ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့မှာ တရားမဝင်နေထိုင်နေတဲ့ မြန်မာနိုင်ငံသား ၃ ဦးကို အောက်တိုဘာ ၁၉ ရက်က ဖမ်းဆီးရမိခဲ့တယ်လို့ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ပါတယ်။
တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးအရာရှိတွေနဲ့ အမှတ် ၉ ခြေမြန်တပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး အောက်တိုဘာ ၁၉ ရက် မနက် ၈ နာရီခွဲက မဲဆောက်မြို့ရှိ တရားမဝင် နိုင်ငံခြားသားတွေရှိရာ နေရာတွေကို စီမံချက်နဲ့ ဝင်ရောက်ရှာဖွေရာ အမှတ် ၂ သာဖွေကျေးရွာမှာ တရားမဝင် နေထိုင်နေတဲ့ မြန်မာအမျိုးသား ၂ ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။
တာ့ခ်ခရိုင်လဝက စစ်ဆေးရေးရဲမှူးကြီး သောင်နွန်နဲ့ စုံစမ်းစစ်ဆေးရေး အရာရှိတွေဟာ မဲဆောက်မြို့ထဲရှိ တရားမဝင် နေထိုင်သူတွေကို လိုက်လံရှာဖွေဖမ်းဆီးရာ မွန်းလွဲ ၃ နာရီခွဲမှာ နေထိုင်ခွင့်သက်တမ်း ၁,၂၉၇ ရက်ကျော်ပြီး နေထိုင်တဲ့ အသက် ၃၇ နှစ်အရွယ် မြန်မာအမျိုးသမီးတဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။
ဖမ်းဆီးရမိခဲ့သူ ၃ ဦးထဲက တရားမဝင်နေထိုင်တဲ့ မြန်မာအမျိုးသား ၂ ဦးကို တာ့ခ်လူဝင်မှုကြီးကြပ်ရေးကို ပို့ဆောင်စစ်ဆေးနေပြီး နေထိုင်ခွင့်သက်တမ်းကျော်တဲ့ မြန်မာအမျိုးသမီးကိုတော့ မဲဆောက်ရဲစခန်းကို ပို့ဆောင်စစ်ဆေးနေပါတယ်။
မဲဆောက်မြို့မှာ ခွင့်ပြုချက်မရှိဘဲ နေထိုင်နေတဲ့ နိုင်ငံခြားသားတွေနဲ့ ခိုးဝင်နေတဲ့ နိုင်ငံခြားသားတွေကို စီမံချက်နဲ့ ဖမ်းဆီးသွားမယ်လို့ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနက စက်တင်ဘာလမှာ ကြေညာခဲ့ပြိီးနောက် တလအတွင်း မြန်မာနိုင်ငံသား အယောက် ၆၀ ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။
Photo-Tak Immigration