Home
ဆောင်းပါး
နိုင်ငံတော်စစ်ဓားပြဂိုဏ်းရဲ့ ခိုးဆိုးမိုက်ရိုင်း ဒုစရိုက်သမိုင်းများ
DVB
·
October 21, 2023

သူတို့ကိုယ်သူတို့ နိုင်ငံတော်လို့ ကင်မွန်းတပ်လေ့ရှိတဲ့ စစ်ဓားပြတအုပ်ဟာ ဘယ်တုန်းကမှ တိုင်းပြည်နဲ့ ပြည်သူကို ကြီးပွားချမ်းသာအောင် မလုပ်ခဲ့၊ မလုပ်တတ်ပေမဲ့ လက်တွေ့မှာတော့ သူတို့ရဲ့ ဗီဇသန္ဓေစိတ်ကိုယ်၌က လက်နက်နဲ့ခြိမ်းခြောက် ဓားပြတိုက် ခိုးဆိုးလုနှိုက် ဒုစရိုက်အလုပ်တွေသာ နှစ်ပေါင်း ၆၀ ကျော် ကျူးလွန်ရင်း နိုင်ငံကို ဆင်းရဲတွင်းနက်ထဲ တွန်းချပြီး အစွမ်းကုန် ဒုက္ခပေးခဲ့ကြတာ အားလုံးအသိ ဖြစ်ပါတယ်။

နျူးကလီးယားစွမ်းအင်နဲ့ လျှပ်စစ်ဓာတ်အားထုတ်မယ်၊ မြေအောက်ရထားဖောက်မယ်၊ လျှပ်စစ်ရထားလမ်းဖောက်မယ် စတဲ့ ဆင်ဖမ်းမယ် ကျားဖမ်းပြမယ်လို့ ကြွားလုံးတွေထုတ်ပြီး မစားရဝခမန်း ပြောနေပေမဲ့ လက်တွေ့မှာတော့ တိုင်းကျိုးပြည်ပြု ဘာတခုမှ လူလူသူသူ မလုပ်ဆောင်တတ်ဘဲ ပြည်သူလူထုပိုက်ဆံကို ဓားပြတိုက် လုယက်တာ၊ ပြည်သူ့လယ်ယာ‌မြေ၊ အိုးအိမ်တွေကို ဥပဒေမဲ့ သိမ်းယူ ချိပ်ပိတ် လုယက်ယူတာ၊ နိုင်ငံရပ်ခြားမှာ ကျွန်ခံပြီး ရလာတဲ့ ပြည်သူလူထု ချွေးနည်းစာနဲ့ ရှာဖွေရတဲ့ ဝင်ငွေကို နိုင်ငံတကာစံနှုန်းနဲ့ မကိုက်ညီဘဲ နှစ်ထပ်အခွန်ကောက်ခံ အေးဓားပြတိုက်ဖို့ ကြိုးစားတာ စတဲ့ သူခိုးဓားပြအလုပ်တွေသာ လုပ်တတ်ကြတာ ဖြစ်ပါတယ်။

တကယ် စစ်အခွင့်ထူးခံတအုပ်ဟာ သူခိုးဓားပြ ဗီဇစရိုက်ဆိုး ဉာဉ်ဆိုးကို သူတို့ရဲ့ ကံကူလက်လှည့်ဆရာ တပ်မတော်ရဲ့ပထွေး မူလပထမ စစ်ဓားပြဂိုဏ်းချုပ်ကြီး နေဝင်းဆီက အမွေစားအမွေခံအဖြစ် ဆက်ခံရယူခဲ့ကြတာ ဖြစ်ပါတယ်။ ဗိုလ်နေဝင်းနဲ့ နောက်လိုက် စစ်ဗိုလ်လူမိုက်တအုပ်ဟာ ၁၉၆၂ ခုနှစ်မှာ ပြည်သူ့မဲဆန္ဒနဲ့ ရွေးကောက်တင်မြှောက်ထားတဲ့ ပါလီမန်ဒီမိုကရေစီ အစိုးရထံက နိုင်ငံတော်အာဏာကို လက်နက်အားကိုး ဓားပြတိုက်ယူခဲ့ပါတယ်။

