စစ်ကောင်စီက လမ်းကြောပိတ်ထားတာကြောင့် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်ပိုင်းကရွာတွေမှာ စက်သုံးဆီတွေ ပြတ်လပ်နေပြီး အခက်တွေ့နေကြရ တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တင်သားရွာ ဒေသခံတယောက်က “ရွာဘက်တွေလမ်းပိတ်တော့ စက်သုံးဆီတွေ ပြတ်သွားတယ်။ စစ်တပ်ဘက်က လမ်းပိတ်တာလို့ ပြောကြတယ်။ ဘာကြောင့် လမ်းပိတ်တာလဲ ဆိုတာတော့ အတိအကျ မသိရဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီက အောက်တိုဘာ ၁၆ ရက်က စလို့ ကလေးမြို့နယ်တောင်ပိုင်းက ကျေးရွာတွေကို လမ်းကြောပိတ်လိုက်တာပါ။
ကလေးတောင်ပိုင်းကရွာတွေကို ပြေးဆွဲပေးနေတဲ့ ကုန်တင်ယာဉ်မောင်းတယောက်က “ဂိတ်တွေ(စစ်တပ်ဂိတ်)က ပြောတာက သူတို့လက်အောက်ခံ ပြည်သူ့စစ်ရွာတွေကို PDF တွေက လမ်းဖွင့်ပေးမှ တခြားရွာတွေလည်း လမ်းဖွင့်ပေးမယ်လို့ပြောတယ်” လို့ ပြောပါတယ်။
လမ်းကြောပိတ်တာကြောင့် ကလေးနယ်တောင်ပိုင်းရွာတွေမှာ ကုန်ဈေးနှုန်းတွေ ကြီးမြင့်လာပြီး စက်သုံးဆီလည်းပြတ်လပ်လာတာကြောင့် ဒေသခံတွေ အခက်အခဲ ဖြစ်နေကြပါတယ်။
ရှားဖိုရွာခံတယောက်က “ရွာမှာလည်းစက်သုံးဆီတော့ ဝယ်လို့ကို မရတော့ဘူး။ တောသွားဖို့ကအစ ဆိုင်ကယ်ဆီက မရှိတော့တာ။ ဖြစ်နိုင်ရင်တော့ လမ်းကြောတွေ ပွင့်စေချင်တယ်” လို့ ပြောပါတယ်။
ကလေးမြို့နယ် တောင်ပိုင်းမှာ ကျေးရွာပေါင်း ၄၀ ကျော်ရှိပြီး စစ်ကောင်စီကို အားပေးထောက်ခံတဲ့ ကျေးရွာတွေဖြစ်တဲ့ ကြံသာကျေးရွာ၊ ဟံသာဝတီရွာ၊ ကျောက်ပြုတ်ရွာ၊ မြောက်ခင်ရန်းရွာ စတဲ့ ပြည်သူ့စစ်ကျေးရွာပေါင်း ၁၄ ရွာကို ဒေသခံ PDF တွေက လမ်းကြောပိတ်ဆို့ထားတာ ၁ နှစ်ဝန်းကျင် ရှိလာပြီ ဖြစ်ပါတယ်။
စစ်ကောင်စီက ဒေသခံ PDF တွေနဲ့အပြိုင် ကျေးရွာတွေကို လမ်းကြောပိတ်ဆို့ထားတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကလေး PDF ဘက်ကို ဒီဗွီဘီက တယ်လီဖုန်းနဲ့ အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။