Home
နိုင်ငံတကာ
ဂါဇာကို ဆေးဘက်ဆိုင်ရာအကူအညီများပေးပို့ရန် အဆင်သင့်ဖြစ်နေဟု WHO ပြော
DVB
·
October 21, 2023

ဂါဇာနဲ့ အီဂျစ်နယ်စပ်မှာ ဆေးဘက်ဆိုင်ရာအထောက်အပံ့တင်ထားတဲ့ ကုန်ကား ၅ စီး အဆင်သင့်ဖြစ်နေပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က အောက်တိုဘာ ၁၉ ရက်မှာ ပြောကြားလိုက်ပြီး ပါလက်စတိုင်းပိုင်နက်အတွင်းကို အကူအညီတွေ ဝင်ရောက်မှုကို ပိတ်ပင်မှာ မဟုတ်ဘူးဆိုတဲ့  အစ္စရေးရဲ့ ကြေညာချက်ကို ကြိုဆိုလိုက်ပါတယ်။ 

ဆေးရုံမီးစက်တွေ၊ လူနာတင်ယာဉ်တွေနဲ့  ရေသန့်စင်စက်ရုံတွေအတွက် လောင်စာဆီတွေလည်း လိုအပ်နေပြီး ဂါဇာကမ်းမြောင်ကို ဝင်ခွင့်ပြုတဲ့ အသက်ကယ်ပစ္စည်းစာရင်းမှာ လောင်စာဆီကိုလည်း ထည့်သွင်းပေးဖို့ အစ္စရေးကို တိုက်တွန်းထားကြောင်း WHO ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ်အဒ်ဟာနွံမ် ဂေဘရယ်ယဲဆုစ်က ပြောပါတယ်။

ကုန်တင်ကားတွေမှာတော့ ပစ္စည်းတွေတင်ဆောင်ထားပြီး သွားဖို့ အသင့်ဖြစ်နေကြောင်းနဲ့ ရာဖှာ ဂိတ်ကို ဖွင့်လိုက်ပြီ ဆိုတာနဲ့ ဂါဇာကမ်းမြောင်ဒေသကို ထောက်ပံ့ရေးပစ္စည်းတွေ ပို့ဆောင်ပေးနိုင်ဖို့ အီဂျစ်နဲ့ ပါလက်စတိုင်း လခြမ်းနီအသင်းတွေနဲ့ လက်တွဲလုပ်ဆောင်နေကြောင်းလည်း သူက ဆိုပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေနဲ့ သူတို့ရဲ့ လုံခြုံရေးအတွက် အန္တရာယ်ရှိပေမယ့်လည်း ဂါဇာရှိ WHO အဖွဲ့ဟာ လူနာပေါင်း ၂၀၀၀ ကို ပြုစုစောင့်ရှောက်ဖို့ အသက်ကယ်ဆေးပစ္စည်းတွေ လုံလုံလောက်လောက်ကို ပေးအပ်ခဲ့ပေမဲ့လည်း အများကြီး ပိုလိုအပ်နေကြောင်းလည်း WHO ညွှန်ကြားရေးမှူးချုပ်က ပြောပါတယ်။

စနေနေ့မှာ WHO ဟာ ကြိုတင်ပြီး တင်ဆောင်ထားတဲ့ ထောက်ပံ့ရေးပစ္စည်းတွေကို ဖြန့်ဖြူးပေးမှာ ဖြစ်ပြီး ဒူဘိုင်းရှိ WHO ရဲ့ ထောက်ပံ့ပို့ဆောင်ရေး ပစ္စည်းတွေထားရှိသိုလှောင်ရာကနေ အီဂျစ်နိုင်ငံကို လေယာဉ်တစီးစာ ထောက်ပံ့ရေးပစ္စည်းတွေ ဖြစ်ကြောင်း သိရပါတယ်။

ထောက်ပံ့ရေးပစ္စည်းတွေ မက်ထရစ်တန် ၄၀ ပါတဲ့ နောက်ထပ် လေယာဉ် ၄ စင်းဟာ လာမယ့်သီတင်းပတ်မှာ ရောက်ရှိလာဦးမယ်လို့လည်း ဆိုပါတယ်။

ကြာသပတေးနေ့က အီဂျစ်ဘက်ခြမ်းရှိ နယ်စပ်ဂိတ်အနီးမှာ ထရပ်ကားအစီးရေ ၁၀၀ ကျော် စောင့်ဆိုင်းနေခဲ့ပြီး သောကြာနေ့ မတိုင်ခင် အကူအညီတွေ ဝင်လာနိုင်မယ်လို့ မမျှော်လင့်ထားကြောင်း အီဂျစ် လုံခြုံရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။ 

Source/Photo-Reuters 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024