ဓားပြဂိုဏ်းချုပ်ကြီး နေဝင်းနဲ့ စစ်ဓားပြတအုပ်ဟာ ဆိုရှယ်လစ်စနစ် တည်ထောင်မယ်ဆိုတဲ့ မျက်နှာဖုံးစွပ်၊ ပြည်သူပိုင်အမိန့်ကို ထုတ်ပြန်ပြီး နိုင်ငံနဲ့ ပြည်သူကို ဘယ်လို အောက်တန်းကျစွာ ဓားပြတိုက်ခဲ့တယ် ဆိုတာကို သတင်းစာဆရာကြီး ကြေးမုံဦးသောင်း ရေးပြခဲ့တဲ့‌ အောက်ပါအချက်တွေကို ဆီလျော်အောင် ကိုးကား ရေးသားလိုက်ပါတယ်။

၁၉၆၃ ခု၊ ဇန်နဝါရီလမှာ ဘီအိုစီရေနံကုမ္ပဏီနဲ့ အိုင်ဘီပီ ရေနံလုပ်ငန်းကို ပထမ သိမ်းယူခဲ့ပါတယ်။ ဖေဖော်ဝါရီလထဲမှာ ဘဏ်တိုက် ၃၁ တိုက်ကို ထပ်မံသိမ်းယူပြီး လုပ်ငန်းကြီးများကို စတင်သိမ်းပိုက်ခဲ့ကြရာမှာ အင်္ဂလို-ဘားမား သတ္တုတွင်းကုမ္ပဏီနဲ့ ပုလဲလုပ်ငန်းတို့ ပါသွားကြပါတယ်။ စီးကရက်ကုမ္ပဏီတွေ၊ သတ္တုတွင်းလုပ်ငန်းတွေ၊ ဆပ်ပြာချက်လုပ်ငန်း၊ ထီးစက်လုပ်ငန်း စတဲ့ စက်မှုလက်မှုလုပ်ငန်း၊ ပုံနှိပ်စက်တွေ၊ ပုဂ္ဂလိက အရပ်သားပိုင်ကျောင်း ၈၁၄ ကျောင်း၊ သာသနာပြုဆေးရုံ ၉ ရုံ၊ ရုပ်ရှင်ရုံ ၁၈၂ ရုံ စသဖြင့် အားလုံးကို ပြည်သူပိုင်ပြုလုပ်တယ် ဆိုပြီး စစ်အခွင့်ထူးခံတွေဟာ ဓားပြတိုက်ခဲ့ကြတာ ဖြစ်ပါတယ်။

အကြီးဆုံး ပြည်သူပိုင်သိမ်းပွဲ (ဓားပြတိုက်မှု) ကြီးကိုတော့ ရန်ကုန်မြို့နဲ့တကွ တခြားနယ်များမှာပါ ၁၉၆၄ ခု၊ ဧပြီလ ၉ ရက်နေ့မှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ လုယက်ခဲ့ကြပါတယ်။ အသိမ်းခံရမယ့်သူတွေ မသိကြစေဖို့ လျှို့ဝှက်စီစဉ်ခဲ့ကြပါတယ်။ ထောင်သောင်းချီတဲ့ ပါတီမိတ်ဆွေဆိုသူတွေနဲ့ စစ်ဗိုလ်စစ်သားတွေကို သန်းခေါင်ယံအချိန်မှာ အောင်ဆန်းအားကစားကွင်းထဲ စုထားခဲ့ပါသတဲ့။

မိုးမလင်းခင်မှာ လူစုခွဲကြပြီး ရန်ကုန်မြို့ အနှံ့အပြားက ပွဲရုံတွေ လက်လီလက်ကားဆိုင်‌တွေ၊ သမဝါယမဆိုင်တွေ၊ စီးပွားရေးလုပ်ငန်းမှန်သမျှကို ပြည်သူပိုင်သိမ်းတယ်ဆိုပြီး ဓားပြတိုက် လုယက်လိုက်ကြပါတော့တယ်။ အဲဒီနေ့ မနက်က စတင်ပြီး အဲ့ဒီဆိုင်၊ အဲ့ဒီလုပ်ငန်းက မော်တော်ယာဉ်တွေဟာ စစ်ဗိုလ်ကြီး (သို့) တပ်ကြပ်ကြီးပိုင်အဖြစ်ကို ချက်ချင်း ပြောင်းလဲသွားခဲ့ပါတော့တယ်။

