်လာတဲ့ စစ်ကောင်စီတပ် အင်အား ၃၀၀ ကျော်ဟာ စစ်ကြောင်း ၃ ကြောင်းခွဲပြီး ထိုးစစ်ဆင်နေတာကြောင့် ဒေသခံတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတာပါ။

သဲကုန်းရွာသူတယောက်က “ကျမတို့ သဲကုန်းရွာကတော့ ပုလဲမြို့နယ်ဘက်ကနေ ယင်းမာပင်မြို့နယ်ဘက် ကူးလာပြီဆိုကတည်းက နေရပ်စွန့်ခွာနေကြရတာရှင့်။ အခုလည်း သူတို့က ရင်ပေါင်တိုင်ရွာအနောက်ဘက် ညောင်တန်းရွာနဲ့ ပေါက်ပန်းဖြူ ရွာဘက်ကို စစ်ကြောင်း ၂ ကြောင်းခွဲ ထိုးစစ်ဆင်နေတာရှင့်။ ဒီ‌နေ့မှာလည်း ယင်းမာပင်မြို့ထဲကနေ ထွက်လာတဲ့ စစ်ကြောင်းလည်း ရှိနေတယ်လို့ သိထားရတယ်။ အဲဒီ စစ်ကြောင်းကလည်း အင်အား ၁၀၀ နီးပါးနဲ့ မြေကြက်ဆူရွာအနီး ရောက်နေတယ် လို့  စစ်ဘေးရှောင်အချင်းချင်း ပြောနေကြတယ်။ အခုလို စစ်ကြောင်းထိုးနေတာက စစ်ကောင်စီဘက်က ဘာတွေ သတင်းရထားလို့တော့ မသိရဘူးရှင့်။ ကိုယ့်အသက် မသေအောင်တော့ လွတ်မယ်ထင်တဲ့နေရာ‌ ‌ရှောင်ရတာပေါ့။ စစ်ကောင်စီနဲ့ ထိပ်တိုက် တိုးရင်လည်း သေရမှာပဲ။ သူတို့က အရပ်သား၊ PDF ဘာမှကို မခွဲခြားတော့ဘူး။ တွေ့တာအကုန်သတ်နေတာ” လို့ ပြောပါတယ်။

စစ်ကြောင်းတွေထိုးလာလို့ ရင်ပေါင်တိုင်ရွာ၊ ညောင်တန်းရွာ၊ ပေါက်ပန်းဖြူရွာ၊ သဲကုန်းရွာ၊ ကုန်းရွာ၊ ပုထိုးသာ၊ လာပို့၊ တင်ဆုံ၊ ဆင်တဲရွာ အပါအဝင် ကျေးရွာ ၁၀ ရွာလောက်က ဒေသခံ ထောင်သောင်းချီပြီး ထွက်ပြေးနေကြရတယ်လို့လည်း သိရပါတယ်။

ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့မှာတော့ ဘီလူးချောင်းရေ မြင့်တက်လာ တာကြောင့် ချောင်းဘေးမှာရှိတဲ့ ရပ်ကွက်တချို့က ပြည်သူတွေဟာ အောက်တိုဘာ ၁၈ ရက်နေ့က ရေဘေးရှောင်ရွှေ့ပြောင်းနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံတယောက်က "နမ်းကွတ်ရပ်ကွက်က လူတွေကတော့ အမျိုးရှိတဲ့ နေရာတွေ၊ အိမ်ငှားတာတွေ၊ တချို့လည်း ဘုန်းကြီးကျောင်းမှာ ပြောင်းနေကြတာရှိတယ်။ တချို့တွေဆို မရွှေ့သေးဘူး။ ​နေရတာ အဆင်မပြေတဲ့ အိမ်တွေတော့ ရွှေ့ကြတာပေါ့။ လမ်းပေါ် ရေမကျော်သေးဘူး။ တချို့အိမ်တွေတော့ ရေက ဒူးခေါင်းလောက်ထိရှိမယ်။ တချို့က ခြေမျက်စိလောက်ပေါ့"လို့ သူက ပြောပါတယ်။

လွိုင်ကော်မြို့ရှိ ရပ်ကွက်တချို့မှာ ဘီလူးချောင်းရေမြင့်တက်လာနိုင်တဲ့အတွက် ဒေသခံပြည်သူတွေအနေနဲ့ ကြိုတင်ပြင်ဆင်ကြဖို့ကို အောက်တိုဘာလ ၁၈ ရက်နေ့မှာ စစ်ကောင်စီတပ်က လိုက်လံသတိပေးတာရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဘီလူးချောင်းနံဘေးရပ်ကွက်တွေဖြစ်တဲ့ ဒေါဥခူ၊ စျေးပိုင်း၊ နမ်းကွတ်၊ မိုင်းလုံး၊ မှုံပြာ၊ ရှမ်းပိုင်း၊ ရွှေတောင်ကြားစတဲ့ ရပ်ကွက်က ပြည်သူတချို့က နေရာရွှေ့ပြောင်းနေပြီး ပြည်သူတချို့ကတော့ နေအိမ်တွင်းကပစ္စည်းတွေကို ရွှေ့ပြောင်းထားကြတယ်လို့ သိရပါတယ်။

ရေဘေးကူညီကယ်ဆယ်ရေး အသင်းအဖွဲ့တွေကလည်း သက်ကြီးရွယ်အိုတချို့ကို နေရာရွှေ့ပြောင်းပေးထားပြီး လွိုင်ကော်မြို့နဲ့ မိုးဗြဲမြို့မှာ ရေမြင့်တက်လာလို့ စစ်ဘေးရှောင်ပြည်သူတွေလည်း နေရာရွှေ့ပြောင်းနေရပြီး စပါးစိုက်ခင်းတွေ၊ ပြောင်းခင်းတွေနဲ့ ကြက်ခြံတွေပါ ရေနစ်မြုပ်နေတာတွေရှိလို့ ဆုံးရှုံးမှုတွေ ကြီးမားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024