လုပ်ငန်းရှင်များ၊ ဆိုင်ရှင်များထံမှ လုယူထားတဲ့ ကားတွေကို ကိုယ်ရေးကိုယ်တာ ကိစ္စတွေအတွက် သုံးကြတာကို မြင်ကြရပါသတဲ့။ ကုန်စည်တွေကိုလည်း ခိုးဝှက်ကြပါတယ်။ အဖိုးတန်တဲ့ ကုန်ဆိုင်တွေကို သိမ်းဖို့ တာဝန်ကျသူ စစ်ဗိုလ်တွေဟာ ချက်ချင်း ချမ်းသာသွားကြပါတော့တယ်။ ကားတွေ ကုန်တွေကိုသာမက ဆိုင်ခန်းတွေကိုပါ စစ်ဗိုလ်တွေက ခိုးယူကြပါတယ်။ ရန်ကုန်မှာရော နယ်တွေမှာပါ လက်လီလက်ကားဆိုင် ၁၂,၇၆၄ ဆိုင် ဓားပြတိုက်ခံရပြီး အသိမ်းခံခဲ့ကြရပါတယ်။

အောက်ထပ် လမ်းဘေးတွေမှာရှိတဲ့ ဆိုင်ခန်းတွေအပြင် အိန္ဒိယကို အပြီးပြန်သွားကြရတဲ့ အိန္ဒိယလူမျိုးတွေရဲ့ အိမ်ခန်းတွေ အပါအဝင် စုစုပေါင်း အိမ်ခန်းတသိန်းခန့်ကို စစ်ဗိုလ်မြူမင်းကြီးက ကွပ်ကဲပြီး စစ်ဗိုလ်တွေ သူတို့ပါတီဝင်တွေ လက်နက်ချ ကွန်မြူနစ်တွေကို ဓားပြ ဝေစုခွဲတဲ့သ‌ဘောနဲ့ နေရာချပေးခဲ့ပါတယ်။ တိုက်ရာပါ ဝေစုရသူ အားလုံးလိုလိုဟာ ပြန်ရောင်းစားကြပါသတဲ့။ အချို့စစ်ဗိုလ်တွေဆို အိမ်ခန်းရော ဆိုင်ခန်းပါ လေးငါးလုံးကို ရယူပြီး တဆင့်ရောင်းစားလို့ ခွေးဘုရားပွဲတွေ့သလို သံသရာကြွေးယူပြီး ယုတ်ညံ့စွာနဲ့ ချမ်းသာကုန်ကြပါတယ်။

ပြည်သူလူထုရဲ့ ချွေးနည်းစာနဲ့ ရှာဖွေစုဆောင်းထားတဲ့ ပိုက်ဆံတွေ လုယူဖို့ စစ်ဓားပြတွေသုံးတဲ့ ဓားပြတိုက်နည်း နောက်တနည်းကတော့ ငွေစက္ကူတွေကို တရားမဝင်တော့ဘူးလို့ ကြေညာသိမ်းယူတဲ့နည်း ဖြစ်ပါတယ်။

ဓားပြချုပ်ကြီး နေဝင်း ၁၉၆၂ ခုနှစ် အာဏာလုယူပြီး သူအုပ်ချုပ်တာ ၂ နှစ်နေတော့ စီးပွားရေးနဲ့ ငွေကြေးဖောင်းပွမှုကို မထိန်းနိုင်တော့တာမို့ ဓားပြတိုက်ခဲ့တာ ဖြစ်ပါတယ်။ ၁၉၆၄ ခုနှစ် မေလ ၁၅ ရက်နေ့မှာ ၅ဝ ကျပ်တန်နဲ့ ၁ဝဝ ကျပ်တန်တွေကို တရားမဝင်ကြောင်း ကြေညာပြီး ပထမဆုံးအကြိမ် ငွေစက္ကူ ဓားပြတိုက်ခဲ့ပါတယ်။ လူတယောက်ကို ကျပ် ၅ဝဝ စီသာ အချိန်ကာလအနည်းငယ်အတွင်း ပြန်လဲပေးခဲ့ပါတယ်။ ၁၉၈၅ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့မှာ ဒုတိယအကြိမ်အဖြစ် ၂ဝ၊ ၅ဝ နဲ့ ၁ဝဝ ကျပ်တန် ငွေစက္ကူတွေကို တရားမဝင် ကြေညာပြီး ငွေစက္ကူ ဓားပြတိုက်ခဲ့ပြန်ပါတယ်။ ၁၉၈၇ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့မှာ ၂၅၊ ၃၅ နဲ့ ၇၅ ကျပ်တန် ငွေစက္ကူတွေကို တရားမဝင်တော့‌ကြောင်း ကြေညာပြီး တတိယအကြိမ် ငွေစက္ကူ ဓားပြတိုက်ခဲ့ကြပါတယ်။

ကတုံးပေါ်ထိပ်ကွက်ဆိုသလို စစ်ဓားပြ နေဝင်းကို ဇာတ်တူသားစားပြီး အာဏာလုယူခဲ့တဲ့ စစ်ဓားပြ သန်းရွှေတို့ နဝတ/နအဖ ဓားပြဂိုဏ်း လက်ထက်မှာလည်း တိုင်းပြည်နဲ့ ပြည်သူလူထု ဘဏ္ဍာတွေ၊ မြေယာတွေ၊ သယံဇာတ တောတောင်တွေကို သရဲမရဲစီး ဓားပြတိုက် လုယက်ခဲ့ကြတာမို့ စစ်အခွင့်ထူးခံတအုပ်နဲ့ နောက်လိုက် အသိုင်းအဝိုင်းတွေ၊ ဓားပြကပ်ပါး ခရိုနီ ဝိသမလောဘသားတွေဟာ ချမ်းသာကြွယ်ဝခဲ့ကြပေမဲ့ အများပြည်သူလူထုဟာ ဆင်းရဲမွဲပြာကျခဲ့ကြရပါတယ်။

အခုနောက်ဆုံး စစ်ဓားပြဂိုဏ်းချုပ်လက်သစ် မင်းအောင်လှိုင် လက်ထက်မှာတော့ လက်ကိုင်ဖုန်း၊ အင်တာနက်တွေ ရှိနေတာမို့ အထောက်အထား ဓာတ်ပုံ ဗွီဒီယိုတွေ အလွယ်တကူ ရယူနိုင်တဲ့ အခြေအနေမှာကို အဆိုးဝါးဆုံးအဆင့် ခိုးဆိုးလုနှိုက် ဓားပြတိုက်ရုံတင်မက ပြည်သူလူထုကို မြေလှန်မီးရှို့ လုယက်သတ်ဖြတ်ခဲ့ပြီး စစ်ရာဇဝတ်မှုတွေ လူမဆန်စွာ ဗြောင်ကျူးလွန်ခဲ့ကြပါတယ်။

မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာလေ့လာရေး အင်စတီကျု (ISP- Myanmar) က ပြီးခဲ့တဲ့ ဇူလိုင် ၂၈ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ သတင်းအရ စစ်ဓားပြဂိုဏ်း အာဏာလူယူခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၃ ခုနှစ် ဇွန်လ ၃၀ ရက်အထိ နိုင်ငံတဝန်းက မြို့နယ်ပေါင်း ၁၀၆ ခုက ကျေးရွာတွေမှာ နေအိမ်နဲ့ အဆောက်အအုံ ၈၁,၈၉၉ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

အဲ့ဒါအပြင် တိုင်းနဲ့ ပြည်နယ် ၇ ခုမှာ ကျူးကျော်အဖြစ် အဓမ္မ ဖယ်ရှားဖျက်ဆီးခံခဲ့ရတဲ့ အဆောက်အအုံ တသောင်းခြောက်ထောင်ကျော် (၁၆,၅၃၆) ထက်မနည်း ရှိတဲ့အထဲ ရန်ကုန်တိုင်းမှာ အိမ်နဲ့ အဆောက်အအုံ ၁၁,၆၇၄၊ ဧရာဝတီတိုင်း မော်လမြိုင်ကျွန်းမြို့မှာ အိမ်အလုံး ၁၀၀၊ မန္တလေးတိုင်းမှာ အိမ် ၄,၁၂၉ လုံး၊ မကွေးတိုင်း မကွေးမြို့မှာ အိမ် ၉၈ လုံး၊ နေပြည်တော် ရန်အောင်မြင်ကြိုးဝိုင်းနားမှာ အိမ်အလုံး ၁၀၀၊ ပဲခူးတိုင်း တောင်ငူမြို့မှာ အိမ်နဲ့ ဆိုင်ခန်း အလုံး ၂၀၀ နဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့ အာဂျိတ်တော်ကုန်းမှာ အိမ် ၇၅ လုံး၊ အမ်းမြို့မှာ အိမ်အလုံး ၁၆၀ စုစုပေါင်း ၁၆၀၀၀ ကျော် ဖြစ်ပါတယ်။

မတရား စစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်ကနေ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့အထိ အကြမ်းဖက် စစ်ဓားပြအုပ်စုနဲ့ နောက်လိုက်လက်ပါးစေတို့ လက်ချက်နဲ့ နွေဦးတော်လှန်ရေး ကာလအတွင်း သေဆုံးခဲ့ရတဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေ ပြည်သူ စုစုပေါင်းမှာ ၄,၁၄၃ ဦး ရှိခဲ့တဲ့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နဲ့ ဆက်စပ်လို့ ဖမ်းဆီးခံခဲ့ရတဲ့သူ စုစုပေါင်း ၂၅,၂၆၄ ဦးရှိပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။

ဒီဆောင်းပါးကို နိဂုံးချုပ်ရရင် ဗီဇစရိုက်ဆိုး အပြည့်နဲ့ နိုင်ငံတော်စစ်ဓားပြဂိုဏ်းဟာ နိုင်ငံနဲ့ ပြည်သူတွေကို ဘာကောင်းကျိုးမှ မပေးခဲ့ရုံတင်သာမက တိုင်းဖြိုပြည်ဖျက် အလုပ်တွေကို နှစ်ပေါင်း ၆၀ ကျော် ခိုးဆိုးလုနှိုက်၊ ဓားပြတိုက် စတဲ့ အကုသိုလ်ပေါင်းစုံကို အတင်း ရဲသထက်ရဲစွာ ကျူးလွန်ခဲ့ကြတဲ့ ဒုစရိုက်သမိုင်းစွပ်ကြောင်းကြီးဟာ သူတို့အားလုံးကို ပြန်လမ်းမရှိတဲ့ အနိဌာဘုံတခုကို တရွတ်တိုက်ဆွဲခေါ်နေပြီ ဖြစ်ပါတယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ ပြည်သူ့အစိုးရလက်ထက်မှာ သူတို့ရဲ့ အတိတ်က အမှားနဲ့ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် ပြန်လည်ပြင်ဆင်ဖို့ အခွင့်အလမ်းတွေ ရရှိခဲ့စဉ်က “ခွေးမြီးကောက် ကျည်တောက်စွပ်” ဆိုတဲ့ မြန်မာစကားပုံလိုပဲ ကျည်တောက်အစွပ်ခံရတဲ့ ၅ နှစ်ကျော်ကျော်ကာလမှာ အောင့်အီးပြီး အမြီးဖြောင့်ခဲ့ရပေမဲ့ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စွပ်နေတဲ့ ကျည်တောက်ကို ကိုယ်ဘာသာ ပြန်ဖြုတ်ခဲ့တာမို့ သူတို့အမြီး ပြန်ကောက်သွားခဲ့တာမို့ ခိုးဆိုးမိုက်ရိုင်း စစ်ဓားပြ ဒုစရိုက်သမိုင်းကို ဆက်ရေးခဲ့ကြတာ မဟုတ်လား။

သိပ်မကြာ‌တော့တဲ့ အနာဂတ်မှာ နိုင်ငံနဲ့ ပြည်သူကို ရာစုနှစ်တဝက်ကျော် ခိုးဆိုးလုနှိုက် ဓားပြတိုက်စားလာခဲ့တဲ့ နိုင်ငံတော် စစ်ဓားပြဂိုဏ်းဟာ သူခိုးဓားပြတိုင်း သွားရမယ့် လမ်းစဉ်အတိုင်း အများပြည်သူအားလုံးရဲ့ ဝိုင်းဝန်းဆန့်ကျင် တိုက်ခိုက်တာခံရပြီး မြန်မာ့နိုင်ငံရေးဇာတ်ခုံ‌ပေါ်က‌နေ အပြီးတိုင် ပျောက်ကွယ်သွားရမှာ မလွဲဧကန် အမှန်မုချ ဖြစ်ပါတယ်။ စစ်သားဆိုတာ နောင်ဆို သမိုင်းပြတိုက်ထဲမှာရောက်ပြီး အပြင်မှာဆို အရုပ်ရေးပြရမယ့် အခြေအနေကို မဖြစ်မ‌နေ ဆိုက်လာမှာဖြစ်ပါကြောင်း။

မင်းကောင်းချစ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024